၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်သည့်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်များဖြင့် စစ်တွေမြို့မှ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားမြို့နယ် များသို့ ပို့ဆောင်

နေပြည်တော်၊ စက်တင်ဘာ - ၃၀
    
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ပစ္စည်းများကို စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ် ၂ စီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးသည်။
    
အဆိုပါ စစ်တွေမြို့သို့ရောက်ရှိလာသည့် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်သားများက ကူညီသယ်ဆောင်ပြီး တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ် များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာနေရာများသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ် တို့အတွက် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို မောင်တောခရိုင် ရွေးကောက်ပွဲအဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်း၊ မြောက်ဦးမြို့နယ် ရွေးကောက်ပွဲအဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သီတာခိုင် တို့လိုက်ပါ၍ စစ်တွေမြို့မှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။