တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုးသင်္ကြန်မိုးဆိုသော စကားအတိုင်း တန်ခူးလတွင် ဖက်ရွက်များစိုရုံသာ ရွာသောမိုးကို သင်္ကြန်မိုးဟု တင်စားခေါ်ဝေါ်ကြသည်။
လေရူးနှင့်အတူ ရော်ရွက်ဝါတို့သည် ဝေ့ကာဝဲကာဖြင့် မြေသို့ကြွေကျလေသည်။ မိုးအခါပုန်းရှောင်နေသည့် နွေဥသြလေးကလည်း ဥသြ ၊ ဥသြဟုအော်မြည်ကာ အလွမ်းသီချင်းတစ်ပုဒ်ကို သီကျူးနေသည်။ မခူးချင်စမ်းပါနဲ့၊ နှစ်ဆန်းခါတော်မီမို့၊ ဇမ္ဘော်ရည်ပြေပြေလိမ်းကာပ၊ ခပ်သိမ်းနှယ်စုံစုံသို့၊ ပွင့်ငုံကိုလင့်ကုန်ကြတော့လို့ ခေါင်းကြွကာတဝေေ၀နဲ့၊ သူလည်းလေလောကီသားလိုပ၊ ကြွားချင်လှပေလိမ့်မယ် ဟူသော ဆရာဇော်ဂျီ၏ ကဗျာစာသားကဲ့သို့ ပိတောက်ပန်းများသည် နှစ်ဆန်းချိန်တွင် ရွှေရည်များကိုလူးခြယ်ထားသည့်အလား ပင်ယံထက်၌ အခက်အလက်များဖြင့် ဝေေ၀ဆာဆာပွင့်နေကြသည်။ ထိုပန်းများကိုမခူးကြပါနှင့်။ သူတို့သည်လည်း လောကီသားများ ဖြစ်သည့် အားလျော်စွာ ကြွားချင်ကြပါလိမ့်မည်။ တစ်နှစ်မှာတစ်ခါ၊ တစ်ခါသော်သည်တစ်လ၊ တစ်လမှာတစ်ရက်တည်း၊ ခက်ခဲတဲ့ပိတောက်ဝါဆိုသည့်အတိုင်းတစ်နှစ်လျှင် တစ်ကြိမ် တန်ခူးလရောက်မှသာ ဖူးပွင့်ကြ၏။ တစ်လအတွင်း၌သင်္ကြန်အတက်နေ့တွင် ဖြိုင်ဖြိုင်ပွင့်တတ်သည်။ ကျန်သည့်အချိန်၌ပွင့်သော ပိတောက်သည်အစစ်မဟုတ်ဘဲ မိုးပိတောက်များသာ ဖြစ်ကြသည်။
တန်ခူးဟူသော ဝေါဟာရသည် တန်းခူးမှဆင်းသက်လာခြင်း ဖြစ်၏။ တန်းဆိုသောစကားမှာ ထန်းဖြစ်၍ ခူးဆိုသည်ကား ခူးဆွတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထန်းသီးများ ခူးဆွတ်သောလဟု အဓိပ္ပာယ်ရသည်။
တောင်လေလာဝါနဲ့ထမ်း၊ မြောက်လေလာဘူးနဲ့ခရမ်းဟူသောဆိုရိုးမှတ်တမ်းအရ တန်ခူးလ၌တောင်အရပ်မှ လေများ တိုက်ခတ်လေ့ရှိပြီး ထန်းရည်များလှိုင်လှိုင် ထွက်သောအချိန်လည်းဖြစ်ပေသည်။ တပေါင်းလသည် မြန်မာနှစ်တစ်နှစ်၏ ကျန်ရစ်ခဲ့သော နောက်ဆုံးလဖြစ်ပြီး နှစ်ဟောင်းကုန်ကာ တန်ခူးအတာသို့ရောက်ရှိသည်နှင့် ရာသီနှစ်သစ်သို့ ကြုံရသောကာလ ဖြစ်သည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများဖြင့် ထင်ရှားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
တိုင်းရင်းသားတို့၏ရိုးရာပွဲတော်များနှင့် လအလိုက် ကျင်းပသော ၁၂ လရာသီပွဲများလည်း ဆင်နွှဲလျက် ရှိ၏။ ၎င်းတို့အနက်မှ တန်ခူးလတွင် ကျင်းပသည့် သင်္ကြန်ပွဲတော်သည် ပျော်ရွှင်စရာ အကောင်းဆုံးဖြစ်ပေသည်။ လရာသီပွဲတော်အဖြစ်နှင့်သာမကပဲရိုးရာပွဲတော် တစ်ခုအနေဖြင့်လည်း ဂုဏ်တင့်လျက်ရှိ၏။ သင်္ကြန်ဆိုသောစကားမှာ ပါဠိဘာသာတွင် သင်္ကန္တဟုခေါ်ဆိုပြီး သက္ကတဘာသာ၌ သင်ကွန်တဟု ခေါ်ဆိုရင်းဖြစ်ရာ ကူးပြောင်းခြင်းကိုဆိုလိုသည်။ သင်္ကြန်ပွဲတော် ပေါ်ပေါက်လာပုံမှာ ဟိန္ဒူဝါဒမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ သိကြားမင်းနှင့်ဗြဟ္မာမင်းတို့သည်အချင်းများကြရာမှ ကဝါလမိုင်းဆရာထံ အဆုံးအဖြတ်ခံယူသည့်အခါ ဗြဟ္မာမင်းက ရှုံးနိမ့်သဖြင့် သိကြားမင်းမှာဗြဟ္မာမင်း၏ ဦးခေါင်းကို ရရှိလေ၏။ ဗြဟ္မာမင်းသည်တန်ခိုးကြီးသဖြင့် ထိုဦးခေါင်းမှာ ပင်လယ်အတွင်းသို့ သက်ဆင်းလျှင် ရေခန်းမည်ဖြစ်ပြီး ကောင်းကင်ယံသို့ လွှင့်တင်ပါက သတ္တဝါများ ဆုံးပါးမည်ဖြစ်၏။ မြေကြီးတွင် ထားလျှင်လည်း တိုင်းကားပြည်ရွာ မီးလောင်မှာဖြစ်၍ မည်သည့်နေရာတွင် မျှမထားလိုဘဲ လက်ထဲ၌သာကိုင်၍ထားရလေသည်။ ကာလကြာရှည် လာသောအခါ နတ်သမီးကညာ ခုနစ်ဖော်အားသက်သေထား၍ တစ်နှစ်လျှင် တစ်ယောက်စီဖြင့် အလှည့်ကျ ကိုင်ဆောင်ရန် စီမံလိုက်သည်။ တစ်ဦး၏ လက်မှတစ်ဦး၏ လက်သို့ မပျက်မကွက်လွှဲအပ်မည့် အချိန်ကာလကို ပုဏ္ဏားတို့ကတွက်ချက်ရလေ၏။
ထိုကဲ့သို့ကူးပြောင်းချိန်သည်တန်ခူးလဖြစ်ပြီး သင်္ကန္တဟု ခေါ်ဆိုခဲ့ရာမှ သင်္ကြန်အဖြစ်သို့ ဧကန်ပြောင်းလဲလာခဲ့ပြီး နှစ်သစ်ကူးပွဲတော်တစ်ရပ် သတ်မှတ်ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
သိကြားမင်းသည်သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ လူ့ပြည်သို့ ဆင်းသက်၍ ကောင်းမှုပြုသောသူများ ၏အမည်အား ရွှေပေလွှာတွင်ရေးသားပြီး မကောင်းမှုပြုသောသူများကို ခွေးသားရေတွင် ရေးမှတ်လေ၏။
ဗုဒ္ဓဘာသာဝင်တို့သည် ထင်မြင်ချက်တွင်ပါဝင်မည်ကို စိုးရိမ်ကြသဖြင့် ထိုရက်များတွင် မကောင်းမှုများကို မပြုလုပ်ကြပေ။ သိကြားမင်းသည်လူ့ပြည်သို့ ဆင်းသက်သည့် အချိန်နှင့် နတ်ပြည်သို့ပြန်လည်တက်သည့်အချိန် လက်ထဲ၌မည်သည့်အရာကိုကိုင်ဆောင်၍ ဆင်းသက်ကြောင်း တစ်နှစ်စာမိုးလေဝသခန့်မှန်းချက်များ စသည်ဖြင့် ပါဝင်သည့် သင်္ကြန်စာမှာ ယနေ့ထက်တိုင် ဖတ်ရှုကြမြဲဖြစ်သည်။ မြန်မာလူမျိုးတို့သည် အတာအိုးဟုခေါ်သည့် မြေအိုးငယ်များတွင် အုန်းရွက်၊ မာလကာညွန့်၊ တမာညွန့်၊ ဒန်းညွန့်၊ ကြံရွက်၊ ဆီးညွန့်၊ မြေဇာမြက်နှင့် ပိတောက်ပန်းခက်စသည်ဖြင့် ရောယှက်၍ ထိုးကာ သိကြားမင်းနှင့်သင်္ကြန်ကို ကြိုဆိုသောအားဖြင့် အိမ်ရှေ့တွင်ထားကြသည်။ အုန်းရွက်သည် တနင်္ဂနွေအရွက် စသည်ဖြင့် နေ့နံခုနစ်ခုစုံလင်အောင် သစ်ခက်သစ်ရွက်များကို တွဲဖက်စီစဉ်ကြ၏။ ယနေ့ကာလတွင် ကုက္ကားငယ်များကိုပါ အသုံးပြုလာကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် မိမိတို့၏ ရပ်ရွာအတွင်း၌ အန္တရာယ်ကင်းရှင်းစေရေးအတွက် သံဃာတော်များကိုပင့်ဖိတ်ပြီး ပရိတ်တရားရွတ်ပွားခြင်းများကို လုပ်ဆောင်ကြသည်။
သင်္ကြန်ပွဲတော်သည် မြန်မာပြည်သူပြည်သား အားလုံး၏ ဘဝင်နှလုံးကို ရွှင်ပြုံးစေသည်။ ပုဂံခေတ်မှယနေ့ခေတ်ထိ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာမြဲ ဖြစ်ပေသည်။ ရှေးမြန်မာတို့သည် ရေသဘင်ပွဲတော်ဓလေ့ကို သိမ်မွေ့ယဉ်ကျေးစွာ ပြုမူခဲ့ကြ၏။ သင်္ကြန်ရေလောင်းပက် ကြရာတွင် အေးမြမြနံ့သာရည်ကို ငွေဖလားအတွင်း၌ ထည့်၍ သပြေခက်များဖြင့် တစ်ဦးနှင့်တစ်ဦးရွှင်မြူးစွာ ပက်ဖျန်းကြသည်။ နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့် ဘေးဥပဒ်အန္တရာယ်များ၊ စိတ်ဆိုးစိတ်ညစ်များအား ပပျောက်ကင်းစင်ကာသန့်ရှင်းခြင်းသို့ ရောက်ရှိစေရန်ရည်သန်၍ လုပ်ဆောင်ကြသည်။
ပူအိုက်သည့်ဒဏ်ကိုခံစားနေရာမှသင်္ကြန်ရေလောင်းလိုက်သည်နှင့် အေးချမ်းမှုကို ရရှိစေသည်။ သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်၊ ပက်စမ်းခင်ရယ် ဆိုတဲ့သီချင်းအတိုင်း သင်္ကြန်ရေစိုရွှဲခြင်းမှာ ဖျားနာမှုကင်းကြောင်း အဆိုရှိခဲ့ပေသည်။ ယနေ့ခေတ်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် ရေကစားဟန်မှာ ညင်သာမှု မရှိတော့ပေ။ တစ္ဆေသရဲပုံစံ မျက်နှာဖုံးများ တပ်ဆင်ခြင်း၊ နီကြောင်ကြောင် ဆံပင်ဆိုးဆေးများဆိုးခြင်း၊ ဟီရိသြတ္တပ္ပကင်းသော အဝတ်အစားများ ဝတ်ဆင်ကြခြင်း၊ မူးယစ်သောက်စား ရန်ဖြစ်ကြခြင်း စသည့် အပြုအမူများသည်မင်္ဂလာရှိသောသင်္ကြန်ကို အရုပ်ဆိုးအကျည်းတန်စေသဖြင့် ၎င်းအမူအကျင့်တို့ကို မလုပ်သင့်ကြပါ။ ရေကစားရာတွင်အကျီစားသန်သဖြင့် ရန်များခဲ့ရသော သာဓကတစ်ခုလည်း ရှိခဲ့ဖူးပါသည်။ ပုဂံခေတ်နရသီဟပတေ့မင်းသည် မိဖုရားစောလုံနှင့်ကြုံဆုံ၍ ရေကစားရာ၌ အိုးမည်းသုတ်ကာ စခဲ့နောက်ခဲ့သဖြင့် စောလုံမှအရှက်ရစိတ်ဆိုးကာ အညှိုးအတေးထားခဲ့၏။ ထို့နောက်ဘုရင့်၏ စားတော်ပွဲတွင် အဆိပ်ခတ်၍ သေကြောင်းကြံစည်ခဲ့ရာ မိဖုရားမှာ ကွပ်မျက်ခံခဲ့ရ၏။ သင်ခန်းစာယူသင့်သော ဇာတ်တစ်ပုဒ်လည်း ဖြစ်ပေသည်။
သင်္ကြန်ကာလ၌တောရောမြို့ပါမကျန် သင်္ကြန်တေးသံများမှာ လွင့်ပျံနေ၏။ ဆရာမြို့မငြိမ်း၏မန်းတောင်ရိပ်ခို၊ ညိုမြနှင့်တူးပို့တူးပို့စသည့်သီချင်းများမှာ ယနေ့ထက်တိုင်မရိုးနိုင်သောသီချင်းများ ဖြစ်ကြသည်။ ဘေပုံ .. တူးပုံ ...တူးပုံ .. တူး၊ ဘေပုံ..တူးပုံ ...တူးပုံ...တူး၊ ဆိုသည့်သင်္ကြန်ဒိုးဆစ်သံသည် ကချင်ခုန်ချင်စိတ်ကိုဖြစ်ပေါ်စေ၏။ ရပ်ကွက်အလိုက်၊ ဌာနဆိုင်ရာအလိုက်သက်ဆိုင်ရာယိမ်းအကမဏ္ဍပ်များ ဆောက်လုပ်ပြီးညပိုင်းတွင် ယှဉ်ပြိုင်စေခြင်း၊ နေ့ခင်းပိုင်းတွင် အလှပြကားများဖြင့် သီဆိုကခုန်ခြင်းတို့ကို ပြုလုပ်ကြ၏။ ယခုအခါတွင် သာယာနာပျော်ဖွယ် မရှိသော အနောက်တိုင်းဒီဂျေတီးလုံးများဖြင့် သီဆိုမှုမှာ ဆူညံလှသည်။ စတုဒိသာကျွေးသော မဏ္ဍပ်များလည်း ရှိပါသေးသည်။ စတုဆိုသည်မှာ လေးဂဏန်းဖြစ်ပြီး ဒိသာဟူသော စကားမှာ အရပ်လေးမျက်နှာကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် အရပ်လေးမျက်နှာမှ အယုတ်အလတ်အမြတ်မရွေးမည်သူမဆို ဝင်ရောက်စားသုံးနိုင်ပေရာ ချစ်စရာကောင်းသော ဓလေ့တစ်ခုလည်း ဖြစ်ပေသည်။ ရင်ကိုအေးမြစေရန် ရည်ရွယ်၍ ရွှေရင်အေးတိုက်ကျွေးခြင်း၊ ကံနိမ့်သူများကံပေါ်လာစေရန်အတွက် မုန့်လုံးရေပေါ်ဖြင့် ဧည့်ခံခြင်း၊ ဘေးဘယာများ ဝေးကွာစေရန်အတွက် ဗယာကြော်များ ကျွေးခြင်းတို့ကို ဆောင်ရွက်ကြ၏။
သက်ကြီးရွယ်အိုများကို တရော်ကင်ပွန်းရည်တို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အကြော်ကရမက်နံ့သာများဖြင့် လိမ်းပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်းတို့ကို အဖွဲ့လိုက်လုပ်အား ကုသိုလ်ပြုကြသည်။ အချို့ကလည်းဒုလဒုလ္လဘရဟန်းဝတ်ကြ၍ အချို့ကလည်းဥပုသ်သီလ ဆောက်တည်ကြကာ ဆင်းတုတော်များကို ရေသပ္ပာယ်ကြ၏။ ထို့ပြင်ထူးခြားသော အစဉ်အလာတစ်ရပ်လည်းရှိသည်။ ၎င်းမှာဇီဝိတဒါနအဖြစ် ငါး၊ နွား၊ ငှက်များကို ချုပ်နှောင်ထားခြင်းမှ လွတ်ကင်းသည့်ဘေးမဲ့လွှတ်ပွဲကိုလည်း ဆင်နွှဲကြသည်။ ထို့ကြောင့် ဆရာဇော်ဂျီမှ တစ်ခုသောသင်္ကြန်အခါ ကဗျာ၌ တရုန်းရုန်းလာကြ၊ ဘယ့်နှာ့ပါလိမ့်၊ ထိန်လိုက်တဲ့ အိုးစည်သံ၊ နှဲကလည်ပီသနဲ့၊ သီသူကသီကြ၊ ကသူကလာ၊ နွားကြီးလည်းပါသဟေ့၊ ကျောပေါ်မှာကော်ဇော၊ အေးမွေ့ရာသနပ်ခါး၊ ချိုဖျားမှာပိတောက်ပန်းတွေက၊ တလှမ်းလျှမ်ရွှေအဆင်း၊ နွားစိတ်ထဲအခဲသားဝင်လိုက်ရ၊ ရွှင်လိုက်မည်ဖြစ်ခြင်းဟု နွားကြီးအားဘေးမဲ့လွှတ်ပုံကို ရေးသား ဖော်ကျူးခဲ့သည်။
ရွက်ဟောင်းကြွေ၍ရွက်သစ်ဝေသောဂိမှာန်အခါ ဝယ်ကံ့ကော်၊ ကြက်ရုန်း၊ ဂမုန်း၊ ခတ္တာ၊ ငုဝါ၊ ပိတောက်တို့ ထိန်တောက်စွာပွင့်လန်းသည့် နှစ်ဆန်းချိန်သည် မင်္ဂလာအပေါင်းခညောင်းလျက် ရှိသည်။ ထိုကဲ့သို့အခင်းသာ သောရာသီ မိတ္တတန်ခူးလတွင်မြန်မာလူမျိုးတို့သည် သင်္ကြန်ပွဲတော်ကို နွှဲပျော်ကြသည်။ ဒါနကတဝေေ၀၊ ရေတွေကတရွှဲရွှဲဖြင့် ကောင်းမှုများ ပြုလုပ်၍ တောင်းဆုယူကြသည်မှာ အခြားအခြားသော နှစ်သစ်ကူးပွဲတော် များနှင့်မတူ တစ်မူထူးခြားသည့် ဝိသေသရှိသော ရေသဘင်ပွဲတော်ဟု ခေါ်ဆို နိုင်ပါတော့သည်။ ။
စိန်ဌေးလှိုင်