ယနေ့ခေတ်တွင် နိုင်ငံတကာရေးရာနဲ့ပတ်သက်လို့ လေ့လာနေတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေများပြား လာသလို စိတ်ဝင်တစားဖတ်မှတ်လေ့လာနေကြတဲ့ ပြည်သူတွေကလည်း ယခင်ဆယ်စုနှစ်တွေက ထက် ပိုမိုများပြားလာကြပါတယ်။ စနစ်တကျနဲ့ တစိုက်မတ်မတ် လေ့လာသုတေသနပြုနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်မှုတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ကိုင်စာအုပ်တွေဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံတကာအရေး စိတ်ဝင်စားသူတွေ များပြားလာတာနဲ့အမျှ ဆန်းစစ်ချက်နှင့် သုတေသနပြုထုတ်ပြန်ချက်တွေကလည်း ခိုင်လုံတဲ့အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ထုတ်ပြန်မှုတွေဖြစ်ဖို့၊ ဘက်မလိုက်ဖို့ပိုပြီး လိုအပ်လာတာ ဖြစ်ပါတယ်။ များပြားလှတဲ့ အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတွေ၊ စစ်တမ်း ကောက်ယူမှုတွေ ကိုလည်း နိုင်ငံတကာ သတင်းဌာနတွေ၊ နိုင်ငံတကာအရေးလေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေက တရားဝင်အကိုးအကားအဖြစ် လက်ကိုင်ပြုလာကြသလို ဖတ်မှတ်လေ့လာနေတဲ့ သာမန်ပြည်သူတွေကလည်း သူတို့လက်လှမ်းမီရာ အနေအထားမှာရှိနေတဲ့ ခိုင်မာတဲ့ သတင်းအရင်းအမြစ် တွေအဖြစ် ယုံကြည်မှတ်ယူလာကြပါတယ်။ သို့သော်လည်း ဒီလိုခိုင်မာတဲ့ သတင်းအရင်းအမြစ် တွေကနေ အဖြစ်မှန်နဲ့ လွဲမှားဖော်ပြမိတာ၊ မတိမကျ ဝေေ၀ဝါးဝါးဖော်ပြလိုက်တာတွေက စာဖတ်သူတွေအပေါ် များစွာအဆိပ်သင့်မှုဖြစ်စေနိုင်တယ်ဆိုတာကို သတိထားမိဖို့လည်း လိုအပ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ဒီရက်ပိုင်းဖတ်ရှုမိတဲ့ အာဆီယံဆိုင်ရာ စစ်တမ်းလေးတစ်ခုနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို အသိမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
စာအုပ်နာမည်ကတော့ ၂၀၂၂ ခုနှစ် အရှေ့တောင်အာရှဒေသဆိုင်ရာစစ်တမ်း (The State of Southeast Asia: 2022) ဖြစ်ပါတယ်။ စစ်တမ်းကို စင်ကာပူနိုင်ငံအခြေစိုက့်ကျသ် Yusof Ishak Institute ရှိ အာဆီယံလေ့လာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအဖွဲ့ကို ၁၉၆၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ISEAS-Yusof Ishak Institute အဖြစ် လူသိများကြပါတယ်။ ဒီအဖွဲ့က အရှေ့တောင်အာရှဒေသရှိ လူမှုနိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေးစတဲ့ကဏ္ဍတွေအပေါ်မှာ ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာနဲ့ စီးပွားရေးနယ်ပယ် တွေအထိ ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြနေတဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကို မဏ္ဍိုင်ကြီး သုံးခုနဲ့ဖွဲ့စည်းထားသလို အဆိုပါသုတေသနပြုအဖွဲ့မှာလည်း ဒေသတွင်းစီးပွားရေးရာကဏ္ဍ၊ လူမှုရေးရာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ မဟာဗျူဟာနှင့်နိုင်ငံရေးဆိုင်ရာလေ့လာမှု ကဏ္ဍတွေဆိုပြီး ကဏ္ဍသုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ အာဆီယံလေ့လာရေးဌာနဆိုပြီး ၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ကာ အရှေ့တောင်အာရှဒေသနိုင်ငံများ အဖွဲ့ရဲ့ သုတေသနဌာနအနေနဲ့ ရပ်တည်ဆောင်ရွက်ခဲ့တာ ဖြစ်တာကြောင့် သုတေသနနဲ့ လေ့လာဆန်းစစ်ချက်တွေ ကနေတစ်ဆင့် အာဆီယံနိုင်ငံတွေအပေါ် တုံ့ပြန်မှုရှိရေးနဲ့ လုပ်ဆောင်ချက်တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက် ချမှတ်ကာ ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကစလို့ နှစ်အလိုက် ဆန်းစစ်ချက်တွေ ထုတ်ပြန်လာခဲ့ရာမှာ ယခုအကြိမ်ဆိုလျှင် (၄)ကြိမ်မြောက် ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးက ပေးအပ်တဲ့ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းလိုက် ဆုတံဆိပ်တွေ အများအပြားလည်း ရရှိထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းင်းကထုတ်ပြန်နေတဲ့ အချက်အလက်တွေကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံရေးရာတွေမှာ ကိုးကားသုံးသပ်မှုတွေ ပြုနေကြတာတွေ့ရသလို လက်ရှိမြန်မာ့အရေးဖြစ်ပေါ်ပြောင်းလဲမှုဆိုင်ရာတွေမှာ သက်ရောက်မှုရှိစေမယ့် ဆန်းစစ်ချက်နဲ့ အချက်အလက်တွေ ပါဝင်တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
စစ်တမ်းပါ ကဏ္ဍအလိုက်ဖော်ပြမှုများ
ယခုစစ်တမ်းကောက်ယူထားတဲ့ကာလကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်ထိ ရက်သတ္တခုနစ်ပတ်ကြာ ကောက်ယူခဲ့တာဖြစ်တယ်။ စစ်တမ်းမှာ မေးခွန်း ၅၀ ပါဝင်ပြီး အရှေ့တောင်အာရှဒေသဆိုင်ရာနဲ့ပတ်သက်လို့ ယခုလိုခွဲခြားဖော်ပြထားပါတယ်-
(က) နိုင်ငံအလိုက်တုံ့ပြန်မှုများ
(Background of respondents)
(ခ) ဒေသတွင်းအမြင်နှင့် တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာ ကိစ္စရပ်များ
(Regional Outlook and Development)
(ဂ) အင်အားကြီးနိုင်ငံများ၏ ဒေသတွင်း သက်ရောက်မှုနှင့် ဦးဆောင်မှုကဏ္ဍ (Major Powers' Regional Influence and Leadership)
(ဃ) အမေရိကန်-တရုတ်အားပြိုင်မှုနှင့် အာဆီယံ ဒေသအပေါ်သက်ရောက်မှု
(US-China Rivalry and Impact on Southeast Asia)
(င) တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့အပေါ် အာဆီယံနိုင်ငံများ၏ယုံကြည်ရမှု
(Perceptions of Trust)
(စ) ပျော့ပျောင်းညင်သာသောအင်အားစုများ
(Soft Power)
အခန်း(၁)ပါ စစ်တမ်းတုံ့ပြန်မှု အပိုင်းမှာတော့ အာဆီယံတစ်ခုလုံး အနေနဲ့ ဖြေကြားသူ ၁၆၇၇ ဦးရှိပြီး ဖိလစ်ပိုင်နိုင်ငံက ၄၀၀ ဦး(၂၃ ဒသမ ၉ ရာခိုင်နှုန်း) ဖြင့် အများဆုံး၊ မြန်မာနိုင်ငံက ၃၅၀ ဦး(၂၀ ဒသမ ၉ ရာခိုင်နှုန်း) ဖြင့် ဒုတိယအများဆုံး၊ စင်ကာပူနိုင်ငံက ၂၂၂ ဦး (၁၃ ဒသမ ၂ ရာခိုင်နှုန်း)ဖြင့် တတိယအများဆုံး ဖြေဆိုခဲ့ကြပြီး ကျန် ခုနစ်နိုင်ငံပေါင်း ၇၀၅(၅၈ ရာခိုင်နှုန်း) ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ထိုခုနစ်နိုင်ငံဟာ တစ်နိုင်ငံချင်းစီကို ၁၀ ရာခိုင်နှုန်းအောက်သာ ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။ လာအိုနိုင်ငံဆိုလျှင် ၄၃ ဦးသာ အနည်းဆုံး အရေအတွက် ဖြေဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံတွင်း ဖြေဆိုသူတွေကတော့ ပညာရှင်ပိုင်းဆိုင်ရာ ၃၃ ဒသမ ၁ ရာခိုင်နှုန်း၊ စီးပွားရေးနယ်ပယ် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ အစိုးရပိုင်း ၄၅ ဒသမ ၁ ရာခိုင်နှုန်း၊ အရပ်သားများ၊ NATO နဲ့ မီဒီယာများ ၁၅ ဒသမ ၁ ရာခိုင်နှုန်း၊ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ၄ ဒသမ သုည ရာခိုင်နှုန်းလို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ အသက်အပိုင်းအခြားအရတော့ ၂၁ နှစ်အောက် ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၁-၃၅ ကြား ၅၈ ဒသမ ၃ ရာခိုင်နှုန်း၊ ၃၆-၄၅ ကြား ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၄၆-၆၀ ကြား ၁၁ ဒသမ ၁ ရာခိုင်နှုန်း၊ ၆၀ အထက် ၁ ဒသမ ၄ ရာခိုင်နှုန်းပါဝင်ဖြေကြားထားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ပြောချင်တဲ့အချက်က တစ်အချက် အာဆီယံ ၁၀ နိုင်ငံမှာ သုံးနိုင်ငံကသာ ၁၀ ရာခိုင်နှုန်းအထက် ပါဝင်ဖြေဆိုထားပြီး နိုင်ငံအလိုက်လူဦးရေနဲ့ မျှတခြင်းမရှိ၊ ကိုယ်စားပြုမှုစံချိန်စံနှုန်းမရှိတာဟာ ယခုစစ်တမ်းရဲ့ အားနည်းချက်တစ်ခုပါပဲ။ ဥပမာ- ရန်ကုန်မြို့က လူတွေကိုပဲ စစ်တမ်းကောက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဆရာဝန်တွေ၊ ဆေးခန်းတွေ လုံလောက်နေပါပြီလို့ မှတ်ချက်ချလို့ မရသလိုပါပဲ။ တစ်နိုင်ငံလုံးရဲ့ဧရိယာပေါင်းမှ ရန်ကုန်မြို့ အကျယ်အဝန်းနဲ့ လူဦးရေအတူတူနီးပါးရှိတဲ့ စင်ကာပူက ၂၂၂ ဦးဖြေဆိုထားတာဟာ သူ့နိုင်ငံလူဦးရေအချိုးအရ စင်ကာပူတစ်နိုင်ငံလုံးကို ကိုယ်စားပြုမှုဖြစ်နိုင်ပေမယ့် သူ့ထက်ဧရိယာလည်း ကျယ်ဝန်းပြီး လူဦးရေလည်းများပြားတဲ့ ကျန်နိုင်ငံတွေမှာတော့ ဝင်ရောက်ဖြေဆိုသူအရေအတွက်ဟာ နိုင်ငံ့လူဦးရေနဲ့ မျှတမှုမရှိကြောင်း ပြောလိုပါတယ်။ ဒီစစ်တမ်းမှာမတွေ့ရတာက နိုင်ငံတစ်နိုင်ငံရဲ့ ရှိရင်းလူဦးရေနဲ့ ပါဝင်ဖြေဆိုတဲ့အရေအတွက်ကို အချိုးဖော်ပြထားခြင်းမရှိတာပဲ။ ဒါကြောင့် ဒီစစ်တမ်းဟာ အာဆီယံတစ်ခုလုံးကို ကိုယ်စားပြုနိုင်သလား၊ လွှမ်းခြုံမှုရှိနိုင်ပါ့မလား မေးခွန်းထုတ်စရာဖြစ်ပါတယ်။
နှစ်အချက် မြန်မာနိုင်ငံက ဝင်ရောက်ဖြေဆိုတဲ့ အစိုးရဝန်ထမ်း ၄၅ ဒသမ ၁ ရာခိုင်နှုန်းဆိုတာ အစိုးရဌာနတွေကို တရားဝင်စစ်တမ်းကောက်ယူခဲ့လားဆိုတာပါပဲ။ လေ့လာရမိသလောက်တော့ အစိုးရဌာနတွေမှာ စစ်တမ်းကောက်ယူသွားခြင်းမရှိဘူးလို့ သိရပါတယ်။
ဒါကြောင့် ၎င်းတို့ဦးတည်လိုတဲ့ လူအစုအဖွဲ့တစ်ခုကိုသော်လည်းကောင်း၊CDM ဝန်ထမ်းတွေကို သော်လည်းကောင်း၊ ဝန်ထမ်း (လုံးဝ) မဟုတ်သူက ဝန်ထမ်း အယောင်ဆောင်ပြီးဝင်ဖြေဆိုတာ မျိုးသော်လည်းကောင်း ပါနိုင်တယ်လို့သုံးသပ်ရပါတယ်။ ဝန်ထမ်းရာခိုင်နှုန်းဖော်ပြချက်ရဲ့ နောက်ကွယ်မှာ ပါဝင်ဖြေဆိုသူတွေ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အတိုင်းအတာရှိနေတာကြောင့် ခိုင်မာမှုအားနည်းပါတယ်။
အခန်း(၂) ဒေသတွင်းအမြင်နဲ့ တိုးတက်ဖြစ်ပေါ်မှုဆိုင်ရာ ကိစ္စရပ်မှာတော့ အာဆီယံဒေသအတွက် ကိုဗစ်-၁၉ ရောဂါရဲ့ခြိမ်းခြောက်မှုက ပထမ၊ အလုပ်လက်မဲ့နဲ့ စီးပွားရေးကျဆင်းမှုက ဒုတိယ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့စိန်ခေါ်မှုက တတိယအနေနဲ့ဖော်ပြထားတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံကတော့ အခြားနိုင်ငံတွေနဲ့မတူဘဲ အဓိကစိန်ခေါ်မှုနေရာမှာ လူ့အခွင့်အရေး ၇၆ ဒသမ ၆ ရာခိုင်နှုန်း (ယခင်နှစ်စစ်တမ်း ၇ ဒသမ ၁ ရာခိုင်နှုန်းထက် ၁၀ ဆကျော်) လို့ဖြေကြားထားပြီး ကိုဗစ်-၁၉ ရောဂါစိန်ခေါ်မှုကို ၅၈ ဒသမ ၃ ရာခိုင်နှုန်း၊ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်တာကို ၅၈ ရာခိုင်နှုန်းအသီးသီးဖြေကြားထားတယ်လို့ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာအချက်အလက်နဲ့ ကိန်းဂဏန်းတွေကို ဖော်ပြရာမှာ မြန်မာနိုင်ငံအပေါ် သိသာစွာ တိုက်ခိုက်မှုပြုထားတာကိုတွေ့ရမှာဖြစ်ပြီးတော့ ၎င်းကိန်းဂဏန်းတွေက လက်တွေ့အခြေအနေတွေနဲ့ များစွာကွာခြားနေတာကိုတွေ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းနဲ့ပတ်သက်လို့ WHO ကနေပြီးတော့ တစ်မ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၂၁ ခုနှစ်အကုန်မှာ ၄၀ ရာခိုင်နှုန်းထိုးနှံပြီးစီးဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အာဆီယံ ၁၀ နိုင်ငံမှာ ကိုးနိုင်ငံကသာ လျာထားချက်ပြည့်မီကြောင်းနဲ့ မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ထိ ဆေးထိုးပြီးသူ ၃၄ ဒသမ ၃၉ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားတာကို တွေ့ရတယ်။ မြန်မာအစိုးရဘက်ရဲ့ တရားဝင်စာရင်းအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်ထိ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးမှု ၄၁ ဒသမ ၇၉ ရာခိုင်နှုန်းနဲ့ နှစ်ကြိမ်ထိုးနှံပြီးစီးမှု ၃၆ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီနေရာမှာပြောလိုတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ပေးနေတဲ့ COVAX အစီအစဉ်အောက်မှ မြန်မာနိုင်ငံအတွက် Quoto ရဖို့ရာ အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ဆိုင်းခံနေရခြင်းကိုလည်း ချန်လှပ်စဉ်းစားလို့မရပါဘူး။ သို့သော်လည်း အစိုးရအနေနဲ့ တစ်နိုင်ငံလုံးကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေးအတွက် ကိုယ့်အားကိုယ်ကိုးကာ အင်တိုက်အားတိုက် လုပ်ဆောင်နေတာကို ဆေးထိုးခဲ့သူပြည်သူတွေက အသိအမှတ်ပြုကြပြီးဖြစ်ပါတယ်။ မတ် ၂၂ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ ပထမအကြိမ်ဆေးထိုးနှံပြီးဦးရေ ၄၂၉၈၈၅၈ ဦး၊ နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၂၁၇၀၁၈၄၂ ဦး၊ ပထမအကြိမ်ထိုးနှံပြီးဦးရေနှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူပေါင်း ၂၆၀၀၀၇၀၀ ဦးဖြစ်ပြီး ဆေးထိုးနှံမှုအကြိမ်ရေ (Vaccine Doses) မှာ ၄၇၇၀၂၅၄၂ ကြိမ် ဖြစ်ပါတယ်။
ယခုဆိုလျှင် တရုတ်-မြန်မာ ပူးတွဲဆေးထုတ်လုပ်မှု အစီအစဉ်ကနေ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) မှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ မတ် ၂၃ ရက်မှာ တရားဝင်စတင်ခဲ့တာဖြစ်ပြီး လာမည့်ဧပြီလမှာ စတင်ဖြန့်ဝေမယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးထိုးနှံနိုင်ဖို့ရာ လက်တစ်ကမ်းသာလိုပါတော့တယ်။
မြန်မာပြည်သူများ အနာဂတ်ကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်သာစွာသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေအသုံးပြုမှု အခြေအနေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူမှုကုန်ကျစရိတ်မှာ အိန္ဒိယနိုင်ငံထံမှ ကာကွယ်ဆေး ၁၅ ဒသမ ၄ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇၅ သန်း၊ တရုတ်နိုင်ငံထံမှ ကာကွယ်ဆေး ၂၉ သန်း Dose အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၉၃ ဒသမ ၉ သန်း၊ ရုရှားနိုင်ငံထံမှ ကာကွယ်ဆေး သုည ဒသမ ၆ သန်း Dose အတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၇ ဒသမ ၇၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း တန်ဖိုးဝယ်ယူခဲ့ပါတယ်။ လှူဒါန်းမှုအနေနဲ့ တရုတ်ထံမှ Dose ၉ ဒသမ ၂ သန်း (အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၅ သန်း)၊ အိန္ဒိယထံမှ Dose ၅ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း)၊ ရုရှားထံမှ Dose သုည ဒသမ ၄ သန်း (အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၆ သန်း)၊ နိပွန်ဖောင်ဒေးရှင်းမှ Dose ၂ သန်း(အမေရိကန်ဒေါ်လာ ၁၇ သန်း) စုစုပေါင်း Dose ၁၇ ဒသမ ၁ သန်း(အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း) လှူဒါန်းလက်ခံရရှိခဲ့ပါသည်။
ထိုင်းနိုင်ငံမှ မြန်မာပြည်သူများထံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Astrazeneca ၁ သန်း Dose အနက် ပထမအသုတ် ၅ သိန်းဟာလည်း မတ် ၁၂ ရက်မှ မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်တယ်။ မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေက အိန္ဒိယနိုင်ငံထုတ် Covishield နဲ့ Covaxin၊ တရုတ်နိုင်ငံထုတ် Sinopharmနဲ့ Sinovax၊ ရုရှားနိုင်ငံထုတ် Sputnik light ဆေးတွေသာဖြစ်တယ်။
အာဆီယံဆွေးနွေးဖက် နိုင်ငံအသီးသီးကနေ အာဆီယံဒေသကို ကာကွယ်ဆေးထောက်ပံ့မှုနဲ့ ပတ်သက်လို့ စာရင်းဇယားမှာ မြန်မာနိုင်ငံသို့ တရုတ်မှ ၄၀ ရာခိုင်နှုန်း၊ အိန္ဒိယမှ ၂၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျပန်မှ ၄ ရာခိုင်နှုန်းဖော်ပြထားပြီး တရားဝင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပေးပို့ခဲ့ခြင်းမရှိသည့် အမေရိကန်ကို ၂၅ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဖော်ပြထားတာတွေ့ရတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ ကာလအတွင်းမှာသာမက စာအုပ်ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဝက်အထိ မြန်မာနိုင်ငံသို့ အမေရိကန်ဆေး မရောက်ရှိခဲ့သေးပါဘူး။ အဲ့ဒီ ၂၅ ဒသမ ၄ ရာခိုင်နှုန်းသော ဖြေဆိုသူတွေက အမေရိကန်ဆေးကိုဘယ်လိုရပြီး ထိုးနိုင်ခဲ့တာလဲ၊ အစိုးရက ထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအပြင် အခြားနေရာတွေမှာ အမေရိကန် ကာကွယ်ဆေးကို အခမဲ့ထိုးနိုင်ကြောင်း မကြားမိသလို ထိုးနှံပေးတာလည်း မရှိဘူးလို့ သိရပါတယ်။
အမေရိကန်ဆေးကို ကြိုက်နှစ်သက်တယ်လို့ ဖော်ပြထားတဲ့ ရာခိုင်နှုန်းပမာဏကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထံ အမေရိကန်တို့ ထောက်ပံ့ခဲ့တဲ့ပမာဏနဲ့ နီးနီးစပ်စပ် တူနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဘက်ကနေတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပေးပို့ခြင်းခေါင်းစဉ်နဲ့ အမြတ်ထုတ်နိုင်ဖွယ်ရှိတာဖြစ်တယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေထဲမှာ အမေရိကန်ဆေးကို ကြိုက်နှစ်သက်တဲ့ စာရင်းမှာလည်း စင်ကာပူက ၉၀ ဒသမ ၁ ရာခိုင်နှုန်း၊ အမေရိကန်ဆေးမရရှိတဲ့ မြန်မာနိုင်ငံက ၆၈ ဒသမ ၆ ရာခိုင်နှုန်း၊ လာအိုကတော့ ၆၅ ဒသမ ၉ ရာခိုင်နှုန်းလို့ဖော်ပြထားတယ်။ လက်ခံရရှိခြင်း မရရှိတဲ့ အမေရိကန်ဆေးကို မြန်မာပြည်သူတွေက လှိုက်လှဲစွာကြိုဆိုတယ်လို့ မှိုင်းလုံးတိုက်ဝါဒဖြန့်ခဲ့ခြင်းပါပဲ။ ဒါဟာ စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့အစည်းရဲ့ သုတေသနအပေါ် ဖောက်ပြန်မှု၊ ငွေကြေးထောက်ပံ့တဲ့အဖွဲ့များအပေါ်ဘက်လိုက်ဖော်ပြမှုလို့ ဆိုချင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စစ်တမ်းတွေ ကောက်ယူတဲ့အခါမှာ နိုင်ငံရေး တည်ငြိမ်နေတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံတွေအတွက် ကိစ္စမရှိပေမယ့် မြန်မာနိုင်ငံလိုမျိုးနိုင်ငံမှာဆိုရင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအကြားမှာ အချင်းချင်း သွေးကွဲမှုတွေ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ဂိုဏ်းဂဏစွဲတွေ ရှိနေတာကြောင့် မေးခွန်းတွေကိုဖြေကြားတဲ့နေရာမှာ တစ်ဖက်အုပ်စုရဲ့ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရင်ပြီးရောဆိုတဲ့ အမြင်နဲ့ ဖြေဆိုတာတွေ ပါဝင်လာနိုင်ပါတယ်။
မဲခေါင်မြစ်ဝှမ်းကိစ္စအပေါ်မှာလည်း တရုတ်မှ အင်ပြည့်အားပြည့်ဖြင့် ထိန်းချုပ်ထားပြီးဖြစ်သောကြောင့် အာဆီယံနိုင်ငံများအနေဖြင့် ဘာမျှလုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာတစ်နိုင်ငံတည်းကသာ ၅၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဖြေဆိုထားတာကို တွေ့ရပြန်ပါတယ်။ ဒါဟာ တရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့ အခြားနိုင်ငံတွေ၊ ဒေသတွင်း တရုတ်နဲ့ အငြင်းပွားမှုကို အရှိန်မြှင့်တင်ပေးနေတာတွေ့ရမှာဖြစ်ပြီး တရုတ်နဲ့ပနံသင့်တဲ့ မြန်မာနိုင်ငံအပေါ်မှာလည်း မရိုးဖြောင့်တဲ့သဘောနဲ့ ဖော်ပြတာလို့ ယူဆရပါတယ်။
စစ်တမ်းကောက်ယူရခြင်းရဲ့ ရည်ရွယ်ချက်မှာလည်း ဒေသတွင်းဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေရဲ့ အခြေအနေတွေကို အတိအကျဖော်ပြတာမျိုးမဟုတ်ဘဲ လှစ်ဟမျှရုံသာလို့ စကားပလ္လင်ခံထားတယ်ဆိုပေမယ့် အမှန်နဲ့ကင်းကွာလွန်းနေရင် ကိုးကားဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ စစ်တမ်းကို အစအဆုံးမဖတ်ရှုဘဲ စစ်တမ်းမှာဖော်ပြထားတဲ့ အချက်အလက်တွေကိုသာ ကိုးကားရေးသားလာတဲ့ သတင်းဌာနတွေ ရှိလာတာကြောင့် ထပ်ဆင့်ဖတ်ရှုရသူတွေအဖို့ အမှန်ထင်လာနိုင်ပါတယ်။ ထို့ထက်ပိုပြီး ကြီးမားလာနိုင်တဲ့ပြဿနာကတော့ စစ်တမ်းကောက်ယူတဲ့အဖွဲ့ဟာ အာဆီယံလေ့လာရေး အမည်ခံလုပ်ဆောင်နေတာဖြစ်ခြင်းကြောင့် အာဆီယံအဖွဲ့အစည်းအဝေးများသို့ အခြေမခိုင်၊ အတည်မပြုနိုင်တဲ့ အချက်အလက်တွေ ရောက်ရှိလာမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့် အာဆီယံမူဝါဒများသို့ပါ သက်ရောက်မှုရှိရန် ရည်ရွယ်ချက်များ ပါဝင်နေပါတယ်။
အခန်း(၃) အင်အားကြီးနိုင်ငံများ၏ ဒေသတွင်းလွှမ်းမိုးမှုနှင့်ဦးဆောင်မှုကဏ္ဍမှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးလွှမ်းမိုးမှု အမြင့်ဆုံးဖြစ်တယ်လို့ ၇၆ ဒသမ ၇ ရာခိုင်နှုန်းက ဖြေဆိုထားကြပါတယ်။ မြန်မာနိုင်ငံကတော့ တရုတ်ကို ၈၃ ဒသမ ၄ ရာခိုင်နှုန်းလို့ဖြေဆိုထားပြီး ယခင်နှစ်ထက် သုည ဒသမ ၁ ရာခိုင်နှုန်းသာ ကွာခြားပြီး ဖြေဆိုထားတာကို တွေ့ရပါလိမ့်မယ်။ သို့သော် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း တရုတ်ရဲ့စီးပွားရေးအင်အား ကြီးထွားလာတာကိုစိုးရိမ်ကြောင်း ၇၆ ဒသမ ၂ ရာခိုင်နှုန်းက ဖော်ပြခဲ့ပြီး ဒေသတွင်းအမေရိကန်စီးပွားရေးအင်အားကောင်းလာတာကို ကြိုဆိုကြောင်း ၈၇ ဒသမ ၃ ရာခိုင်နှုန်း ဖော်ပြထားပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှ ပြည်သူတွေက တရုတ်ကို မလိုလားဘဲ အမေရိကန်ကို လိုလားနေပါတယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ တကယ်တော့ တရုတ်ရဲ့ စီးပွားရေးအင်အားကြီးထွားလာမှုကသာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းပိုမိုအကျိုးရှိစေကြောင်း လက်တွေ့စီးပွားရေးလုပ်နေသူများက သဘောပေါက်ထားကြပါတယ်။ ဒေသတွင်း စီးပွားရေးထိပ်သီးနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား စီးပွားရေးအရဆက်ဆံမှုတွေအပေါ် သွေးထိုးပေးနေသလိုပါပဲ။ ဒါတင်မကပါဘူး လာအိုကဲ့သို့နိုင်ငံမျိုးကတောင် တရုတ်ရဲ့ ဒေသတွင်းနိုင်ငံရေးအရ၊ မဟာဗျူဟာအရ လွှမ်းမိုးမှုကြီးထွားလာတာကို ၇၈ ဒသမ ၈ ရာခိုင်နှုန်းက စိုးရိမ်ပါတယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပြန်ပါတယ်။ လက်တွေ့မှာတော့ လာအိုပြည်သူတွေက တရုတ်ကို ကျည်ဆန်ရထားကြီးစီးကာ အိမ်ဦးကြမ်းပြင် ကူးလူးသွားလာနေကြပြီဖြစ်ပါတယ်။
အခန်း(၄) အမေရိကန်-တရုတ်အားပြိုင်မှုနဲ့ ဒေသအပေါ်သက်ရောက်မှုမှာတော့ အာဆီယံဒေသတွင်း ခုခံနိုင်စွမ်းအားနှင့် စည်းလုံးမှုမြင့်တက်စေနိုင်ပြီး အင်အားကြီးနှစ်နိုင်ငံ၏ဖိအားအပေါ် ခုခံနိုင်စွမ်းရှိလာနိုင်ခြင်း ကို အာဆီယံနိုင်ငံများက ၄၆ ဒသမ ၁ ရာခိုင်နှုန်း ရွေးချယ်ခဲ့ပါတယ်။ တရုတ်နှင့်ပတ်သက်ပြီး ပိုမိုဆိုးရွားလာနိုင်သည့်အရာတွင် နိုင်ငံတွင်းရှိ တရုတ်နွယ်ဖွားများအား အသုံးချ၍ ပြည်တွင်းကိစ္စရပ်များတွင် လွှမ်းမိုးမှု ပြုလာမည်ဖြစ်ကြောင်းအပေါ် မြန်မာနိုင်ငံမှ ၆၁ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြေကြားထားရှိပါတယ်။
ဒါ့အပြင် တရုတ်ဘက်မှ မြန်မာ၏အချုပ်အခြာအာဏာအပေါ် လေးစား၍ နိုင်ငံခြားရေးမူဝါဒ လွတ်လပ်စွာဆုံးဖြတ်နိုင်ရေး တွင် မြန်မာနိုင်ငံမှ ၇၄ ဒသမ သုည ရာခိုင်နှုန်းဖြင့် အများဆုံးရွေးချယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
နံပါတ်(၅) တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့အပေါ် အာဆီယံနိုင်ငံများ၏ ယုံကြည်ရမှုတွင် အာဆီယံနိုင်ငံအားလုံးအနေဖြင့် တရုတ်အပေါ် ယုံကြည်မှုအနည်းငယ်သာ ပြခဲ့ကြပြီးEUအပေါ် ယုံကြည်မှု ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ သမ္မတဘိုင်ဒန်လက်ထက် အမေရိကန်နိုင်ငံအပေါ် ယုံကြည်မှု ၅၂ ဒသမ ၈ ရာခိုင်နှုန်း ဖော်ပြထား ပါတယ်။ နံပါတ်(၇) ပျော့ပျောင်းညင်သာသောအင်အားစုများတွင် ပညာတော်သင်သွားရောက်လိုသော နိုင်ငံများစာရင်း၌ အမေရိကန် ၂၅ ဒသမ ၆ ရာခိုင်နှုန်း ဖြင့် ပထမ၊ ဗြိတိန် ၂၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ န့ ၁၂ ဒသမ သုည ရာခိုင်နှုန်းဖြင့် တတိယရှိကြောင်း၊ ယခင် ၂၀၂၁ ခုနှစ်အတိုင်း မပြောင်းလဲကြောင်းဖော်ပြထားတာကို တွေ့ရပါတယ်။
အားလုံးကိုခြုံငုံသုံးသပ်ရလျှင် အာဆီယံနိုင်ငံတွေအနက် မြန်မာနိုင်ငံက ဒုတိယအများဆုံး စစ်တမ်းဖြေဆိုမှုပြုထားတာဖြစ်သော်လည်း စစ်တမ်းကောက်ယူတဲ့သူတွေဟာ အထက်မှာဖော်ပြခဲ့သလို ၎င်းတို့ဖြေဆိုစေလိုတဲ့ အုပ်စုတစ်ခုကို ပစ်မှတ်ထား ဖြန့်ဝေဖြေဆိုစေတယ်ဆိုတဲ့အချက်၊ နိုင်ငံ့ဝန်ထမ်းအမည်ခံ၍ ဖြည့်သွင်းတဲ့အချက်တွေပါဝင်ကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် အမေရိကန်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမရရှိတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဆေးထောက်ပံ့မှု ၂၅ ဒသမ ၄ ရာခိုင်နှုန်း ရရှိတယ်လို့ ဖော်ပြထားတာ၊ အမေရိကန်ဆေးအပေါ် ယုံကြည်မှုမြင့်မားကြောင်း ဖော်ပြနေတာတွေက နိုင်ငံရေး ရည်ရွယ်ချက်ပါနေတယ်လို့ တွေ့မြင်နေရပါတယ်။ စင်ကာပူလို လူအနည်းငယ်ပဲရှိတဲ့နိုင်ငံက လူအများအပြားဝင်ရောက် ဖြေဆိုပြထားပြီးတော့ အာဆီယံတစ်ခုလုံးအနေနဲ့ ကိုယ်စားပြုဖော်ပြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ဒေသတွင်းအင်အားကြီး တရုတ်နိုင်ငံအပေါ် အာဆီယံနိုင်ငံအများစုက မလိုလားဘူးလို့ ဖော်ပြတာကလည်း ရိုးရှင်းမှုမရှိပါဘူး။ စစ်တမ်းရဲ့ သဘောသဘာဝအရ သုတေသနစာတမ်းတွေလို အတိအကျဖော်ပြခြင်းမျိုး မဟုတ်သော်လည်း ဒါတွေကို ထပ်ဆင့်ဖော်ပြလာတဲ့ တရားဝင်သတင်းဌာနတွေရဲ့ထုတ်ပြန်ချက်တွေကို မိဘပြည်သူများဖတ်မိတဲ့အခါမှာ ထင်ယောင်ထင်မှား မဖြစ်မိစေဖို့နဲ့ အကြောင်းအရာတစ်ခုတွေ့တဲ့အခါမှာ မိမိပင်ကိုÓဏ်နဲ့ ပြန်လည်သုံးသပ် ဆင်ခြင်နိုင်ဖို့၊ မူရင်းသတင်းအရင်းအမြစ်ကို ပြန်လည်ရှာဖွေဖတ်ရှုဖို့၊ နောက်ကွယ်ကရေးသားရတဲ့ အကြောင်းတရား တွေကို ခန့်မှန်းတတ်လာစေဖို့ အကြံပြုအပ်ပါတယ်။ အချုပ်အားဖြင့် အဆိုပါသုတေသန အမည်ခံများကို မီဒီယာအင်အား၊ ငွေအင်အားပေါင်းစည်းကာ ပုံဖော်သွတ်သွင်းလိုသည့်နိုင်ငံကြီး၏ Soft Power က ကမ္ဘာ့နိုင်ငံငယ်များ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားခဲ့သော Color Revolation ဖြစ်စဉ်များနှင့် ယှဉ်တွဲမြင်သာစွာ ရှုမြင်ကြစေလိုကြောင်း ထပ်မံဖြည့်စွက် အကြံပြုအပ်ပါတော့တယ်။
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်ခဲ့သည့် ၎င်းင်းစစ်တမ်းအပေါ် မိမိထက်ပိုမိုအမြင်ကျယ်ပြီး ပညာရှင်တစ်ဦးအနေဖြင့် မတူညီသောရှုထောင့်မှ ဆန်းစစ်ဝေဖန်အကြံပြုလိုပါက စစ်တမ်းမူရင်းအား အောက်ဖော်ပြပါလင့်တွင် ရယူနိုင်ပါကြောင်း တင်ပြအပ်ပါသည်။)
https://www.iseas.edu.sg/category/articles-commentaries/state-of-southeast-asia-survey/
ဗစ်တာ(ကေတုမတီ)