ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုအပြီးတွင် စပိန်အသင်းနှင့် ဂျာမနီအသင်းတို့ တစ်အုပ်စု တည်းကျရောက်

ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဧပြီ ၁ ရက်က ကျင်းပရာ ဥရောပထိပ်တန်း ဂျာမနီအသင်းနှင့် စပိန်အသင်းတို့နှင့်အတူ အာရှအင်အားကြီး ဂျပန်အသင်းတို့ တစ် အုပ်စုတည်းကျရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲသို့  အိမ်ရှင်ကာတာ အသင်းနှင့်အတူ ဥရောပဇုန်မှ ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ စပိန်၊ ဆားဘီးယား၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ပိုလန်နှင့်ပေါ်တူဂီအသင်း၊ ကွန်ကာကပ်ဖ်ဇုန်မှ မက္ကဆီကို၊ အမေရိကန်နှင့်ကနေဒါအသင်း၊ တောင်အမေရိက ဇုန်မှ ဘရာဇီး၊ အာဂျင်တီးနား၊ အီကွေဒေါနှင့် ဥရုဂွေးအသင်း၊ အာဖရိကဇုန်မှ ဆီနီဂေါ၊ ကင်မရွန်း၊ ဂါနာ၊မော်ရိုကိုနှင့် တူနီးရှားအသင်း၊ အာရှဇုန်မှ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်နှင့် ဆော်ဒီအာရေဗျအသင်းတို့က ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

ဥရောပဇုန်မှ ဝေးလ်အသင်းအနေဖြင့် စကော့ တလန်နှင့်ယူကရိန်းအသင်းတို့မှ    အနိုင်ရရှိမည့် အသင်းနှင့် ရှုံးထွက် အဆင့်ပွဲစဉ်ကစားပြီး အနိုင်ရရှိသည့် အသင်းတစ်သင်းက  ဝင်ခွင့်ရရှိမည်ဖြစ်ကာ တောင်အမေရိကဇုန်မှ ပီရူးစ်အသင်း အနေဖြင့်လည်း အာရှဇုန်မှ  သြစတြေးလျနှင့် ယူအေအီးအသင်းမှ အနိုင်ရရှိမည့်အသင်းနှင့် ရှုံးထွက်အဆင့်ပွဲစဉ်ကစားပြီး တစ်သင်းက ဝင်ခွင့်ရရှိမည်ဖြစ်သည်။ အလားတူ ကွန်ကာကပ်ဖ်ဇုန်မှ  ကော်စတာရီကာ အသင်းသည် သမုဒ္ဒရာပိုင်းဇုန်မှ   နယူးဇီလန်အသင်းနှင့် ရှုံးထွက်အဆင့်ပွဲစဉ် ကစားပြီး  တစ်သင်းက ဝင်ခွင့်ရရှိမည် ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုအပြီးတွင် အုပ်စု(A)တွင် အိမ်ရှင်ကာတာနှင့်အတူ အီကွေဒေါအသင်း၊  ဆီနီဂေါနှင့်နယ်သာလန်အသင်း၊  အုပ်စု(B)တွင် အင်္ဂလန်၊ အီရန်၊ အမေရိကန်နှင့်  ဝေးလ်အသင်း သို့မဟုတ်  စကော့တလန်  သို့မဟုတ် ယူကရိန်းအသင်း၊ အုပ်စု(C)တွင် အာဂျင်တီးနား၊ ဆော်ဒီအာရေဗျ၊ မက္ကဆီကိုနှင့် ပိုလန်အသင်း၊ အုပ်စု(D)တွင်   လက်ရှိချန်ပီယံ ပြင်သစ်၊ ပီရူးစ် သို့မဟုတ် ယူအေအီး သို့မဟုတ် သြစတြေးလျအသင်း၊ အုပ်စု(E)တွင် စပိန်၊ ဂျာမနီ၊ ဂျပန်နှင့် ကော်စတာရီကာနှင့် နယူးဇီလန်အသင်းတို့မှ   အနိုင်ရရှိမည့်အသင်းတစ်သင်း၊  အုပ်စု(F)တွင် ဘယ်လ်ဂျီယံ၊ ကနေဒါ၊ မော်ရိုကိုနှင့် ခရိုအေးရှားအသင်း၊ အုပ်စု(G)တွင် ဘရာဇီး၊ ဆားဘီးယား၊ ဆွစ်ဇာလန်နှင့် ကင်မရွန်း အသင်း၊  အုပ်စု(H)တွင် ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေးနှင့် တောင်ကိုရီးယားအသင်းတို့   တစ်အုပ်စုတည်းကျရောက်ခဲ့ကြသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ၊ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၃ ရက်မှ ၆ ရက်အထိ၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ  ၁၃ ရက်နှင့် ၁၄ ရက်၊ တတိယလုပွဲကို ဒီဇင်ဘာ ၁၇ ရက်နှင့်   ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Ref;FIFA.Com