၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော်၊ ဧပြီ - ၂

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ Mask များ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း များကို ဆရာ၊ ဆရာမများက စနစ်တကျ စစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်တွင်  မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို၍    ဧပြီ ၂ ရက်(ယနေ့) စနေနေ့တွင် သင်္ချာဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့ကို ပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။ ဆက်လက်ပြီး  ဧပြီ ၄ ရက် တနင်္လာနေ့တွင် ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့တွင် ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း ၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၂၃၈ ခု စာစစ်ဌာန စုစုပေါင်း ၁၂၅၈  ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၃၁၂၄၂၄ ရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၂၄၉ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၀၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။