ဖွံ့ဖြိုးသာယာ ပြည်မြန်မာ တည်ဆောက်ကြစို့ ညီညီညာ

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ဖူးပါသည်။ ခရီးသွားဆောင်းပါးဖြစ်ပြီး စည်းကမ်းလိုက်နာစေရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရေး တင်ပြထားသော ဆောင်းပါး ဖြစ်ပါသည်။ ဆောင်းပါး အမည်နှင့်စာရေးသူကို တိတိကျကျမမှတ်မိတော့ပါ။ ဆောင်းပါးရှင်သည်  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးထက် ကားဖြင့်ခရီးသွားစဉ် ရှေ့ယာဉ်ငယ်ထက်မှ လူငယ်တစ်ဦး ကားစီးရင်း အပေါ့သွားနေသည်ကို မြင်ရသောကြောင့် ပျက်စီးယိုယွင်းနေသောစာရိတ္တကို စိတ်မကောင်းစွာ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဆောင်းပါးရှင်ခံစားခဲ့ရသကဲ့သို့ စာရေးသူသည်လည်း တွေ့ကြုံခံစားခဲ့ရပါသေးသည်။ စာရေးသူ ကြုံတွေ့ခဲ့ရသည်က သိပ်တော့မကြာသေးပါချေ။ ယခုနှစ်   ဇန်နဝါရီလဆန်းပိုင်းတွင် ဖြစ်ပါသည်။

နေပြည်တော်ရှိ   အိုးရှင်းဈေးဝယ်စင်တာနားမှ ကားလမ်းသွယ်တစ်ခုတွင်ဖြစ်၏။   ဆီပန့်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် လမ်းလုပ်သားများဟု ထင်မှတ်ရသည့် အလုပ်သမားငါးဦးခန့် တင်ဆောင်လာသည့် ကားပေါ်မှလူငယ်တစ်ဦးသည် ကော်ရေပုံးကို ကတ္တရာလမ်းမပေါ်သို့ အားဖြင့်ပစ်ပေါက်နေသည်ကို တွေ့လိုက်ရပါသည်။ တစ်ကြိမ်တစ်ခါမျှသာမဟုတ်ဘဲ နှစ်ကြိမ်တိုင်တိုင်  ထိုသို့ပြုမူသွားခဲ့ပါသည်။   စာရေးသူဆိုင်ကယ်ဆီဖြည့်ပြီး၍ ကားလမ်းပေါ်ပြန်တက်ချိန်မှာတော့ ကတ္တရာလမ်းမထက် ကော်ပုံးခွံ အကွဲစများက  အကျည်းတန်စွာ ပြန့်ကျဲလျက်ရှိပါသည်။

စာရေးသူ  စိတ်မကောင်းစွာ  ပင့်သက်ရှိုက်ခဲ့မိပါတော့သည်။ တစ်ဆက်တည်း ထိုသို့ စည်းကမ်းမဲ့ပြုမူနေကြသော လမ်းပေါ်မှလူများကို ဆိုင်ကယ်နှင့် ကားများကို မော်တော်ပီကယ်ဖြင့် စစ်ဆေးသလို ရှောင်တခင် လှည့်လည်စစ်ဆေးပြီး တွေ့ရှိက အပြစ်ပေးအရေးယူသင့်သည်ဟု တွေးလိုက်မိ၏။ အကယ်၍သာ  ထိုလူငယ်၏ အပြုအမူအတွက် တာဝန်သိပြည်သူတစ်ဦးဦးက သွားရောက်ဟန့်တားလျှင် တားမြစ်သူကိုပါ ရန်စောင် လိမ့်ဦးမည် ဖြစ်ပါသည်။

လမ်းပေါ်တွင် ယဉ်ကျေးမှုကင်းမဲ့စွာ အပေါ့စွန့်သည့် လူငယ်ရှိသကဲ့သို့ နေပြည်တော်မြို့ကြီးတွင် အရေးပေါ် အပေါ့ကိစ္စအတွက် လမ်းဘေးပလက်ဖောင်းအနီးမှာပဲ ကိစ္စဖြေရှင်းခဲ့သူများကိုလည်း မမြင်ချင်မှအဆုံး ဖြစ်ခဲ့ရပါသည်။ ကိုယ်ကျင့်တရားအားနည်းသည့် လူငယ်များ ကြီးပြင်းလာသည့်နောက် ကိုယ်ကျင့်တရား မကောင်းသည့်လူကြီးများသာ ဖြစ်လာမည်ဖြစ်ပါသည်။ ထိုသို့သော  လူများ၏အားဖြင့် နိုင်ငံတော်ကို မည်ကဲ့သို့တည်ဆောက်ကြမည်နည်းဟုတွေးမိ၏။

မဝေးသေးသောကာလတစ်ခုအတွင်း တပ်မတော်အစိုးရလက်ထက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြစ်ပေါ်လာခဲ့သည်။ ကမ္ဘာကပင် အံ့သြရသည့် နေပြည်တော်မြို့သစ်ကြီးလည်း ပေါ်ထွန်းလာခဲ့သည်။ နိုင်ငံတော်အစိုးရက ကောင်းသော အပြောင်းအလဲများဖြင့် နိုင်ငံတော်ကို တည်ဆောက်နေချိန်တွင် ပြည်သူများအနေဖြင့်လည်း စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာလျက် ပူးပေါင်းကြဖို့ အရေးကြီးပါသည်။ သတ်မှတ်ထားသောလမ်းများတွင် ကတ္တရာ လမ်းမထက် သံဘီးတပ်ယာဉ်များမမောင်းရ၊ အုတ်သဲကျောက် သယ်ယာဉ်များ မမောင်းရဟု သတ်မှတ်ထားသကဲ့သို့ တံတားများတွင်လည်း  ခံနိုင်ရည် တန်ချိန်ထက် ကျော်လွန်ပြီး မဖြတ်ရဟူသော ဆိုင်းဘုတ်များကို တွေ့ရတတ်ပါသည်။

တစ်နည်းအားဖြင့် ထိုသို့ ပြဋ္ဌာန်းထားခြင်းများသည် လမ်းတံတားများ အချိန်မတိုင်မီပျက်စီးမှုမရှိစေရေးအတွက်  စည်းကမ်းသတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။ သို့မှသာ ရေရှည်တည်တံ့ခိုင်မြဲပြီး  အသုံးပြုနိုင်မည်ဖြစ်၏။ ရေဘူးနဲ့ဖိနပ်မပါ နွေခါမှသိ၊ ဒါနနှင့်သီလမပါ သေခါမှသိ ဆိုသလို ကျန်းမာခြင်း၏ အရသာကို  ဆေးရုံဆေးခန်းရောက်ခါမှ  သိကြပါသည်။ ထိုကဲ့သို့ပင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးကို လမ်းပန်းဆက်သွယ်ရေးဆိုးဝါးသည့် ဒေသသို့ရောက်မှ သိနားလည်ကြလိမ့်မည်ဖြစ်ပါသည်။

စာရေးသူအနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထိုင်းနယ်စပ်နှင့်အလှမ်းမဝေးသော  ဒေသတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဟိုမိန်းဒေသမှ မိုင် ၄၀ ဝန်းကျင်မျှသာရှိသော ရွာသို့ရောက်ရန် လေးဘီးကားဖြင့် သုံးနာရီမျှစီးရပါသည်။ တောင်ပေါ်ကျောက်သားလမ်းထက် အကွေ့အကောက်များစွာ၊ အတက်အဆင်းများစွာကို သည်းထိတ်ရင်ဖိုစီးခဲ့ရ၏။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသများ ဖြစ်သည်နှင့်အညီ မိမိဆန္ဒရှိသလို သွားရန် အဆင်မပြေလှပေ။ ဤနေရာတွင် ပညာရေးအတွက် မနက်စောစောကျောင်းချိန်အမီ စစ်တောင်းမြစ်ကို ဖြတ်၍ ခြေကျင်ခရီးဖြင့် ကျောင်းတက်ခဲ့ကြသော သူငယ်ချင်းများကိုအမှတ်ရမိပါသည်။ လယ်ကွင်းကြို လယ်ကွင်းကြားမှ ကျောင်းတက်ခဲ့ကြသော ငယ်စဉ်က သူငယ်ချင်းများ၊  စစ်တောင်းမြစ်တစ်ဖက်ကမ်းမှ သူငယ်ချင်းများ၏ ပညာရေးခရီးလမ်းသည် ယနေ့ခေတ် လူငယ်များနှင့်မတူညီတာတော့ အမှန်ပင်ဖြစ်ပါသည်။

ယနေ့အချိန်တွင် မြို့လည်းမြို့အလျောက် လမ်းပန်းဆက်သွယ်ရေးများ ချောမွေ့လာခဲ့သလို ကျေးလက်တောရွာ များသည်လည်း မြို့ပြကိုအမှီပြု၍ တိုးတက်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး လိုအပ်လျက်ရှိသည့် ဒေသများအတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက် ရှိသကဲ့သို့ မြို့ပြများတွင်လည်း မြို့ပြအဆင့်နှင့်လျော်ညီစေမည့် လမ်းများကို ဖောက်လုပ်ခြင်း၊  ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်ကို အားရဖွယ်တွေ့နေရပါသည်။

ယနေ့လူငယ်များသည် တန်ဖိုးဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နားလည်တတ်ကြရန် အရေးကြီးပါသည်။ လွတ်လပ်ခြင်း၏တန်ဖိုးကို နားလည်ကြရပါမည်။ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်း၏ တန်ဖိုးကို အလေးထားတတ်ကြဖို့ လိုပါသည်။ မိမိတို့ခေတ်တွင် ကောင်းမွန်သော လမ်း၊ ကောင်းမွန်သောဆက်သွယ်မှုများ အဆင်သင့်ရှိနေခြင်းကြောင့် ရှေးကလူများထက် သင်ကြားမှု သင်ယူမှုအခွင့်အလမ်းများ တိုးတက်ကောင်းမွန်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတော်၏သမိုင်း ကြောင်းကို အမှန်တရားဘက်မှ စေ့စပ်သေချာစွာ လေ့လာပြီး  မည်သည့်ခေတ် ကာလတွင်  မည်သို့ တိုးတက်မှုများ ရှိခဲ့သည်ကို ဆင်ခြင်သတိပြုကြရပါမည်။ သတိပြုမိသည့်နောက် ကောင်းမွန်သော  အမျိုးသားရေး အသိစိတ် ဓာတ်ခံယူချက်များဖြင့် လိုက်ပါ လုပ်ဆောင်ဖို့ လိုအပ်ပါသည်။

လူသားတို့အတွက် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်  လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးကဏ္ဍမှာ အလွန်အရေးကြီးပါသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ အချိန်နှင့်တစ်ပြေးညီ ဆေးဝါးကုသမှုခံယူနိုင်မည်။ ထုတ်ကုန်များ တင်ပို့ရောင်းချနိုင်မည်။ ပညာများသင်ယူနိုင်မည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော၊ လျှပ်စစ်မီးများ လုံလုံလောက်လောက် မရခဲ့သော၊ ရုပ်ဝတ္ထုပစ္စည်းများ ယနေ့ခေတ်ကဲ့သို့ မထွန်းကားခဲ့သော အချိန်ကာလတွင် မွေးဖွားကြီးပြင်းခဲ့သော တိုင်းသူပြည်သားတို့၏အားဖြင့် ယနေ့နိုင်ငံတော်ကြီးကို ဘက်စုံတိုးတက် ထွန်းကားအောင် ကြံဆောင်နေကြပါသည်။ အခြေခံလူမှုဘဝများ ပိုင်ဆိုင်ထားပြီးသော မျိုးဆက်သစ်များသည် ရှိပြီးသားနိုင်ငံတော်၏ ဖွံ့ဖြိုးမှုများကို ဆက်လက် ရှင်သန်အောင် ကြိုးစားအားထုတ်ဖို့ လိုပါသည်။ နိုင်ငံတစ်ခုစည်ပင် သာယာဝပြောရေးအတွက် အုပ်ချုပ်သူ အစိုးရတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူခြင်းသည် မှားယွင်းသော အတွေးအခေါ်ပင် ဖြစ်သည်။

စာရေးသူအနေဖြင့် နိုင်ငံတစ်ဝန်း ဆက်သွယ်ဖောက်လုပ်ထားသော   ဖြောင့်ဖြူးညီညာသည့် ပြည်ထောင်စု လမ်းမကြီးများနှင့် ခရိုင်ချင်းဆက်လမ်းသွယ်များ၊ ကျေးလက်ကုန်ထုတ်လမ်းများကို တွေ့ရသည့်အခါ တိုင်းပြည်ရှေ့ရေးအတွက် များစွာအားရဝမ်းသာ ဖြစ်မိပါသည်။ သို့သော် တစ်ဖက်တွင်လည်း အဆိုပါ လမ်းများထက် တားမြစ်ချက်ကိုကျော်လွန်ပြီး သံဘီးတပ်ယာဉ်များ မောင်းနှင်ခြင်း၊ ကျွဲနွားများ လွှတ်ကျောင်းခြင်း၊ ဝန်ပိုတင်မောင်းနှင်ခြင်း၊ ကားပေါ်မှကွမ်းသွေး၊ ပလတ်စတစ်၊  အမှိုက်များ ကြုံသလို စွန့်ပစ်ခဲ့ခြင်းများနှင့် ထို့ထက်ပိုဆိုးသည့်  အပြုအမူများအတွက်တော့ စိတ်မကောင်းစွာ ပင့်သက်ရှိုက်မိပါသည်။ လူငယ်များကလည်း လူငယ်များအလျောက်၊ လူကြီးများသည်လည်း လူကြီးများအလျောက် ကိုယ်စီတာဝန်ကျေကြဖို့ လိုအပ်ပါသည်။  တိုးတက်ပြောင်းလဲလာသော ဆက်သွယ်မှုစနစ်များကို  ထိထိမိမိအသုံးချလျက် ပိုမိုတောက်ပသော  အနာဂတ်  လူမှုဘဝများကို ပုံဖော်သွားကြရမည်ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်ထားသော  လမ်းတံတားများကို ပြည်သူများက စည်းကမ်းရှိရှိ ရိုရိုသေသေအသုံးပြုကြရပါမည်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့်   တိုင်းရင်းသားပြည်သူအပေါင်း အနေဖြင့် ကြီးသည် ငယ်သည်မခွဲဘဲ  စည်းကမ်းရှိမှုနှင့်အတူ ကိုယ်ကျင့်တရားများကို အလေးထားတတ်ကြမည် ဆိုပါလျှင် ကျွန်ုပ်တို့နိုင်ငံ သူများနောက်ကျန်ခဲ့စရာအကြောင်း မရှိပါပေ။

တိုးတက်ထွန်းကားနေသော နိုင်ငံများ၏ လူနေမှုစနစ်များကိုကြည့်၍ အားကျနေရုံ၊ ပါးစပ်ကသာ ဒီမိုကရေစီဟု ကြွေးကြော်နေရုံမျှနှင့် မပြီးဘဲ သူတို့ဆီမှ ကောင်းမွန်သည့် အပြုအမူနှင့် နိုင်ငံကြီးသား ပီသသည့် စရိုက်လက္ခဏာများကိုပါ  အားကျအတုယူတတ်ဖို့ လိုပါသည်။ မြို့ပြဧရိယာ အတွင်းရှိ ပလက်ဖောင်းဘေး အပေါ့သွားခြင်းသည် နိုင်ငံသားကောင်းတစ်ဦး၏ လုပ်ရပ်မဟုတ်သကဲ့သို့ အများပြည်သူစုဝေးရာနေရာများတွင် အရက်သေစာစုဖွဲ့စားသောက်ခြင်းမျိုးသည်လည်း မဖြစ်သင့်သောအပြုအမူပင်ဖြစ်၏။ တာဝန်ရှိသူ အစိုးရများအနေဖြင့် လမ်းဆုံလမ်းခွများ၊ လူစည်ကားရာ နေရာများနှင့်   ညဈေးလိုနေရာမျိုးများတွင် အများသူငါကြည့်ရှုနိုင်ရန် ဆိုင်းဘုတ်ကြီးများ စိုက်ထူပေးထားသည်ကိုတွေ့ရှိရပါသည်။ မြန်မာဟူသောစိတ်ဖြင့် မြန်မာ့အားကစားပွဲများ၊ မြန်မာ့အားကစားသမားများကို အားပါးတရအားပေးသည်မှာ အမျိုးသားရေး စိတ်ဓာတ်ကောင်း ဖြစ်သော်လည်း ကျယ်ပြန့်လှသော ကတ္တရာလမ်းမထက် ဘီယာပုလင်း၊ အရက်ပုလင်းများချ၍ သောက်စားအားပေးခြင်းသည်ကား မဖြစ်သင့်သောအရာပင်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းအား လူ့အခွင့်အရေးဟု ကင်ပွန်းတပ်၍ မရပါချေ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟူသော ဝေါဟာရကို တိတိကျကျနားမလည်သူများ၏ အပြုအမူများပင် ဖြစ်ပါသည်။

အနှစ်ချုပ်ရပါလျှင် အစိုးရအနေဖြင့် တိုင်းပြည်တစ်ဝန်း အခြေခံအကျဆုံးဖြစ်သည့်   လမ်းပန်း ဆက်သွယ်ရေးနှင့် အခြားသော ဘက်စုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပေါ် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင်   ပြည်သူများကလည်း ရင့်ကျက်သောအသိတရားများဖြင့် ကိုယ်စီကိုယ်စီ ပူးပေါင်း ပါဝင်သွားကြရမည် ဖြစ်ပါသည်။ သို့မှသာ ညီညာမှ ပြည်သာမည် ဆိုသည့်အတိုင်း ဖွံ့ဖြိုးသာယာ ပြည်မြန်မာကြီးကို ဖန်တီးနိုင်လိမ့်မည် ဖြစ်ပါသည်။   ။