နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ သွားရောက်စစ်ဆေး၊ သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မတ် - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေး ဉီးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ လိုက် ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်၌ ခြေလျင်တပ်ရင်းမှူး၊ ခြေလျင်တပ်ခွဲမှူး၊ ခြေလျင်တပ်စုမှူးသင်တန်းသားများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သင်ခန်းစာများအား Video Confenencing ဖြင့် သင်ခန်းစာပို့ချသင်ကြားနေမှုအပါအဝင် အခြားသင်ခန်းစာများ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများ၊ သင်တန်းခန်းမ ဆောင်များ၊ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြခန်း စသည်တို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင် ဆောင်၊ ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး)၊ တပ်မတော် (ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)တို့မှ ကျောင်းအုပ်ကြီးများက သင်တန်းကျောင်း လေ့ကျင့်သင်ကြားပို့ချမှုဆိုင်ရာကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား တင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်း၍ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စ ရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး သင်တန်းသားအရာရှိများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သစ္စာ(၄)ချက် ကို နေ့စဉ်သစ္စာပြု၍ ၂၄ နာရီ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားဖြစ်သည်ကို မမေ့မလျော့ သတိပြုရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ သစ္စာကို စောင့်သိရန်နှင့် အသက်ခန္ဓာကို စွန့်လွှတ်ရန် သစ္စာဆိုထားသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နေမှုအပေါ် ဂုဏ်ယူနေရန်လိုကြောင်း၊ တပ်မတော်သို့ စတင် ဝင်ရောက်ပြီး နိုင်ငံတော်အလံအား လက်နှင့်ထိ၍ ကတိသစ္စာပြုခဲ့ချိန်မှစတင်ကာ ၂၄ နာရီ အချိန်ပြည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တာဝန်ရှိခဲ့ကြပြီး မိမိနှင့် မိမိ တို့၏ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာ ရေးမှစ၍ ခံစားနေရမူသည် နိုင်ငံတော်နှင့် တပ်မတော်မှ ထောက်ပံ့မှုများဖြစ်ကြောင်း၊ ထိုထောက်ပံ့ငွေများသည်လည်း မိမိတို့အပါအဝင် ပြည်သူများမှ သတ်မှတ်ထည့်ဝင်ကြရ သည့်အခွန်များမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြန်လည်ချီးမြှင့်ထောက်ပံ့ခြင်းဖြစ်၍ နိုင်ငံတော် နှင့်ပြည်သူအပေါ် ကျေးဇူးသစ္စာ စောင့်သိရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလပြဋ္ဌာန်းချက်တို့နှင့်အညီ ပြည်သူကရွေးချယ် ထားသည့် ပါတီစုံဒီမိုကရေစီစနစ်အား တိမ်းစောင်းမှုမရှိစေရေး နိုင်ငံတော်၏တာဝန်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်တည်ငြိမ် ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေရသဖြင့် ခက်ခဲပင်ပန်းမှုများ ရှိနိုင်၍ နိုင်ငံတော်နှင့် ပြည်သူ၏မျက်နှာကိုကြည့်ကာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဆက်လက်ကြိုးစားလုပ်ကိုင်ကြရန်လိုကြောင်း၊ ထိုသို့ နိုင်ငံ့အရေးများကို ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရာတွင် သင်ကြားလေ့ကျင့်ပေးသည့် သင်ခန်းစာများကို Professional ကျကျ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာသင်ယူရန် လိုကြောင်း၊ သို့မှသာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစွာ ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးကဏ္ဍသည် ကျယ်ပြန့်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ်မှစ၍ အချုပ်အခြာအာဏာအထိ သက်ဆိုင်၍ ပေါ့ပေါ့ဆဆ မလုပ်ရန်လိုကြောင်း၊ ထိုသို့ ကြီးလေးသော လုပ်ငန်းတာဝန်များ ထမ်းဆောင် နိုင်ရန် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အပတ်စဉ် ကျန်းမာရေး၊ အသိပညာပေးမှုများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း တာဝန်ကိုယ်စီထမ်းဆောင်နေကြရ သည့် တပ်မတော်သားများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန် တပ်မတော်သား မိသားစုဝင်များ၏ အုပ်ချုပ်မှု၊ သက်သာချောင်ချိမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အတတ် နိုင်ဆုံး ပြည့်စုံလုံလောက်စေရန် ကိုယ်ဖိရင်ဖိ ကြပ်မတ်ဖြည့်ဆည်းပေးနေရန်လိုကြောင်း၊ အထက်အောက် အပြန်အလှန် မေတ္တာစိတ်၊ သံယောဇဉ်တရားတို့ဖြင့် နားလည်ယုံကြည်မှု ရှိအောင် စေတနာထား ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်၍ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ပါက သင်ကြားပို့ချလိုက်သည့် စစ်ပညာကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချနိုင်ပြီး အုပ်ချုပ်မှုကောင်းမွန်သော ခေါင်းဆောင်များအဖြစ် ပေးအပ်သော မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သင်တန်းသားများနှင့် နည်းပြအရာရှိများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး က သင်တန်းသားများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား ဒုတိယကျောင်းအုပ်ကြီး က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ ခြေလျင်တပ်ရင်းမှူး သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။