အသည်းအဆီဖုံးခြင်းနှင့်အစာ(Fatty Liver & Diet)

အသည်းအဆီဖုံးခြင်းဟာ ကမ္ဘာပေါ်မှာ အလွန်အဖြစ်များတဲ့  အသည်းရောဂါတစ်ခုဖြစ်တယ်။

 

အသည်းအဆီဖုံးရောဂါရှိသူတို့ရဲ့ ၈၀ ရာခိုင်နှုန်းမှာ အဝလွန်သူတွေဖြစ်ကြတယ်။ ဆီးချိုရောဂါရှိသူများနဲ့  ၅၀ ရာခိုင်နှုန်းမှာတွေ့ရှိနိုင်တယ်။ အသက်အရွယ် ကျားမ၊ လူမျိုးနွယ်စု၊ ဟော်မုန်းရောဂါအချို့နဲ့ ညဘက်အိပ်နေစဉ်လေပြွန်ကျဉ်းကာ ဟောက်တဲ့ရောဂါရှိသူတို့ဟာ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ပါတယ်။

 အသည်းအဆီဖုံးရောဂါရှိသူရဲ့ ၅-၈ ရာခိုင်နှုန်းဟာ အသည်းခြောက်ရောဂါ ကူးပြောင်းသွားနိုင်ကာ အသည်းခြောက် ရောဂါရှိသူတွေရဲ့ ၁၂ ဒသမ  ၈ ရာခိုင်နှုန်းဟာ အသည်းကင်ဆာကို ကူးပြောင်းနိုင်တယ်။ အမျိုးသမီးတွေအဖြစ်များတယ်။ အသက် ၄၀-၆၀ နှစ်အရွယ် အဝလွန်သူတွေအဖြစ်များပါတယ်။

  ရောဂါလက္ခဏာတွေက လူနာအများစုမှာ ဘယ်ရောဂါလက္ခဏာမှ မပြပါဘူး။ နုံးခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသည်းကြီးခြင်း၊ အသည်းနေရာနာကျင်ခြင်း၊ ထိုင်ရင်တောင့်နေခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ် ပိုင်းတင်းခြင်း၊ အချို့လူနာတွေမှာ ပျို့အန်ခြင်း၊ မျက်စိဝါခြင်း၊ အသည်းအားနည်းခြင်းတို့ တွေ့ရပါတယ်။

  ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေက ဆီးချိုရောဂါရှိခြင်း၊ သွေးမှာအဆီဓာတ်များခြင်း၊ အဝလွန်ခြင်း၊ အူသိမ်လမ်းကြောင်း ဖြတ်ဆက်ကုသမှုခံယူထားတဲ့လူနာများ၊ ဆေးဝါးဥပမာအမီဒရွန်(Amiodarone)၊ ကင်ဆာဆေး(Meth otrexate)၊ တက်ထရာဆိုင်ကလင်း(Tetracycline)သောက်ရသူများ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးကာ အစားအသောက်များခြင်း၊ အဆီများတဲ့ အစားအစာများ၊ ဆီပြန်ဟင်း၊ ဆီကြော်အစားအစာများ၊ ဝက်သား၊ ထောပတ်မလိုင်၊ အုန်းသီးများ၊အချိုဓာတ်အစားများလွန်းသူများ၊ ဥပမာ သကြား၊ ချိုချဉ်လက်ဖက်ရည်၊ ထန်းလျက်၊ ကော်ဖီ၊ ရေခဲမုန့်ကြိုက်သူများ၊ ကစီဓာတ်အလွန်စားသူများ ဥပမာ-ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကောက်ညှင်းသာဂူများ၊ သွေးကြောမှတစ်ဆင့် အာဟာရသွင်းနေရတဲ့လူနာများ(Parenteral Nutrition)မှာ တွေ့ရများပါတယ်။

 လိုအပ်တဲ့စစ်ဆေးကုသမှုတွေက ပုံမှန်ဆေးစစ်မှု ပြုလုပ်ပြီး ရောဂါကိုတိကျသေချာစွာ  သိရှိနိုင်ဖို့ အဓိကစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်ရပါတယ်။ ဝမ်းဗိုက်အာထရာဆောင်း၊ ကွန်ပျူတာဓာတ်မှန်၊ အသည်းအသား စယူခြင်းနည်းနဲ့ သိနိုင်တယ်။ သံသယရှိဖွယ်လူနာတွေဟာ စမ်းသပ်မှုတွေ ပြုလုပ်သင့်တယ်။

     သည်းခြေရည်ပမာဏ၊ အသည်းအင်ဇိုင်းများ အသည်းမှ အဓိကထုတ်ပေးတဲ့ ပရိုတင်းတွက်ချက်ခြင်း၊ သွေးအတွင်းအဆီဓာတ်၊ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားတို့ကို စစ်ဆေးခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုးများ၊ သွေးတွင်းသကြားဓာတ်တိုင်းခြင်း (မနက်စာမစားမီ)၊  ကိုယ်အလေးချိန်နဲ့  အရပ်အမောင်း အချိုးအဆ ဘီအမ်အိုင်တိုင်းတာခြင်း၊ ခါးတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ တယ်လီဗေးရှင်းဓာတ်မှန် ရိုက်သင့်တယ်။

 မျိုးရိုးလိုက်တာဖြစ်တတ်တဲ့ အသည်းအဆီဖုံးခြင်း ရောဂါဖြစ်နိုင်ခြေရှိ၊ မရှိစစ်ဆေးဖို့ မျိုးရိုးလိုက်တာ ဖြစ်တတ်တဲ့ အသည်းမှာသံဓာတ်များစုပုံခြင်း၊ ကြေးနီဓာတ်များလို့ဖြစ်တဲ့ရောဂါ မျိုးဥအိမ်မှာ အရည်အိတ် များစွာဖြစ်တဲ့ ရောဂါခန္ဓာကိုယ်မှ ထွက်တဲ့ ပဋိဇီဝဓာတ် များအသည်းကို တိုက်စေတဲ့အခါ ဖြစ်တတ်တယ်။

   နောက်ဆက်တွဲဆိုးကျိုးတွေက လူနာအများစုမှာ စိုးရိမ်ဖွယ်ကောင်းတဲ့ နောက်ဆက်တွဲရောဂါများ ဥပမာ-အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ၊ ရေဖျဉ်းစွဲခြင်း၊ အသည်းအားနည်းခြင်းမတွေ့ရပါဘူး။ အရက်အလွန်အကျွံ သောက်တဲ့သူများဟာ အသည်း အဆီ ပိုးခြင်းမှ အသည်းခြောက်ခြင်း ပြောင်းသွားနိုင်ပါတယ်။ အသည်းအဆီဖုံး ရောဂါရှိသူများရဲ့ ၅-၈ ရာခိုင်နှုန်းဟာ အသည်းခြောက်ရောဂါကို ကူးပြောင်းသွားနိုင်ပြီး အသည်းခြောက်သူများရဲ့ ၁၂-၈ ရာခိုင်နှုန်းဟာ အသည်းကင်ဆာကို ကူးပြောင်းနိုင်ပါတယ်။

ပုံမှန်အသည်းမှ အသည်းအဆီဖုံးရောဂါ၊ အသည်းမှာအမာရွတ်တင်ခြင်း၊ နာတာရှည်အသည်း အမာရွတ်တင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကြွပ်ဆတ်ရောဂါ၊ အသည်းကင်ဆာရောဂါသေဆုံးခြင်း ဖြစ်နိုင်တယ်။

လိုအပ်တဲ့ကုသမှုတွေက နေထိုင်မှုပုံစံပြောင်းလဲသင့်တယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီပုံမှန်လေ့ကျင့်ခန်း အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး တစ်ခုခုပြုလုပ်သင့်တယ်၊ အရက်၊ ကွမ်း၊ ဆေးလိပ်ဖြတ်သင့်ပါတယ်။ အဆီလျှော့သင့်တယ်။ ဥပမာ ဝက်ဆီ၊ အုန်းဆီ၊ စားအုန်းဆီ၊ ဆီပြန်ဟင်း၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ကလီစာများ၊ မြေပဲ၊ သီဟိုဠ်စေ့၊ ထောပတ်၊ မလိုင်၊ ဒံပေါက်၊ ကြက်ဘဲ အရေခွံများလျှော့စားသင့်တယ်။

  အချိုနဲ့ကစီဓာတ်လျှော့သင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ပျားရည်၊ သကြား၊ ထန်းလျက်ထမင်း၊ ဆန်နဲ့လုပ်တဲ့မုန့်များ၊ ဂျုံ၊ အာလူး၊ သာဂူပြုတ်များ၊ ဆီးချိုရောဂါကိုသေချာစွာကုသရမယ်။ အသားငါး၊ ဟင်းသီးဟင်းရွက်များများစားသင့်တယ်။ သွေးတွင်းအဆီဓာတ်များပါက  အဆီကျဆေးသောက်သုံးသင့်ပါတယ်။

  ကိုယ်အလေးချိန်ကျအောင်၊ မတက်အောင်ဂရုစိုက်သင့်တယ်။ တစ်ပတ်မှာတစ်ကြိမ်သို့ တစ်လတစ်ကြိမ် သို့မဟုတ် တစ်နှစ်မှာ တစ်ကြိမ်ဆရာဝန် (မိသားစုဆရာဝန်) နဲ့ပြသသင့်တယ်။ လမ်းညွှန်မှုခံယူသင့်ပါတယ်။

  ဟင်းသီးဟင်းရွက်အသီးအနှံအနည်းဆုံးငါးမျိုး စားပေးသင့်ပါတယ်။ အသည်းအဆီဖုံးနောက်ဆက်တွဲ ရောဂါများပြင်းထန်ပါက အသည်းအစားထိုး ကုသမှုကို ပြုလုပ်နိုင်ပါတယ်။ အသည်းအဆီဖုံးရောဂါ ပြန်လည်ဖြစ်နိုင်ပါတယ်။ နေထိုင်မှုစနစ်မှာ အထိုင်များလာခြင်းနဲ့ အဆီအအိမ့်အစားများလာခြင်း၊ နေ့စဉ်လေ့ကျင့်ခန်း လျော့နည်းလာခြင်းတို့က အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ လေဖြတ်ခြင်းတို့ ဖြစ်စေပါတယ်။

အသည်းအဆီဖုံးရောဂါဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ရောဂါဆိုးကြီးမဟုတ်ပါဘူး။ လူနာအချို့မှာ အသည်းခြောက်ရောဂါ ကူးပြောင်းနိုင်တယ်။

ချက်ချင်းရောဂါလက္ခဏာများ သက်သာသွားနိုင်ခြင်း မရှိပေမယ့် စိတ်ရှည်ရှည်ကုသမှုခံယူပါက လပိုင်းအတွင်း ရောဂါသက်သာသွားနိုင်ပါတယ်။

တစ်ပွဲတိုးကုသလို့ရတဲ့ရောဂါမျိုးမဟုတ်ပါဘူး။

ရေရှည်ကုသမှုခံယူဖို့လိုအပ်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။

အရေးကြီးဆုံးမှာ ကိုယ်အလေးချိန်မတက်အောင် ထိန်းထားတာ အဆီနဲ့အချိုကို တတ်နိုင်သလောက် လျှော့ရတယ်။ အထိုင်များတဲ့အလုပ်များ ရှောင်ကြဉ်ခြင်း၊ ပုံမှန်မဝေးတဲ့ခရီးကို လမ်းလျှောက်သွားခြင်း၊ အစာကိုအချိန်မှန် စားပေးခြင်း၊ လိုအပ်တဲ့ဆေးဝါးကုသမှုများခံယူခြင်း၊ ပုံမှန်ကုသဖို့သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်းကုသခြင်း၊ အဝလွန်သူများအနေနဲ့ ခွဲစိတ်ကုသခြင်းလို၊ မလို သိရှိရအောင် မိသားစု ဆရာဝန်နဲ့ပြသဆွေးနွေးခြင်းပြုသင့်ပါတယ်။ အသည်းလုပ်ငန်းပျက်စီးလာလို့ အသည်းအစားထိုးကုသမှု ခံယူချင်ရင် တိုင်ပင်သင့်တယ်။   ။

ဒေါက်တာလွင်သန့်