လူသည်တစ်ဦးတစ်ယောက်တည်း သီးခြားရပ်တည်နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် နေထိုင်ကြရသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်နေကြရာတွင်လည်း စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဘဝခရီးလျှောက်လှမ်း လိုကြသည်မှာ လူတိုင်း၏ဆန္ဒဖြစ်သည်။ ထို့ကြောင့် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင်နေရစဉ် စိတ်ချမ်းသာကိုယ်ချမ်းသာနေလိုပါက စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် နေထိုင်နိုင်အောင်အားထုတ်
ဖို့လိုအပ်ပေသည်။
စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် နေထိုင်နိုင်အောင် အားထုတ်နည်းမှာ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းခြင်းဖြစ်သည်။ ငါးပါးသီလသည် ကမ္ဘာလောကကြီး တစ်ခုလုံး ငြိမ်းချမ်းသာယာရေးအတွက် လူလူချင်း ဆက်ဆံရာ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဖြစ်သည်။ လူမှုဆက်ဆံရေး ဆိုရာတွင် ပတ်ဝန်းကျင်တစ်ခုလုံးနှင့် သက်ဆိုင်ပေသည်။ လူအချင်းချင်း ဆက်ဆံရေး ကောင်းမွန်မှသာ လူ့ဘောင်လောကဖြစ်သော ကမ္ဘာကြီးငြိမ်းချမ်းသာယာမည် ဖြစ်သည်။
လူ့ဘဝရခြင်းသည် မနုဿတ္တဘာဝေါ ဒုလ္လဘောဟူသည်နှင့်အညီ ထိုက်ထိုက်တန်တန်ရခြင်း ဖြစ်သည်။
ရခဲသောလူ့ဘဝကို ထိုက်ထိုက်တန်တန်ရခြင်း ဖြစ်သည့်အတွက် ကောင်းမွန်စွာနေထိုင်ကြရပေမည်။ ကောင်းမွန်စွာနေထိုင်နိုင်ကြမှသာ လောလောဆယ်ပစ္စုပ္ပန်၌ ချမ်းသာမည်။ တမလွန်၌ ချမ်းသာမည်ဖြစ်သည်။
ပစ္စုပ္ပန်နှင့်တမလွန်မှာ ချမ်းသာစွာနေထိုင်နိုင်ရေးမှာ ငါးပါးသီလဖြစ်ကြောင်း ထပ်ဆင့်ဆိုချင်ပါသည်။ လူတို့အနေဖြင့် အမြဲစောင့်ထိန်းအပ်သောကြောင့် နိစ္စသီလဟူ၍လည်းခေါ်ပါသည်။ ထိုနိစ္စသီလကို ခါးဝတ်ပုဆိုးကဲ့သို့ သတိတရားဖြင့် မြဲမြံစွာစောင့်ထိန်းအပ်သည်။
ခါးဝတ်ပုဆိုးကျွတ်သွားပါက လောကတွင် ရှက်စရာကောင်းသကဲ့သို့ ငါးပါးသီလမမြဲပါကလည်း လောကတွင် ရှက်ဖွယ်ဖြစ်ပေသည်။ သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောက၏ ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလမမြဲခြင်းကိုမူ လောကတွင်ရှက်ဖွယ်အဖြစ် မှတ်ယူသူနည်းလှသည်။ ငါးပါးသီလ မမြဲခြင်းကို ပညာရှင်များက တိရစ္ဆာန်နှင့်အလားတူသည်ဟုဆိုကြသည်။ တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုးမရှိခြင်းကို ရှက်စရာဟု မသိသကဲ့သို့ လူမိုက်တို့သည်လည်း ငါးပါးသီလမမြဲခြင်းကို ရှက်စရာဟု မထင်ဘဲရှိနေသည်ဟု သံဃာတော်များ ဟောကြားတော်မူသည်။ အမှန်အားဖြင့် ကမ္ဘာကြီး၌ ငြိမ်းချမ်းသာယာမှုမရှိခြင်းမှာလည်း လူမိုက်တွေပေါများနေသောကြောင့်ဟု ဆိုပါက မှားမည်မဟုတ်ပေ။ လူလိမ္မာအရေအတွက်ထက် လူမိုက်အရေအတွက်က များပြားလာသောအခါ ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုများ ကွယ်ပျောက်လေသည်။
ထို့ကြောင့် ဤကမ္ဘာကြီးငြိမ်းချမ်းသာယာရေးအတွက် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဟူသော စိတ်ကိုမွေးမြူကြရမည် ဖြစ်သည်။ မိမိအနေဖြင့် ငါးပါးသီလကိုမြဲမြံစွာ စောင့်ထိန်းရပေမည်။ မိမိနည်းတူသူတစ်ပါးကိုလည်း စောင့်ထိန်းဖြစ်အောင် တတ်စွမ်းနိုင်သမျှ ပြောဆိုစည်းရုံးရပေမည်။ သို့မှသာလူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် မည်သူမဆိုစိတ်ချမ်းသာကိုယ်ချမ်းသာ နေနိုင်မည်ဖြစ်သည်။ လူလူချင်းဆက်ဆံရာတွင် တစ်ဦးအပေါ် တစ်ဦးကကြင်နာမည်၊ ချစ်ခင်စာနာကြမည်ဆိုပါလျှင် အချင်းချင်း ဆက်ဆံရေး ပြေပြစ်ချောမွေ့မည်။ တစ်ဦးကိုတစ်ဦးက သတ်ရန်မဆိုထားနှင့် တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးကထိခိုက်အောင်၊ နစ်နာအောင်ပြုမည်မဟုတ်ပေ။ ထို့အတူ သူ့အကျိုးပျက်စီးစေမည့် သူ့ပစ္စည်းကိုယူဖို့မဆိုထားနှင့် ပေးသောပစ္စည်းကိုပင်ယူလိုစိတ်ရှိမည် မဟုတ်ပါ။ အဒိန္နာဒါနာသိက္ခာပုဒ်အရ သူတစ်ပါးပစ္စည်းကို သူမပေးဘဲမယူခြင်း ခိုးယူမှုမပြုခြင်းသည် လူအချင်းချင်း ဆက်ဆံရေးကောင်းမွန်စေသည်။
လူတို့သည်တဏှာလောဘကြောင့် သောကဖြစ်ရ၏။ တဏှာလောဘကြောင့်ဘေးဖြစ်ရ၏။ တဏှာလောဘမရှိသူ၌ သောကသည်မဖြစ်တော့၊ ဘေးဆိုသည်ကား ဆိုဖွယ်ရာရှိတော့မည်မဟုတ်ပါ။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း ဟူသည်မှာ သူတစ်ပါးသားမယားကိုစော်ကားခြင်းသည် တဏှာလောဘ ဖြစ်သည်။ မုသာဝါဒ ဆိုသည်မှာ လိမ်ညာ၍ပြောခြင်း ဖြစ်သည်။ သူတစ်ပါးအကျိုးပျက်စီးအောင် လိမ်လည်လှည့်ဖြားပြောဆိုခြင်းသည် မုသာဝါဒဖြစ်သည်။ မဟုတ်မမှန်သောစကားကို ရယ်ရွှင်ဖွယ်အဖြစ်ပင်မပြောဆိုသင့်ပါ။
သူရာမေရယ အရက်သေစာသောက်စားမူးယစ်ခြင်းဖြင့် မကောင်းမှုမှန်သမျှပြုလုပ်ရန် ဝန်လေးတော့မည်မဟုတ်ပေ။ ယနေ့ခေတ်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် စိတ်ကြွဖောက်ပြန်ကာ လူသတ်မှုကိုပင် လွယ်ကူစွာ ကျူးလွန်လာကြလေသည်။
လူသားအားလုံးသည် ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းနိုင်မည် ဆိုပါက ဤကမ္ဘာကြီးတွင် တရားဥပဒေ ပင်ထုတ်ပြန်ထားရန်မလိုပေ။ ကမ္ဘာ့ဥပဒေဟူသမျှသည် ငါးပါးသီလ၌ တစ်နည်းမဟုတ်တစ်နည်းဖြင့် အကျုံးဝင်နေသည်သာ ဖြစ်သည်။ လူသားမှန်သမျှတို့သည် ကိုယ်စီအသိဖြင့် ငါးပါးသီလ သို့မဟုတ် နိစ္စသီလကို စောင့်ထိန်း လိုက်နာကြမည်ဆိုပါက ဤကမ္ဘာကြီးသည် အလွန်ပင်အေးချမ်းသာယာနေမည်။ ထို့ကြောင့် လူတိုင်းသည် ကောင်းသောအကျင့်၊ ကောင်းသောအကြံကို မြဲမြံစွာကျင့်သုံးကြလျှင် ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးဖြစ်လာမည်မှာ ဧကန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။