ပြည်ပဈေးကွက်ဝင် မြန်မာ့ခရမ်းရောင်ကန်စွန်းဥနှင့် ကျန်းမာရေးရာအဖြာဖြာ

ကန်စွန်းဥသည် မြေကြီးထဲတွင်   အမြစ်တွယ်ကာ ပေါက်ရောက်တတ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး  မြန်မာတိုင်းရင်းသားများ နှစ်ခြိုက်စွာစားသုံးလေ့ရှိသော   သစ်ဥ၊ သစ်ဖု၊  သစ်မြစ်များထဲတွင် ကန်စွန်းဥလည်း   တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကန်စွန်းဥတွင် အာဟာရဓာတ်များနှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါရှိကြကာ ၎င်းဓာတ်များက လူသားတို့အတွက် ကျန်းမာရေး တော်တော်များများကို ကောင်းကျိုးပြုပေးနိုင်သည်။ မြန်မာပြည်တွင်း ဌာနေကန်စွန်းဥမျိုးမှာ  လိမ္မော်ရောင်နှင့် အဖြူရောင်တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံမျိုးကန်စွန်းဥက ခရမ်းရောင်ဖြစ်သည်။ ထိုခရမ်းရောင်ကန်စွန်းဥထဲတွင် antioxidant နှင့်  anti-inflammatory  ဓာတ်များ ကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးအတွက် ပိုမိုအစွမ်းထက်မြက်စေပါသည်။

ပြည်ပဈေးကွက်ဝင် ခရမ်းရောင်ကန်စွန်းဥအမှုန့်

ကန်စွန်းဥအမှုန့်ထုတ်လုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်ကစ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ စိုက်ပျိုးရေးကုမ္ပဏီနှစ်ခုတို့သည်  ဂျပန်နိုင်ငံမှ ကန်စွန်းဥများတင်သွင်းကာ ကိုယ်တိုင် စိုက်ပျိုးခဲ့သည့်အပြင် တောင်သူများနှင့် အကျိုးတူပူးပေါင်း စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ပြင် အဆင့်မြှင့်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကန်စွန်းဥအမှုန့်ထုတ်ခဲ့ရာ အောင်မြင်လျက် ရှိသောကြောင့် ပြည်ပဈေးကွက် ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ ပြည်ပဈေးကွက်ဝင်စေရန်အတွက် ကန်စွန်းဥကို သိုလှောင်ထိန်းသိမ်းရာတွင် လေလုံခန်း၌ အနည်းဆုံး ခြောက်လ၊ အအေးခန်း၌ တစ်နှစ်ထားရှိရပါသည်။

ယခုအခါ   ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ ဘန်းယဉ်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် သွင်းကုန်အစားထိုး စိုက်ပျိုးဆောင်ရွက်နေသည့် ကန်စွန်းဥများကို တန်ဖိုးမြှင့်ခရမ်းရောင် ကန်စွန်းဥအမှုန့်များအဖြစ် ပြုလုပ်၍ ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ခရမ်းရောင်ကန်စွန်းဥများကို တန်ဖိုးမြှင့် အမှုန့်များပြုလုပ်၍ တစ်လလျှင် ၁၀ တန်ခန့်ထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက်ခဲ့ကြောင်း၊ ခရမ်းရောင်ကန်စွန်းဥ စိုက်ခင်းများမှလည်း တစ်ဧကလျှင်   ကန်စွန်းဥ ပိဿာချိန် ၁၅၀၀ မှ ပိဿာချိန် ၃၀၀၀ ထိ ထွက်ရှိနေကြောင်း၊ လက်ရှိပေါက်ဈေးမှာ ကိုရီးယားဈေးကွက်တွင် ခရမ်းရောင်ကန်စွန်းဥအမှုန့် တစ်ကီလိုလျှင်   အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းအထိ ဈေးနှုန်းရရှိကြောင်း သိရသည်။

အဆိုပါ ခရမ်းရောင်ကန်စွန်းဥ အမှုန့်များကို ပြည်ပသို့တင်ပို့ ရောင်းချပေးနိုင်ရန်နှင့် မျိုးရင်းမူပိုင်ခွင့် ရရှိရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားကြောင်း၊ ၎င်းအမှုန့်အား စားသောက်ကုန် လုပ်ငန်းများတွင် အနံ့၊ အရသာနှင့် အရောင်အဆင်းတို့အတွက် ရောစပ်အသုံးပြု လာကြသည့်အပြင်   ပြည်တွင်းအာဟာရ ထုတ်လုပ်သော စားသောက်ကုန် လုပ်ငန်းများတွင်လည်း အသုံးပြု လာကြသဖြင့်    ပြည်ပပို့ကုန်အမည်သစ်တစ်ခု ဖြစ်လာနိုင်ကြောင်းနှင့်     ပြည်တွင်းမှာလည်း ဈေးကွက်တွင် ကျယ်လာနိုင်ကြောင်း ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်များအရ သိရသည်။ ကန်စွန်းဥမှုန့်ကို ကမ္ဘာ့နိုင်ငံကြီးများ၌ ပါစတာ(Pasta)၊ ဒိုးနတ်မုန့်၊ ချောကလက်၊ ရေခဲမုန့်များတွင် အနံ့၊ အရသာနှင့် အရောင်အဆင်းတို့အတွက် ရောစပ် အသုံးပြုကြသည်။

ခရမ်းရောင်ကန်စွန်းဥနှင့် ကျန်းမာရေး

ခရမ်းရောင်ကန်စွန်းဥသည်  anthocyanins  ခေါ် ဒြပ်ပေါင်းများ ပြည့်နှက်နေသဖြင့် သာမန်ကန်စွန်း ဥများနှင့်မတူ ကွဲပြားသောအရောင်ကိုဖြစ်စေပါသည်။ အဆိုပါ ခရမ်းရောင်ခြယ် flavonoids များသည် ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများရှိကာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။   ထို့ပြင် ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တွေကြွယ်ဝပြီး အာဟာရတန်ဖိုးလည်း ကြွယ်ဝပါသည်။ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ သုတေသီများက ခရမ်းရောင်ကန်စွန်းဥနှင့် ပတ်သက်၍ လေ့လာဆန်းစစ်မှု အမျိုးမျိုးလုပ်ကြရာ အောက်ဖော်ပြပါ အကျိုးကျေးဇူးများစွာကို တွေ့ရှိခဲ့ကြပါသည်။

          ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidants) သည် လူသားတို့ ကျန်းမာရေးအတွက် ဘက်စုံကောင်းမွန်စေသော အကျိုးအာနိသင်ရှိကာ ခရမ်းရောင်ကန်စွန်းဥတွင် ၎င်းပစ္စည်းများ ကြွယ်ဝစွာ ပါဝင်နေပါသည်။ နှိုင်းယှဉ်ကြည့်ရာ၌ ခရမ်းရောင်ကန်စွန်းဥထဲရှိ  ဓာတ်တိုးဆန့်ကျင်ပစ္စည်းက   ၎င်းနှင့်အလေးချိန်တူ လိမ္မော်သီးထက် ၂ ဒသမ ၅ ဆပိုများကြောင်း၊ ဘလူးဘယ်ရီသီးထက် ၃ ဒသမ ၂ ဆပိုများကြောင်း သုတေသနပြုချက်များအရ သိရသည်။ 

          ခရမ်းရောင် ကန်စွန်းဥတွင် သဘာဝအလျောက်ပါရှိသော ဒြပ်ပေါင်းများက သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ကြောင်းကို သွေးပေါင်ချိန်မြင့်သည့် အရွယ်ရောက်ပြီးသူများပါဝင်သော လေ့လာမှုတစ်ခုက ဖော်ပြထားသည်။   အဆိုပါ ပါဝင်သူများကို ရက်သတ္တလေးပတ်ကြာ စမ်းသပ်ကာလအတွင်း ခရမ်းရောင်ကန်စွန်းဥဖျော်ရည် ၂၅၀ မီလီလီတာ သောက်သုံးစေခဲ့ရာ သွေးပေါင်ချိန် သိသိသာသာ နိမ့်သွားကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် အခြားလေ့လာမှုများအရ ခရမ်း ရောင်ကန်စွန်းဥတွင် အန်သိုဆိုက်ယာနင် ပါဝင်မှု မြင့်မားခြင်းသည် သွေးတိုးရောဂါကို လျှော့ချရာတွင် အပြုသဘော ဆောင်သော သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

          ကြွက်များပါဝင်သည့် စမ်းသပ်မှုတစ်ခုတွင် ခရမ်းရောင်ကန်စွန်းဥမှ အန်သိုဆိုက်ယာနင်ဓာတ်သည် ဦးနှောက်လုပ်ဆောင်မှုအပေါ်  ကောင်းကျိုးသက်ရောက်မှုရှိကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ၎င်းဓာတ်သည် ပျက်စီးသွားသော ဦးနှောက်တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးသည့် ပရိုတင်းအချို့ကို တိုးမြှင့်ခြင်းဖြင့် လေဖြတ်ပြီးနောက် ဦးနှောက်ပြန်လည်ကောင်းမွန်လာစေရန် အတွက်ကိုလည်း ကူညီပေးနိုင်သည်။

          ခရမ်းရောင်ကန်စွန်းဥက ကျန်းမာရေးနှင့် ညီညွတ်သော      အစာအိမ်ဗက်တီးရီးယားအတွက် ကောင်းကျိုးပြု ပေးနိုင်ကြောင်း၊   နာတာရှည် အစာအိမ်ရောဂါရှိသူများ အတွက်ကိုလည်း ခံစားနေရသော ဝေဒနာများ သက်သာကောင်းမွန်စေကြောင်း၊    ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီးနောက် အစာအိမ် အကျိုးပြုပိုးမွှားများ   အမြန်ဆုံး ပြန်ကောင်းလာစေရန်အတွက် ခရမ်းရောင်ကန်စွန်းဥကို လတ်လတ်ဆတ်ဆတ် စားသုံးပေး နိုင်ကြောင်း၊ သုတေသနပြုချက်များအရ   ကန်စွန်းဥသည် ယေဘုယျအားဖြင့်   glycemic index နည်းသော အစားအစာဖြစ်ပြီး လွယ်ကူစွာအစာကြေနိုင်ကြောင်း စသည်တို့ကို  Digestive Diseases and Sciences ဂျာနယ်တွင် ဖော်ပြထားသည်။

          ခရမ်းရောင်ကန်စွန်းဥက   ယူရစ်အက်စစ်ကို လျှော့ချပေးနိုင်သဖြင့် ဂေါက်ရောဂါအတွက် ဆေးဖက်ဝင်ပါသည်။   အဆိုပါ ခရမ်းရောင် ကန်စွန်းဥမှ ထုတ်ယူထားသော အင်ဇိုင်းများသည် ယူရစ်အက်စစ်အဆင့်ကို   ထိခိုက်စေသော အင်ဇိုင်းများကို သိသိသာသာ ဟန့်တားပေးကြောင်း ကြွက်များ ပါဝင်သော လေ့လာမှုတွင် တွေ့ရှိခဲ့သည်။ ထို့ပြင် Anthocyanins ကြွယ်ဝသော ကန်စွန်းဥသည် ရောင်ရမ်းမှုကို လျော့ကျစေသောကြောင့် ထိုအစားအစာကို ရောင်ရမ်းမှု ဆန့်ကျင်သည့် အစားအစာစာရင်းတွင် ထည့်နိုင်ကြောင်း သုတေသီများက ဆိုပါသည်။

          ခရမ်းရောင်ကန်စွန်းဥကို    စားသုံးခြင်းက ကိုယ်အလေးချိန်လျှော့ချရာမှာ နည်းလမ်းနှစ်သွယ်ဖြင့် ကူညီပေးနိုင်ပါသည်။  ကန်စွန်းဥတွင် အမျှင်ဓာတ်ပါဝင်မှုမြင့်မားခြင်းသည် စားသုံးသူအတွက် ကြာရှည်စွာ ဗိုက်ပြည့်နေစေရန် ကူညီပေးပါသည်။ ထို့ပြင် Anthocyanins က ခန္ဓာကိုယ်ထဲမှာ အဆီစုပုံခြင်းမှ တားဆီးပေးနိုင်ပါသည်။

          အင်္ဂလန်နိုင်ငံရှိ Food and Chemical Toxicology ဂျာနယ်တွင် ဖော်ပြချက်အရ ခရမ်းရောင်ကန်စွန်းဥမှ ထုတ်ယူမှုများသည် အသည်းပေါ်ရှိ တစ်သျှူးအမာရွတ်များကိုလျှော့ချရန် ကူညီပေးကြောင်း၊ အသည်းရောင်ရမ်းခြင်းကို သက်သာစေကြောင်း၊  ထို့ပြင် ခရမ်းရောင်ကန်စွန်းရွက် လက်တစ်ဆုပ်ခန့်ကို ခုနစ်ရက်ကြာ စားသုံးခြင်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဆင့်ကို တိုးမြင့်စေပြီး ရောင်ရမ်းမှုဖြစ်စေသော   cytokines များ ထုတ်လွှတ်မှုကို ဟန့်တားကြောင်း၊  ထို့ကြောင့် အသည်းကျန်းမာရေးကို တိုးတက် ကောင်းမွန်အောင် ကူညီပေးသော အစားအစာများထဲတွင် ခရမ်းရောင်ကန်စွန်းဥနှင့် ၎င်းင်းအရွက်တို့ကို ဦးစားပေးစားသုံးသင့်ကြောင်း လေ့လာသိရသည်။

          ကြွက်များပါဝင်သည့် လေ့လာမှုတစ်ခုတွင် သိပ္ပံပညာရှင်များသည် ခရမ်းရောင်ကန်စွန်းဥ၏ Anthocyanins က ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ပေးသောကြောင့် အိုမင်းရင့်ရော်မှုလက္ခဏာများကို နှောင့်နှေးစေနိုင်ကြောင်း သတိပြုမိခဲ့သည်။ ထို့ကြောင့် အသက် ၅၀ ကျော်ပါက အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ကြွက်သားများ ဆုံးရှုံးခြင်းမှ ကင်းဝေးစေရန် စားသုံးသင့်ကြောင်း အကြံပြုထားသည်။

          ခရမ်းရောင် ကန်စွန်းဥတွင်ပါရှိသော သဘာ၀ flavonoids ဓာတ်ပေါင်းစုက သွေးတွင်းအဆီပမာဏနှင့် သွေးတွင်းဂလူးကို့ပမာဏကို ကျဆင်းစေကြောင်း ဆီးချိုရှိကြွက်များနှင့် လေ့လာမှုတစ်ခုအရ အတည်ပြုနိုင်ခဲ့ပါသည်။   ထို့ပြင် ကန်စွန်းဥထဲရှိ  Anthocyanins သည် သွေးတွင်းဂလူးကို့ကို ကျဆင်းစေသည့် အာနိသင်ရှိပြီး ၎င်းကန်စွန်းဥတွင် ပါဝင်သော ဒြပ်ပေါင်းများသည်လည်း သွေးတွင်းဂလူးကို့ကို လျှော့ချပေးသည့် ဒြပ်ပေါင်းများဖြစ်သည်။ ထို့ကြောင့် ခရမ်းရောင်ကန်စွန်းဥက ဆီးချိုရောဂါရှိသူများအတွက် စားသုံးရန် အကောင်းမွန်ဆုံး အစားအစာဖြစ်သည်။

          ခရမ်းရောင်ကန်စွန်းဥထဲရှိ Anthocyanins ဓာတ်သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်နိုင်ကာ ကင်ဆာဆဲလ်များကြီးထွားပြန့်ပွားမှုကို ဟန့်တားပေးနိုင်သည်ကို သိပ္ပံပညာရှင်အချို့က တွေ့ရှိခဲ့ကြောင်း၊ အထူးသဖြင့် အူမကြီးကင်ဆာ ဆဲလ်များကို နှိမ်နင်းပေးနိုင်ကြောင်းနှင့် ဆီးအိမ်ကင်ဆာ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်းတို့ကို ဂရိနိုင်ငံရှိ Oncology Reports ဂျာနယ်တွင် ဖော်ပြထားသည်။

အချုပ်အားဖြင့်ဆိုသော်  ခရမ်းရောင်ကန်စွန်းဥသည် လူသားတို့ ကျန်းမာရေးအတွက် အားသာချက် အလွန်များပါသည်။ ကုသရန်ခက်ခဲသော ကင်ဆာရောဂါများအပြင် နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုးရောဂါတို့မှလည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် အရွယ်တင်နုပျိုစေခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်းတို့ကြောင့် ခရမ်းရောင်ကန်စွန်းဥသည် အသက်အရွယ်အားလုံးအတွက် စားသုံးသင့်သော ဓာတ်စာဖြစ်ပါသည်။ ပြည်ပဈေးကွက်ဝင်ဖြစ်သည့်အတွက်လည်း တောင်သူများအနေဖြင့် ဆက်လက်တိုးချဲ့ စိုက်ပျိုးကြ စေလိုပါကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနများကလည်း တောင်သူများ အတွက် ထိရောက်သော ပံ့ပိုးမှုများ ပြုလုပ်နိုင်ကြပါစေကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။   ။

ပေါက်ပေါက်