မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း (အငြိမ်းစား) ဦးဆောင်သည့် အဘိုးအဘွားများ လေ့လာကြည်ညို

နေပြည်တော်   ဧပြီ   ၆

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း (အငြိမ်းစား) ဦးဆောင်သည့် အဘိုးအဘွားများ သွားရောက် လေ့လာကြည်ညိုကြသည်။

ဦးစွာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း (အငြိမ်းစား)၊ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့်(အငြိမ်းစား) ဦးဆောင်သည့် အဘိုး အဘွားများအား ရှင်းလင်းဆောင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရုပ်ပွားတော်မြတ်ကြီး  တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ ရုပ်ပွားတော်မြတ်ကြီးထွင်းထု ဆောင်ရွက်နေမှုအခြေအနေ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်  စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအား အပိုင်းအလိုက် စကျင်တောင်မှနေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု အခြေအနေ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့်ရေးထိုးပူဇော်မည့် အခြေအနေ၊ ပလ္လင်တော်များအား ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်နေမှုအခြေအနေ၊ ဆင်းတုတော်ကြီး တည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကို ရတနာပုံခေတ် မြန်မာ့အနုပညာ လက်ရာစုံလင်စွာဖြင့် ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂)၊ အဘိုးအဘွားများနှင့် ဝန်ထမ်းမိသားစုများက  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး  မဟာတံတိုင်း နှစ်ကန့်စာအတွက် အလှူငွေကျပ် ၁၅ သိန်းကို ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် အဘိုးအဘွားများသည် ရုပ်ပွားတော်မြတ်ကြီးပုံစံငယ်များ၊ ကျောက်စာနမူနာများနှင့် ပိဋကတ်ကျောက်စာရုံပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များကို ကြည့်ရှုလေ့လာကြပြီး ပလ္လင်တော်များ နေရာချထားမှုနှင့် ခေတ်မီစက်များဖြင့် ထုဆစ်နေမှုများကို မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်လေ့လာ ကြည်ညိုကြကြောင်း သတင်းရရှိသည်။