မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင် ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ - ၃၀
    
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေး ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း၌ ပြင်ဆင်ထားရှိ သည့် Facility Quarantine Center တွင် အဆောက်အဦများပြင်ဆင်ထားရှိမှုနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ချက်ပြုတ်ကျွေးမွေးရာတွင် သန့်ရှင်းမှုရှိစေရေးနှင့် စနစ်တကျ ချက်ပြုတ်မှုရှိစေရေး ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။