ချင်းပြည်နယ်အတွင်းရှိ ခရိုင်များ၌ အာလူးစိုက်ဧက ၂၅၀၀ ကျော် စိုက်ပျိုးပြီးစီး
ချင်းပြည်နယ်အတွင်း ခရိုင်များ၌ အာလူးစိုက်ဧက ၂၅၀၀ ကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
"၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီမှာ ချင်းပြည်နယ် အတွင်းမှာ အာလူးသီးနှံ စိုက်ပျိုးပြီးစီးမှု အနေနဲ့ ယခုအချိန်ထိ ဧက ၂၅၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ ရိတ်သိမ်းပြီးစီးမှု အနေနဲ့ကတော့ မိုးရာသီက စိုက်ပျိုးထားတဲ့ အာလူးစိုက်ဧက ၂၄၀၀ ကျော်ကို ရိတ်သိမ်း ပြီးစီးနေပြီ ဖြစ်ပါတယ် ”ဟု ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ပြောသည်။
ခရိုင်အလိုက် စိုက်ပျိုးပြီးစီးမှု အနေဖြင့် ဟားခါးခရိုင်တွင် ၇၂၅ ဧကကို လည်းကောင်း၊ ဖလမ်းခရိုင်တွင် ၁၆၅၅ ဧကကို လည်းကောင်း၊ မတူပီခရိုင်တွင် ၂၁၃ ဧကကို လည်းကောင်း စုစုပေါင်း ၂၅၉၃ ဧက စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးထံမှ သိရသည်။
ချင်းပြည်နယ်တွင် ဟားခါးခရိုင်၊ ဖလမ်းခရိုင်၊ မတူပီခရိုင်နှင့် မင်းတပ်ခရိုင် စသည့် ခရိုင် လေးခရိုင်ရှိသည့်အနက် အာလူးသီးနှံကို ဖလမ်းခရိုင်တွင်သာ အများဆုံး စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။