ရှန်ဟိုင်းတွင် ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး ထိရောက်သော အစီအမံများ လုပ်ဆောင်လာသည့် တရုတ်အစိုးရ

ရှန်ဟိုင်းတွင် ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး ထိရောက်သော အစီအမံများ လုပ်ဆောင်လာသည့် တရုတ်အစိုးရ

    တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့တွင် ဧပြီ ၄ ရက်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုများ ဆက်လက်မြင့်တက်လာခြင်းကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက်   အစိုးရက ထိရောက်သော အစီအမံများကို  အသုံးပြု ဆောင်ရွက်လျက်ရှိသည်။   မြို့အတွင်း နေထိုင်လျက်ရှိသည့်   ၂၆ သန်းသော ပြည်သူများတွင်  ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊မရှိကို ဖော်ထုတ်စစ်ဆေးနိုင်ရန် အတွက် စစ်ဘက်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပါအဝင်   ကျန်းမာရေး ဝန်ထမ်း ထောင်ပေါင်းများစွာကို အစိုးရက စေလွှတ်ထားပြီးဖြစ်သည်။ 

အစိုးရ၏ ကိုင်တွယ်လုပ်ဆောင်မှုသည်  ရှန်ဟိုင်းမြို့၏ သမိုင်းတွင် အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု ဖြစ်လာသည်။

မြို့ခံပြည်သူများသည်    ရောဂါပိုး စစ်ဆေးမှုခံယူရန်အတွက်  တန်းစီနေကြသည်။   ထိုသို့တန်းစီရာတွင်  တစ်ဦးနှင့်တစ်ဦး  ၂ မီတာခွာ၍ ရပ်နေကြရန် ကျန်းမာရေး အာဏာပိုင်များက စီစဉ်ထားသည်။ မြို့အတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး  အတွက်   တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ၎င်းတို့၏ စစ်ဘက်ဆေးဝါး ကျွမ်းကျင်သူနှင့် ထောက်ပံ့ပို့ဆောင်ရေး တပ်ဖွဲ့ဝင်၂၀၀၀ကျော်ကို ဧပြီ ၃ ရက်ကတည်းက ပို့ဆောင်ထားပြီးဖြစ်သည်။

ရှန်ဟိုင်းတွင်ဖြစ်ပွားနေသည့် ကူးစက်မြန် အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် ကျန်းစု၊ ကျဲကျန်းနှင့် ပေကျင်းတို့မှ ဆေးဝါးကျွမ်းကျင်သူ ၁၀၀၀၀ ကျော်မှာ မြို့အတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ 

တရုတ်အစိုးရ၏ ယခုတုံ့ပြန် လုပ်ဆောင်မှုသည် ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်က ကိုဗစ်-၁၉ ရောဂါပိုး စတင်ပျံ့နှံ့ပြီးချိန်မှစ၍ အကြီးမားဆုံးသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်လုပ်ဆောင်မှုဖြစ်လာသည်။  ထို့ပြင် အစိုးရသည် ရောဂါပိုး ထိန်းချုပ်ရေးပိုမို ထိရောက်စေရန်အတွက်   မြို့အတွင်း နေထိုင်သူ သန်းပေါင်းများစွာကို လော့ဒေါင်းချထားသည်။

ထိုသို့ လော့ဒေါင်းချရာတွင် မြို့တော် အာဏာပိုင်အဖွဲ့က အဆင့်နှစ်ဆင့် ခွဲထားသည်။  တစ်ဆင့်မှာ  ရှန်ဟိုင်းမြို့အရှေ့ပိုင်း ပူတုန်းဒေသရှိ ဒေသခံပြည်သူများမှာ ၎င်းတို့၏နေအိမ်များမှ ပြင်ပသို့ သွားရောက် ခွင့်ပြုခံထားရသော်လည်း မြို့၏အနောက်ပိုင်း ပူရှီဒေသမှ ပြည်သူများမှာမူ  နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်မရဘဲ အခြားသူများနှင့်  လေးရက်ကြာထိတွေ့ ဆက်ဆံခွင့်ပိတ်ပင်ထားသည်။  တစ်နည်းအားဖြင့် ဆိုရပါမူ   ပူရှီဒေသခံများမှာ လော့ဒေါင်း အပြည့်အဝ မိနေသူများဖြစ်သည်။

အကြောင်းမှာ မြို့အတွင်း နေထိုင်သည့် ပြည်သူ ၈၅၈၁ ဦးမှာ ရောဂါပိုး ကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာ ပြသခြင်းမရှိပေ။  အလားတူပင်  ရောဂါပိုးကူးစက်ခံရသူ ၄၂၅ ဦးတွင်သာ လက္ခဏာပြသနေကြောင်းကို ကျန်းမာရေး အာဏာပိုင်အဖွဲ့က   တွေ့ရှိထားခြင်းကြောင့် ဖြစ်သည်။

မြို့တော်အာဏာပိုင်အဖွဲ့သည် ယခုအခါရောဂါပိုး ကူးစက်လာမှုကို   ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် ဆေးရုံများ၊ အားကစားရုံများ၊ လူနေတိုက်ခန်းများနှင့်အခြား အဆောက်အဦများကို ရောဂါပိုး ကူးစက်ခံရသူများ အတွက် သီးခြားခွဲထားရာ နေရာများအဖြစ်  အသုံးပြုရန် စီစဉ်ထားသည်။

ရှန်ဟိုင်းမြို့တွင်  အသစ်တည်ဆောက်ထားသည့်   နိုင်ငံတကာ ပြပွဲစင်တာ အဆောက်အဦ တစ်ခုတည်းကပင် ရောဂါပိုး ကူးစက်ခံထားရသူလူနာပေါင်း ၁၅၀၀၀ ကိုအပြည့်အဝ နေရာချထားပေးနိုင်သည်။

ရှန်ဟိုင်းမြို့တွင်  ပြန်လည်ဖြစ်ပွားလာသည့် ရောဂါပိုး ကူးစက်မှုများသည် အသက်အန္တရာယ် စိုးရိမ်ရခြင်း   မရှိသော်လည်း အစိုးရအဖွဲ့အနေဖြင့်   ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို  ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြင်းထန်သည့် ချဉ်းကပ်လုပ်ဆောင်ချက်များချမှတ်၍ လုပ်ဆောင်ရန်  သမ္မတရှီကျင့်ဖျင်၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာဆေးကုသရေး ဝန်ထမ်းများက အင်တိုက်အားတိုက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုသို့  လုပ်ဆောင်နိုင်မှသာ နိုင်ငံ၏ စီးပွားရေးအပေါ်   ကျရောက်လာမည့် ထိခိုက်မှုဆိုးကျိုးကို လျှော့ချနိုင်မည့်အပြင် ယခုနှစ်နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားသည့် ဥပဒေပြုလွှတ်တော် အစည်းအဝေးကို တည်ငြိမ်စွာဖြင့် ကျင်းပနိုင်မည်ဖြစ်သည်။

မြို့အတွင်း   ရောဂါပိုးကူးစက်မှုများ ပြန်လည်မြင့်တက် လာခဲ့သော်လည်း ယခုနှစ် မတ်၂၀ ရက်မှစ၍  နိုင်ငံအတွင်း၌ ကိုဗစ်-၁၉  ရောဂါပိုးကူးစက်မှုကြောင့် လူသေဆုံးမှု မရှိသေးပေ။ တရုတ်အစိုးရ၏ ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်အရ လူဦးရေစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကို ကာကွယ်ဆေး   ထိုးနှံပေးထားပြီး ဖြစ်သည်။

ရှန်ဟိုင်းအာဏာပိုင် အဖွဲ့အနေဖြင့် ယခုအခါ  မြို့အတွင်းရှိ   ပြည်သူအားလုံး၏ ကျန်းမာရေး စစ်ဆေးချက်များကိုပြန်လည် သုံးသပ်သွားမည်ဖြစ်သည်။  မြို့အတွင်း လက်ရှိချမှတ်ထားသည့် ရောဂါပိုး ထိန်းချုပ်ရေး ကန့်သတ်မှုများသည် ပြည်သူများ၏ နေ့စဉ်အသက်ရှင် သွားလာမှုနှင့် စီးပွားရေး လုပ်ငန်းများကို အနည်းနှင့်အများ ဆိုသလိုအဟန့်အတား ဖြစ်စေနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် မြို့တော်ကျန်းမာရေးအဖွဲ့က ကန့်သတ်ချက်များကို တတ်နိုင်သမျှ စောစွာ ဖယ်ရှားရန် ကနဦးတွင် စီစဉ်ထားသော်လည်း  အခြေအနေကို စောင့်ကြည့်သွားဖွယ် ရှိသည်။

လော့ဒေါင်းချ ခံထားရသည့် ပြည်သူများကိုလည်း အရေးပေါ် ဆေးကုသမှုများမှလွဲ၍  အခြားဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။  ချမှတ်ထားသည့် ရောဂါပိုး ထိန်းချုပ်ရေး ကန့်သတ်ချက်များကို  မည်သည့်အချိန်တွင်  ဖယ်ရှားပစ်မည်ကို    ထုတ်ပြန်ထားခြင်းမရှိသေးပေ။

သို့သော် အစိုးရအနေဖြင့် ရှန်ဟိုင်းမြို့အတွင်း ဖြစ်ပွားနေသည့် ကူးစက်လွယ်အိုမီခရွန် မျိုးကွဲကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတွက် ထိရောက်သော တုံ့ပြန်မှုများ ချမှတ်၍ ဖော်ဆောင်နေပြီဖြစ်သည်။