လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို)များ(၁၆၂)

မေး။   ။ ဆရာကြီးခင်ဗျာ ကျွန်တော့်လည်ပင်းညာဘက်ညှပ်ရိုးနားမှာ အကျိတ်သေးသေးလေးနှစ်လုံးရှိပါတယ်။ မန်ကျည်းစေ့လောက်ပါ။ နာကျင်ခြင်းတော့ မရှိပါဘူး။ ဆရာတင်ထားတဲ့ အမေးအဖြေတစ်ခုမှာ အကျိတ်ဆို ကျားမနိုင်မြစ်ကောင်းတယ်ဆိုလို့ မနေ့က ဝယ်လာပါတယ်။ အချို့ကလည်း ကရမက်လိမ်းရင် ကောင်းတယ်ဆိုလို့ ကရမက်လည်း ဝယ်လာပါတယ်။ ဘယ်လိုလိမ်းရမယ်ဆိုတာ   သိလိုပါတယ်ဆရာ။

ကျွန်တော့်ခါးမှာလည်း အဆီကျိတ်တစ်လုံးရှိတာ ၁၅ နှစ်လောက်ရှိပါပြီ။ နာကျင်ကိုက်ခဲခြင်းတော့ မရှိပါ။  ပိုတော့ကြီးလာပါတယ်။  ကျားမနိုင်မြစ်နဲ့ ကရမက်ကို ရောလိမ်းလို့ရပါသလားခင်ဗျာ။ ဖြေကြားပေးစေလိုပါတယ်။

ဖြေ။   ။ အဆီကျိတ်၊ အပူကျိတ်၊ အသားကျိတ်(ကင်ဆာကျိတ်) ဆိုပြီးသုံးမျိုးရှိပါတယ်။ အဆီကျိတ်ကတော့ အန္တရာယ်မရှိပါ။ ကိုက်ခဲခြင်းမရှိပါ။ ဆေးလိမ်းဖို့လည်း မလိုပါ။ လှချင်လို့ ခွဲထုတ်သူတွေတော့ ရှိပါ တယ်။ ခွဲပြီးရင်လည်း အဆီကျိတ်က ပြန်ထွက်လာတာ တွေ့ရဖူးပါတယ်။  သဘာဝက အဆီပိုကို  အပြင် ထုတ်ပေးတာလို့ ယူဆသူတွေလည်း ရှိလို့ အဆီကျိတ်ရှိတာ ကောင်းကျိုးလည်း ရှိတယ်လို့ ယူဆနိုင်ပါတယ်။

အပူကျိတ်ကတော့ ရာသီအလိုက်ဖြစ်တတ်တဲ့ အကျိတ်မျိုးနဲ့ အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အပူအောင်းလို့ အထက်လည်ပင်း၊ ချိုင်းအောက်စတဲ့ နေရာတွေမှာ အပူဖုထွက်တတ်ပါတယ်။ ရိုးရိုး အပူကျိတ်ဆိုရင် ကျားမနိုင်နွယ်မြစ်၊ ကရမက်၊ တောင်တန်ကြီး၊ တောင်တန်ကတိုး စတာတွေ သွေးလိမ်းနိုင်ပါတယ်။ အအေးသတ္တိကြောင့် အပူကျိတ်များကို ကြေစေနိုင်ပါတယ်။ အသားကျိတ်မှာတော့ အဲ့ဒီဆေးမြစ်တွေနဲ့  မပျောက်ကင်းနိုင်ပါဘူး။

ဝံအူမြစ်၊ တောရှောက်မြစ်၊ လင်းလေမြစ်စတာတွေလိမ်းပေးရပါမယ်။ အချို့အသားကျိတ်က ပူနေတာဆိုရင် အကျိတ်ကြေဖို့အတွက် ဆေးအပူ၊ အအေး နှစ်မျိုးလိမ်းရပါတယ်။ နေ့မှာဝံအူ၊ ညမှာ ကျားကူ(ကျားမနိုင်မြစ်) ၂ မျိုးသွေးလိမ်းပေးရမှာပါ။ အသားကျိတ်ကနေ ကင်ဆာကျိတ်အဆင့်ရောက်သွားပြီ ဆိုရင်တော့ တစ်ပင်တိုင်မြနန်းဥတို့ ကမ်းဇော်ဆီတို့ လိမ်းပေးရပါတယ်။ အကျိတ်ကို ဝက်ခြံကလွဲလို့ ပေါက်ကွဲအောင် ဆေးအပူတွေ မလိမ်းသင့်ပါ။ အကျိတ်ရဲ့အောက်က သွေးကြောပေါက်သွားရင် ကုသရခက်တာမို့ အစကတည်းက အနာပေါက်၊ အကျိတ်ကျွမ်းကျင်တဲ့ သမားတော်နဲ့ပြပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။

မေး။   ။ သောက်ရေသန့်ကို အမြဲကျိုချက်ပြီး ရေနွေးကြမ်းလိုသောက်သုံးခြင်းဟာ ကင်ဆာဖြစ်လာနိုင် တယ်လို့ လူမှုကွန်ရက်မှာရေးတင်ထားတာ ဖတ်ရှုရပါတယ်။ ဟုတ်ပါသလားဆရာ။ ကျွန်မတို့က အဲ့ဒီလို အမြဲတမ်း ရေနွေးကျိုသောက်နေတာမို့ပါ။

ဖြေ။   ။ မသေချာပါ။ အချို့က ရေသန့်မှာ ရေကိုသန့်စင်စေတဲ့ ဓာတုပစ္စည်းပါတယ်။ ရေမသိုးတဲ့ ဆေးပါတယ်ဆိုပြီး ဒီဆေးတွေကို ရေနွေးအဖြစ် ကျိုချက်လိုက်တဲ့အခါ ဓာတ်ပြောင်းသွားပြီး ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ရေးသားတာတွေဖတ်ရဖူးပါတယ်။ တကယ်တော့ သုတေသနတွေ့ရှိထုတ်ပြန်ချက် မတွေ့ရဖူးပါ။ အထင်နဲ့ပြောနေခြင်းသာ ဖြစ်ပါလိမ့်မယ်။ ရေကိုကျိုချက်သောက်သုံးခြင်းကတော့ ဥတုဘောဇန ကျမ်းအလိုအရ အကောင်းဆုံးဖြစ်ပါတယ်။ ကျိုချက်ထားသောရေသည် အစာကြေဖို့အတွက် အကောင်းဆုံးဖြစ်သည်။ သို့သော် နေ့တွင် ကျိုချက်သောရေကို နေ့တွင်သာ သောက်သုံးရမည်။ ညတွင် ကျိုချက်သော ရေကို ညတွင်သာ သောက်သုံးရမည်။ ကျိုချက်ပြီးသော ရေနွေးကို ညသိပ်ပြီးမှ နောက်တစ်နေ့တွင် သောက်သုံးခြင်း မသင့်။ ကျိုချက်ပြီးသောရေနွေးကို  အေးသွားသဖြင့် နောက်တစ်ကြိမ် ထပ်မံကျိုချက်သောက်သုံးခြင်းသည် မသင့်ဟုဖတ်ရှုရပါတယ်။ အမှန်ကတော့ ရေမှာဓာတုပစ္စည်းပါရင်တောင် ကျိုချက်လိုက်ရင် ဓာတ်ပြယ်သွားနိုင်ပါတယ်။ကျိုချက်ပြီးရေနွေးကို စစ်ယူသောက်သုံးရင် အကောင်းဆုံး ရေကျက်အေးဖြစ်ပြီး ဝမ်းပျက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မိမိမရောက်ဖူးတဲ့ ဒေသခရီးသွားရင်   မိမိမသောက်ဖူးသောရေကို အစိမ်းအတိုင်းမသောက်ဘဲ ကျိုချက်သောက်သုံးခြင်းသည် အကောင်းဆုံးဟု ရှေးဆရာကြီးများ မိန့်ကြားဖူးပါတယ်။

မေး။   ။ ဆရာကြီးရှင့် ဆီးချိုသမား ခြေဖနောင့်ကို သံစူးတာ ၁၅ ရက်လောက် ရှိသွားပါပြီရှင့်။ ဖြစ်ဖြစ်ချင်း မေးခိုင်ကာကွယ်ဆေးလည်း ထိုးထားပါတယ်။ နှစ်ရက်ခြားတစ်ခါ ဆေးခန်းလည်းသွားပြပါတယ်ရှင့်။ ခုချိန်ထိ ပြည်တည်ပြီးကိုက်နေလို့  ဘာဆေးသောက်ရမလဲ၊ အနာကျက်အောင် ဘယ်လိုလုပ်ရမလဲ ညွှန်ပြပေးပါရှင့်။

ဖြေ။   ။ ဆားခါးထုပ်ဝယ်ပါ။ ပရဆေးဆိုင်များမှာ မြန်မာဆားခါးဝယ်လို့ရသလို အင်္ဂလိပ်ဆေးဆိုင်များမှာလည်း ဆားခါး(ဗဈသည ှေူအ)ဆိုပြီး မေးဝယ်ရင်ရပါတယ်။ ဝမ်းနုတ်ဆေးအဖြစ်အသုံးပြုတဲ့ ဆားခါးပါ။ ဖနောင့်သံစူးအနာကျက်စေဖို့ အထဲက လှိုက်စားနေတဲ့ ပြည်အကုန်ထွက်သွားဖို့လိုပါတယ်။ ပြည်မကုန်ရင် အနာမကျက်ပါ။ ဆားခါးရဲ့သတ္တိက အနာကပြည်ကို စုပ်ယူနိုင်ပါတယ်။ ဆားခါးကို ကွမ်းရွက်ပေါ်မှာ ဟင်း စားဇွန်းတစ်ဇွန်းခန့်ပုံပြီး ဖနောင့်နှင့်ဖိနင်းပေးပါ။ အတွင်းသို့ဝင်အောင် ကြာကြာလေးနင်းပေးပါ။ ဆားခါး ကို  ရေနွေးနဲ့ဖျော်ပြီး  ဖနောင့်ကိုစိမ်ပေးရင်လည်း ပြည်ထွက်ပါတယ်။  နောက်တစ်နည်း-ဆားခါးကို ဂွမ်းပေါ်မှာပုံပြီး ဖနောင့်မှာကပ်ပတ်တီးနဲ့စည်းထားပေးပါ။ ပြည်ကုန်သွားရင် ခေတ္တဖွင့်ထားပေးပြီး အနာကျက်ဆေးရည် ထည့်ပေးပါ။ ညအိပ်ခါနီးရင် နောက်တစ်ကြိမ်ဆားခါးနဲ့ ဖနောင့်ကို စည်းထားပေးပါ။ အနာမန်းမဝင်အောင်  နလင်ကျော်မြစ်ကိုသွေးပြီး ဟင်းစားဇွန်းတစ်ဇွန်း တစ်နေ့ နှစ်ကြိမ်သောက်ပါ။

ဖနောင့်အနာရှိရင်ညှော်ရှောင်ဖို့လိုပါတယ်။ အထူးသဖြင့် သစ်ရွက်ညှော်၊အမှိုက်မီးရှို့တဲ့ညှော်များ မရှူရှိုက်မိဖို့ လိုပါတယ်။ ဆီးချိုရှိသူများမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆီးချိုကျဆေးများလည်း ပုံမှန်သောက်ဖို့လိုပါတယ်။ ဆီးချိုတိုင်းဖို့လိုပါတယ်။ ပိစပ်ရွက်ထောင်းအရည်ညှစ်ပြီး အုံပေးစည်းပေးရင်လည်း ဆီးချိုအနာများ ကျက်စေနိုင်ပါတယ်။

မေး။   ။ ဆရာကြီးခင်ဗျာ   တရိပ်ရိပ်မူးနေလို့ ဆေးခန်းများ၊ အထူးကုဆရာဝန်ကြီးများပြပြီး စစ်ဆေးပါတယ်။ ဖြစ်နေတာ တစ်နှစ်ကျော်ပါပြီ။ မူးတဲ့အခါ ခေါင်းမထူနိုင်ပါ။ ခြေထောက်တွေလည်း မသယ်ချင်လောက်အောင် လေးလံထိုင်းမှိုင်းလာပါတယ်။ နောက်ဆုံးတော့ ဓာတ်မှန်ရိုက်သွေးစစ်ပြီးထွက်လာတဲ့အဖြေက ကုပ်ကျီး ပေါင်းဟုသာ အဖြေထွက်လာပါတယ်။ ကျီးပေါင်းဆိုပြီး သူများညွှန်ပြသမျှ ဆေးခန်းနှင့်တိုင်းရင်းဆေးဆရာများ

ပြသသော်လည်း၊ ငွေအကုန်အကျခံပြီးကုသသော်လည်း မသက်သာပါ။ အမြဲတမ်းမူးဝေနေပြီး နေမကောင်းပါ။

ဖြစ်နေသူက ကျွန်တော့်ရဲ့အစ်မအရင်း အသက် ၄၆ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးဖြစ်ပါတယ်ဆရာ။

ကုသတာလွဲနေလို့လား၊     မည်သည့်နည်းလမ်းဖြင့် ကုသလျှင် သက်သာပျောက်ကင်းနိုင်မှာလဲ ဆရာ့ထံမှ အကြံÓဏ်ကောင်းများရရှိနိုင်မည်ဟုမျှော်လင့်၍ အကူအညီတောင်းခံပါတယ်ဆရာ။     အကယ်၍ သင့်တော်မည့်ဆေးဝါးများရှိပါကလည်း ဝယ်ယူသုံးစွဲရန် လမ်းညွှန်ပေးပါဆရာခင်ဗျာ။

ဖြေ။   ။ ကျီးပေါင်းတက်ရောဂါကတော့ ယခုခေတ်မှာ အဖြစ်အများဆုံးနဲ့ ခေတ်အစားဆုံးရောဂါဖြစ်နေပါတယ်။ ဆယ်ကျော်သက်အရွယ်ကနေ ၅၀ ကျော် ၆၀ လူကြီးတွေအထိ ဖုန်းအကြည့်များရာက ဖြစ်လာတဲ့ ရောဂါလို့ဆိုကြပါတယ်။ အထူးသဖြင့် ဇက်ကျီးပေါင်း(ကုပ်ကျီးပေါင်း)ရောဂါက ပိုအဖြစ်များပါတယ်။ အခြား ခါးကျီးပေါင်း၊ ဒူးကျီးပေါင်း၊ ဖနောင့်ကျီးပေါင်းရောဂါတွေလည်းအဖြစ်များပါတယ်။   ဓာတုပစ္စည်းတွေ အစားအသောက်တွေမှာ ထည့်သွင်းအသုံးပြုတာများလို့ အရိုးပွရောဂါဖြစ်ရာကနေ ကျီးပေါင်းတက်လာတာလို့ သုတေသနပညာရှင်များက အဆိုရှိပါတယ်။ သဘာဝအတိုင်းအစားအသောက်   စားရဖို့ဆိုတာ လည်း ယခုခေတ်မှာမလွယ်ကူပါ။ ကျီးပေါင်းရောဂါဖြစ်လာရင် စားဆေး လိမ်းဆေးနဲ့ချည်း မကုဘဲလေ့ကျင့် ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ အကြောပြင်ဆရာနဲ့လည်းပြသနိုင်ပါတယ်။ အနှိပ်တော့ မခံသင့်ပါ။ အနှိပ်ကြောင့် ကျီးပေါင်းနဲ့ အကြောညပ်သွားသူတွေ တွေ့ရဖူးလို့ပါ။ ဆံပင်ညှပ်ဆိုင်က ဇက်ချိုးပေးလိုက်လို့ ကျီးပေါင်းနဲ့ အကြောညပ်ပြီး မူးဝေနေသူလည်း တွေ့ရဖူးပါတယ်။ အခြားအကြံပြုလိုတာကတော့ ယခုမေးမြန်းသူရဲ့ အစ်မဟာ အသက် ၄၆ နှစ်ရှိပြီဆိုတော့ အမျိုးသမီးများဓမ္မတာအရ  သွေးဆုံးဖို့  နီးလာတဲ့ အသက်အရွယ်ဖြစ်ပါတယ်။ လစဉ် မီးယပ်သွေးဆင်းတဲ့ကိစ္စ မှန်၊ မမှန် စစ်ဆေးဖို့လိုပါတယ်။ တစ်ခါတစ်ရံ သွေးဆုံးကိုင်လို့ မူးတာတွေရှိပါတယ်။ ကျီးပေါင်းမူးနဲ့ခပ်ဆင်ဆင်တူလို့   မှားယွင်းကုသမိတတ်ပါတယ်။ မြန်မာဆေး အနေနဲ့   တိုင်းရင်းဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေးသောက်ရင် အမူးအမော်သက်သာ စေပါတယ်။ အကောင်းဆုံး ကတော့ မြန်မာတိုင်းရင်းဆေး သမားတော်ကြီးများနဲ့တိုင်ပင်ပြီး မီးယပ်သွေးဆုံးဆေး

ကြိုတင်စားထားရင် ပိုကောင်းပါတယ်။ အမျိုးသမီးများ မျိုးရိုးအလိုက် သွေးဆုံးတဲ့နှစ်ရှိတတ်ပါတယ်။ ထိုနှစ်မတိုင်ခင် နှစ်နှစ်လောက်က ကြိုတင်ပြီး မီးယပ်သွေးဆုံးဆေး သွေးဆုံးမှန်စေတဲ့ မီးယပ်ချက်ဆေးများ စားသုံးရင် အကောင်းဆုံးလို့ အကြံပြုလိုပါတယ်။

မေး။   ။ ဆရာကြီးခင်ဗျာ ကျွန်တော်က အသက် ၇၀ ကျော် အငြိမ်းစား ကျောင်းဆရာကြီးပါ။ ယခင်က လမ်းအမြဲလျှောက်သဖြင့် ဝမ်းမှန်နေကောင်း ကျန်းမာပါတယ်။ ခုတော့ ဒူးနာရောဂါဖြစ်လာသဖြင့် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ပါ။ လမ်းမလျှောက်နိုင်တဲ့အခါ  အထိုင်များပြီး  လေချုပ်ဝမ်းချုပ်ရောဂါ

ဖြစ်လာပါတယ်။  ကျွန်တော့်စိတ်ထင်လို့လားမသိ။

လေလည်နေရင် နေထိုင်ကောင်းပါတယ်။ မည်သည့် လေဆေးကောင်းကောင်းစားပေးရမလဲသိလိုပါတယ်။ လေပုပ်ထုတ်ဆေးဆိုတာ ဝယ်စားကြည့်ပါတယ်။ အငန် များပြီး ဆားတွေပါတော့ ကျွန်တော်က သွေးတိုးရောဂါ ရှိတဲ့အရွယ်ဆိုတော့ မသင့်တော်ဘူးလားလို့ပါ။ အထူး သဖြင့် သဘာဝအသီးအရွက်နဲ့ လေလည်စေနိုင်မယ့် လေသက်စေနိုင်မယ့်နည်းလမ်းများ ညွှန်ပြပေးပါဆရာ။

အထူးကျေးဇူးတင်ရှိပါတယ်။

ဖြေ။   ။ လေချုပ်ရောဂါကြောင့် သွေးပါတိုးလာနိုင်ပါတယ်။ အစာလည်းမကြေဖြစ်ပါတယ်။ လူကြီးများ သဘာဝအတိုင်း လေလည်စေနိုင်မယ့် အစားအသောက်များကို ဖော်ပြပေးလိုက်ပါတယ်။

-        ကြက်သွန်ဖြူအစိမ်းကို ထမင်းစားသည့်အခါတိုင်း      အနည်းငယ်တို့ မြှုပ်စားသုံးပေးပါ။

-        ကြက်သွန်ဖြူကို မီးဖုတ်စားလျှင် လေသက်စေနိုင်သည်။

-        ကြောင်ပန်းရွက်ကိုပြုတ်ပြီး သုပ်စားလျှင် လေသက်စေသည်။

-        သင်္ဘောရွက်ကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါက လေသက်စေသည်။

-        တမာရွက်ကို ပြုတ်၍ဖြစ်စေ၊ အချဉ်တည်၍ဖြစ်စေ     စားသုံးပေးပါက လေသက်စေသည်။

- ပေါက်ပန်းဖြူကို ပြုတ်၍ အတို့အမြှုပ်လုပ်စားပါ။

          အသုပ်ပြုလုပ်၍လည်း စားနိုင်ပါသည်။

-        ပဲစင်းငုံကို ဟင်းချိုချက်သောက်ပါက လေချုပ်  သက်သာစေသည်။

-        ပဲကြားကိုလှော်ပြီး ကြက်သွန်နီနှင့် သုပ်စားပါက        လေလည်စေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)