ထိုင်းနိုင်ငံ၌ နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် မန်ယူနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်၏ လက်မှတ်ခမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ လက်မှတ်ခထက်ပင် ဈေးနှုန်းမြင့်တက်နေ

ထိုင်းနိုင်ငံ၌ နိုင်ငံတကာ ခြေစမ်းပွဲကစားမည့် မန်ယူနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်၏ လက်မှတ်ခမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ လက်မှတ်ခထက်ပင် ဈေးနှုန်းမြင့်တက်နေ

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမတိုင်မီ ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနှင့်  လီဗာပူးအသင်းတို့သည် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲကစား မည်ဖြစ်ပြီး  အဆိုပါပွဲစဉ် အတွက်  လက်မှတ်ခမှာ  ချန်ပီယံလိဂ်ပြိုင်ပွဲ  ဗိုလ်လုပွဲ  လက်မှတ်ခထက်ပင် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်   ထိပ်သီးအသင်းများ အနေဖြင့် ရာသီသစ်မစတင်မီ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်အဖြစ် နှစ်စဉ်သွားရောက်ကြပြီး ပြီးခဲ့သည့်နှစ်နှစ်အတွင်းက ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ မသွားရောက်ခဲ့သော်လည်း ယခုနှစ် တွင် ပြည်ပခရီးစဉ်များ ပြန်လည်သွားရောက်ကြမည် ဖြစ်ပြီး  မန်ယူနှင့်  လီဗာပူးအသင်းတို့သည်လည်း ပြည်ပလေ့ကျင့်ရေး ခြေစမ်းပွဲအဖြစ်  ဇူလိုင်  ၁၂ ရက်တွင် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အားကစားကွင်း၌ ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။

အဆိုပါပွဲစဉ်အတွက် လက်မှတ်ခများကို ပွဲစီစဉ်သူများက အားကစားကွင်း၏ နေရာအလိုက် သတ်မှတ်ကာ အမျိုးအစား ခုနစ်ခုအထိ ခွဲခြားထားပြီး အနည်းဆုံး လက်မှတ်ခကို ဘတ်  ၅၀၀၀  သတ်မှတ်ထားကာ အကောင်းဆုံးနေရာအတွက် လက်မှတ်ခကို ဘတ် ၂၅၀၀၀ အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

လက်မှတ်ခများကို စတာလင်ပေါင်နှင့် တွက်ချက်မည်ဆိုပါက  အနည်းဆုံးလက်မှတ်ခမှာ စတာလင် ပေါင်  ၁၁၄  ပေါင်နှင့်  အများဆုံး လက်မှတ်ခမှာ စတာလင်ပေါင် ၅၆၉ ပေါင် ကျသင့်မည်ဖြစ်သည်။

လက်ရှိ ဥရောပဘောလုံး အဖွဲ့ချုပ်က ကျင်းပနေ သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြီးခဲ့သည့် ဘောလုံး ရာသီက ဗိုလ်လုပွဲအတွက် လက်မှတ်ခမှာ စတာလင်ပေါင်  ၅၀၆  ပေါင်သာရှိပြီး ယခုအခါ  လီဗာပူးနှင့် မန်ယူအသင်းတို့ ကစားမည့်ပွဲစဉ်မှာ   ချန်ပီယံလိဂ် ပြိုင်ပွဲ ဗိုလ်လုပွဲ၏    လက်မှတ်ခထက်များနေကြောင်း သိရသည်။