လီဗာပူး၊ ဘောလုံး
စက်တင်ဘာ ၂၈ ရက်ညက အန်ဖီးလ်ကွင်း၌ ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ် အသင်းသည် လာကာဇက်တီ၏ ဦးဆောင်ဂိုးဖြင့် ဦးဆောင်နိုင်ပြီးမှ လီဗာပူးအတွက် မာနေး၊ ရောဘတ်ဆန်နှင့် အသစ်ဝယ်ထားသည့် တိုက်စစ်မှူး ဂျိုတားတို့က ဂိုးများပြန်သွင်းပြီး လီဗာပူးက ၃ ဂိုး-၁ ဂိုးဖြင့်နိုင်သွားရာ ထိုပွဲအပြီး တိုက်ရိုက်အင်တာဗျူးအစီအစဉ်တွင် စကိုင်းစပို့တ်ရုပ်သံမှ ပွဲကို သုံးသပ်တင်ဆက်ခဲ့သော မန်ယူကွင်းလယ် ကစားသမားဟောင်း ရွိုင်းကိန်းနှင့် လီဗာပူးနည်းပြ ကလော့တို့ အချေအတင်ငြင်းခုံ စကားများမှု ဖြစ်ပွားခဲ့သည်။
ထိုပွဲကို တိုက်ရိုက်သုံးသပ် တင်ဆက်ရာတွင် ရွိုင်းကိန်းသည် လီဗာပူးအသင်း ယောင်ချာချာ အနေ အထားမျိုးရှိခဲ့သည်ဟု ပြောဆိုခဲ့မှုအား ကလော့က ကြားသွားခဲ့ပုံရပြီး ပွဲပြီးအင်တာဗျူးတွင် စကိုင်း စပို့တ်မှ အစီအစဉ်တင်ဆက်သူ ဒေးဗစ်ဂျုံးစ်က ကလော့အား ထိုပွဲ၏ကောင်းကွက်ကို မေးမြန်းရာ ကလော့က “အားလုံးကောင်းပါ တယ်။ ကျွန်တော်ကတော့ မစ္စတာကိန်းက ကျွန်တော်တို့အသင်း ကို ဒီညပွဲမှာ ယောင်ချာချာဖြစ်တယ်လို့ ပြောတာကြားမိလိုက်သလားလို့ သူဒီလိုပြောခဲ့သလား”ဟု ပြောသည်။
ထိုပြောဆိုမှုကို အစီအစဉ်တွင် တိုက်ရိုက်ပါဝင်သော ရွိုင်းကိန်းက “ကျွန်တော့်အထင်ပြောတာက သူတို့က အခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ်လောက်မှာ ဒီလိုစိတ်မကောင်းစရာဖြစ်တယ်လို့ ပြောတာပါ” ဟု မဆိုင်းမတွတုံ့ပြန်ခဲ့သည်။ စိတ်ဘဝင်မကျသေးသော ကလော့က “ငါကြားတာ မှန်၊ မမှန်တော့ မသေချာဘူး။ သူတခြားပွဲကို ပြောတာလည်းဖြစ်နိုင်တယ်။ ဒီပွဲမှာတော့ ဒီလိုမဖြစ်ခဲ့ပါဘူး။ ဖြစ်တယ် ဆိုရင်တော့ ပွဲတစ်ပွဲကို မယုံနိုင်စရာခွဲခြားပြောဆိုခြင်း ဖြစ်မယ်။ လုံးဝခြင်းချက်မရှိပြည့်စုံခဲ့တဲ့ပွဲပါ။ ယောင်ချာချာဖြစ်တယ်ဆိုတာ လုံးဝမရှိခဲ့ဘူး” ဟု ဆက်လက်ပြောသည်။
ရွိုင်းကိန်းကလည်း အလျှော့မပေးဘဲ “ခင်ဗျားနားကြားလွဲခဲ့တာဖြစ်မယ်။ ကျွန်တော်ပြောတာက ယောင်ချာချာဖြစ်တဲ့ အခိုက်အတန့်လေးတွေရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့အသင်းကစားတာ ကောင်းခဲ့ တယ်ဆိုတာကို ပြောခဲ့တာပါ။ ခင်ဗျားမှန်မှန်ကန်ကန် မကြားနိုင်ခဲ့တာဖြစ်မယ်”ဟု တုံ့ပြန်ပြီးနောက် ဘေးမှသုံးသပ်တင်ဆက်သူများဘက်လှည့်ပြီး “တော်တော့်ကို အထိမခံတဲ့လူပဲ”ဟု ပြောခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်နေသည့် အင်တာဗျူးပြီးခါနီးတွင် ရွိုင်းကိန်းက “လိဒ်ကို ၄ ဂိုး-၃ ဂိုးနဲ့ နိုင်တဲ့ ပွဲတုန်းက ပြောမိခဲ့တာပါ။ အခုပွဲမှာ တစ်ကြိမ်နှစ်ကြိမ်ယောင်ချာချာဖြစ်ခဲ့တာကို ထည့်ပြောမိပေမယ့် သူတို့က လိဒ်၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးသုံးသင်းစလုံးကိုနိုင်ပြီး ကိုးမှတ်ရထားလို့ အကောင်းဆုံး အသင်း၊ ကစားပုံမကောင်းချိန်မှာတောင် အနိုင်ကစားနိုင်ခြင်းက ကောင်းမွန်တဲ့ အနေအထားလို့ သုံးသပ်ခဲ့တာပါ”ဟု ပြောရာ ကလော့က “ငါကလည်း ကြားမိလိုက်သလားလို့ ဖြစ်သွားတာပါ။ နားလည်မှုလွဲတယ်ဆိုလည်း ပြီးတာပဲ”ဟု ပြောသည်။
Ref:Dailymail