COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား ဆက်လက်လက်ခံ

နေပြည်တော်၊  စက်တင်ဘာ - ၃၀
    
တပ်မတော်အနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးတို့အတွက် သီးသန့်စောင့်ကြည့်ရမည့်သူများအား လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  သီးသန့်စောင့်ကြည်ရမည့်သူ ၃၄၆ ဦး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၂၇ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ 
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့်သတ်မှတ်ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူ များက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ 
    
ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။