ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်းခြင်းများ ဆောင်ရွက်
နေပြည်တော် ဧပြီ ၆
ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်ရှိ ဆုတောင်းပြည့် ကျောင်းတိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ သုခိတာရာမပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်အောင်တောရ ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်ကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ ဓာတ်တော်ကျောင်းစာသင်တိုက်သို့ လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။