မြန်မာကြိုက်စစ်ဇာတ်ကားများ

မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံ အစီအစဉ်တွေမှာ တပ်မတော်နေ့ကိုဂုဏ်ပြုတဲ့ မြန်မာစစ်ဇာတ်ကားကောင်းတွေ ပြသပေးခဲ့လို့ စဉ်းစားမိတိုင်း ကျေနပ်အားရ နေကြရပါတယ်။

စစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်လမ်းတွေဆိုတာ နိုင်ငံတကာမှာလည်း လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတာပါ။ ဒါကြောင့် ရုပ်ရှင်နဲ့ပတ်သက်ရင် ရှေးနှစ်ပေါင်း များစွာကတည်းက မင်းမူနေတဲ့ အမေရိကန် ဟောလိဝုဒ်မှလည်း စစ်ဇာတ်ကားကောင်းတွေကို ကြီးကျယ်ခမ်းနားစွာ ငွေအမြောက်အမြား စိုက်ထုတ်ရိုက်ကူးလေ့ ရှိပါတယ်။  အဲဒီလို ဟောလိဝုဒ်မှရိုက်ကူးရတဲ့ စစ်ကားကြီးတစ်ကားမှာ လွန်ခဲ့တဲ့နှစ်(၇၀) နီးပါးဆီက မြန်မာအမျိုးသမီး တစ်ဦးက ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ဖူးပါတယ်။ The Purple Plain ဆိုတဲ့ အဆိုပါ စစ်ဇာတ်ကားကြီးမှာ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Gregory Peck နဲ့အတူ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ခဲ့သူက ဝင်းမင်းသန်းပါ။ စစ်ကားကြီးကလည်း ဖြစ်ပြန် မြန်မာမင်းသမီးလည်း ပါဝင်တာဆိုတော့ ထိုစဉ်က မြန်မာပရိသတ်ကြိတ်ကြိတ်တိုး အားပေးခဲ့ရတဲ့ စစ်ဇာတ်ကားကြီးတစ်ကား ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်နဲ့ မရှေးမနှောင်းမှာပဲ မြန်မာနိုင်ငံမှာ To hell and back ဆိုတဲ့ စစ်ကားတစ်ကား ပြသခဲ့ဖူးသေးတယ်။ အဲဒီဇာတ်ကားထဲကမင်းသား အော်ဒီမာဖီ ဆိုသူက ဒုတိယကမ္ဘာစစ်မှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်သည်တစ်ဦးပါ။ To hell and back ရုပ်ရှင်ကားကလည်း  သူ့ရဲ့တပ်မတော်သားဘဝမှာ ကိုယ်တိုင်တိုက်ခိုက်ခဲ့ရတဲ့ ဘဝဖြစ်စဉ် တစ်ခုဖြစ်လို့ ပီပြင်အသက်ဝင်ပြီး မြန်မာပြည်မှာ အလွန်လူကြိုက်များတဲ့ စစ်ကားကောင်းတစ်ကား ဖြစ်ခဲ့ပါတယ်။ မင်းသားအော်ဒီမာဖီလည်း နောက်ပိုင်းသေနတ်ပစ် Cowboy ရုပ်ရှင်ကားတွေနဲ့ ဆက်လက်အောင်မြင်ခဲ့ပါတယ်။

မြန်မာပြည်မှာပြခဲ့တဲ့ စစ်ကားတွေထဲမှာ To hell and back ပြီးရင် The bridge on the river Kwai ဆိုတဲ့ ထိုင်း-မြန်မာနယ်စပ် သံဖြူဇရပ် မီးရထားလမ်းဖောက်လုပ်စဉ်က ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်ကားကြီးကလည်း အလွန်ကြည့်ကောင်းတဲ့ ဇာတ်ကားကြီးပါ။ အဲဒီဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေး Theme tune ကို မဟာမိတ်စစ်သုံ့ပန်းချွေးတပ်သားတွေ သံပြိုင်လေချွန်ပြီး အားတင်းလို့ ချီတက်လာကြရတဲ့ အခန်းနဲ့ ဇာတ်ကားအဖွင့်မှာကတည်းက ပရိသတ်ကြီးမှာ ကြက်သီးမွေးညင်းထမတတ်ခံစားခဲ့ကြရတာပါ။ အဆိုပါ မဟာမိတ်စစ်သုံ့ပန်း သံပြိုင်လေချွန်လာတဲ့ စစ်ချီတေးသွားမှာဖြင့် ယနေ့ထက်တိုင် ကမ္ဘာ့နိုင်ငံပေါင်းများစွာမှာ   မိမိတို့ ဘာသာစကားနဲ့ စာသားအမျိုးမျိုး ရေးစပ် အသုံးပြုနေကြရတဲ့အထိ အထူး အောင်မြင်ခဲ့ပါတယ်။

၁၉၆၀ တစ်ဝိုက်ဆီမှာတော့ လူကြိုက်အများဆုံးစစ်ကားကြီးက မင်းသားချော Gregory Peck နဲ့သဘာဝမင်းသားကြီး ဗညအသညပ ျှကငညည  တို့ပါဝင်တဲ့ The guns of Navarone ဖြစ်မှာပါ။ မဟာမိတ်သူလျှိုတွေက နေဗာရုန်းခံတပ်မှာ အမြောက်ကြီးများကို စွန့်စွန့်စားစားသွားဖျက်ခဲ့တဲ့ ထိပ်တန်းစွန့်စားခန်း ကွန်မန်ဒို စစ်ကားကြီးတစ်ကားပါ။

အဲဒီခေတ် ငွေကြေးအမြောက်အမြားစိုက်ထုတ်ပြီး ဇာတ်ကားကြီးတွေ အပြိုင်အဆိုင် ရိုက်ကူးနေတဲ့ခေတ်ပါ။ ဒီအထဲမှာ Gregory Peck ဆိုတဲ့ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးအဖြတ်ပေးမယ့် မဟာမိတ်တပ်ပေါင်းစုကြီးက ပြင်သစ်ပြည် နော်မန်ဒီကမ်းခြေကို တက်ရောက်သိမ်းပိုက်တဲ့ ကမ္ဘာ့အကြီးအကျယ်ဆုံး တိုက်ပွဲကြီးကို ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးတင်ဆက်တဲ့ မဟာစစ်ကားကြီးတစ်ကား ပေါ်ထွက်လာပါသေးတယ်။

အဆိုပါဇာတ်ကားမတိုင်မီကလည်း နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ တက်တိုက်တဲ့အကြောင်းကို D-day the sixth of June ဆိုတဲ့ ဇာတ်ကားထွက်ပေါ်ခဲ့ဖူးပေမယ့် The longest day အရှိန်အဝါကြောင့်မှေးမှိန်သွားခဲ့ရပုံပါ။ The longest day ဇာတ်ကားကြီးက ထိုစဉ်အချိန်ကာလဆီက အမေရိကန်ဟောလိဝုဒ်တွင်သာမက ဥရောပမှ နာမည်အကြီးဆုံး မင်းသားနဲ့ အဆိုတော်များအပါအဝင်  မင်းသား ၄၄ ဦးအထိ ပါဝင်သရုပ်ဆောင်ထားတဲ့ အဖြူအမည်းဇာတ်ကားကြီးဖြစ်လို့ နာမည်ကြီးမင်းသားအများဆုံး အသုံးပြုတဲ့ စံချိန်တင်နိုင်တဲ့ စစ်ကားကြီးတစ်ကား ဖြစ်ခဲ့ပါသေးတယ်။

The longest day ဇာတ်ဝင်တေးသွားကလည်း The bridge on the river Kwai ဇာတ်ကားထဲက စစ်ချီတေးလို အထူးလူကြိုက်များတဲ့ စစ်ချီတေးသွား ဖြစ်ခဲ့ရပြန်ပါတယ်။

၁၉၆၀၊ ၁၉၇၀ နောက်ပိုင်းမှာတော့ ဒုတိယကမ္ဘာစစ်တည်းက နာမည်ကြီးတိုက်ပွဲတွေ၊ ဗိုလ်ချုပ်ကြီးတွေ၊ ကိုရီးယားစစ်ပွဲတွေ နောက်ခံစစ်ရုပ်ရှင်ကားကြီးတွေ တစ်ကားပြီးတစ်ကား ပေါ်ထွက်လာလိုက်တာ ထွက်သမျှ စစ်ကားမှန်သမျှကို မြန်မာပရိသတ် အကြိုက်ချည်းဖြစ်ခဲ့ပါတယ်။ The battle of Britain; The herosof Telemark; The bridge too far; El; Alarmain; Tobruk; 5.for hell; Dirty dozen; The battle of Okinawa; Tora Tora Tora; Patern; Mac Arthur; Rhomel; Yamamoto; စတဲ့ ဇာတ်ကားတွေအားလုံး ပရိသတ်အကြိုက်ချည်းပါ။ The thin red line ဆိုတဲ့ ရုပ်ရှင်ကားဆိုလျှင် ကျွန်တော်တို့   မြန်မာ့တပ်မတော်စစ်သင်တန်း လေ့ကျင့်ရေးကျောင်းကြီးတွေမှာ မြန်မာဘာသာပြန်၊ မြန်မာစကားပြောနဲ့ သင်ခန်းစာ ဖော်ထုတ်ပြန်လည်ပြသခဲ့ဖူးပါတယ်။

၁၉၆၂ ဆီက မြန်မာနိုင်ငံမှာဆိုရင် မြန်မာ့တပ်မတော်ရဲ့ တော်လှန်ရေးကောင်စီ အစိုးရ တက်ခါစအချိန်ဆိုတော့ မြန်မာပြည်သူလူထု တစ်ရပ်လုံးက မြန်မာ့တပ်မတော်အပေါ်  ယုံကြည်အားကိုးခဲ့ကြတယ်။ ထိုစဉ်က  နိုင်ငံကျော် အကယ်ဒမီမင်းသားကြီးဖိုးပါ ကြီးက  ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုတဲ့ဟာသစစ်ကား တစ်ကား ရိုက်ကူးခဲ့ပါတယ်။ ဖိုးပါကြီးနဲ့ဇေယျတို့အတွဲပါဝင်တဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဇာတ်ကားက တော်လှန်ရေးကောင်စီခေတ်ဦးမှာ တပ်မတော်သားများနဲ့ ပြည်သူလူထုအကြား နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့ကြပုံတွေကို မြူးမြူးကြွကြွလှလှပပ ရိုက်ကူးထားတာပါ။ စစ်ပြီးခေတ်မြန်မာ့သမိုင်းမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာတိုင်းရင်းသားပြည်သူအားလုံး တစ်ဦးကိုတစ်ဦး အညမည အပြန်အလှန်ဖေးမကူညီကြပြီး ရေပက်မဝင်အောင် ပေါင်းစည်းညီညွတ်ခဲ့တဲ့ ရွှေရောင်ကာလလေးကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် က မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်သားတွေဆိုတာ တကယ်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် အစစ်တွေပါ။ ထိုစဉ်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ရုပ်ရှင်အဖွင့် သီချင်းကလည်း မြိုင်မှမြိုင်၊မြူးမှမြူး နားသောတဆင်ရသူအားလုံး ကြည်နူးပျော်ရွှင်လို့ မဆုံးဘူးပေါ့။

ထိုစဉ်ကာလက မြန်မာ့ရုပ်ရှင်ရဲ့ အဆင့်အတန်းကလည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းနေနိုင်ပြီဖြစ်ပါလိမ့်မယ်။ ရုပ်ရှင်မင်းသားချော ကျော်ဆွေဆိုရင် ဂျပန်ပြည်အထိကို ကိုယ့်စရိတ်နဲ့ကိုယ် ရုပ်ရှင်ပညာသွားရောက် ဆည်းပူးလေ့လာခဲ့ပြီး ပုလဲမျက်ရည်ဆိုတဲ့ စစ်ကားတစ်ကားကို ရိုက်ကူးထုတ်လုပ်လိုက်ပါတော့တယ်။   ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တပ်ကြပ်ကြီး ဆရာကျော်ဦးစီးတဲ့ တပ်စုတစ်စုရဲ့ စွန့်စွန့်စားစားတိုက်ခိုက်ပုံတွေကို ဇာတ်လမ်းဇာတ်ကွက် မိမိနဲ့ ရင်နင့်နေအောင် သပ်သပ်ရပ်ရပ်လေးတင်ပြသွားတာပါ။ မြန်မာ့ရုပ်ရှင် သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ စစ်ကားကြီးတစ်ကားအဖြစ် အောင်မြင်ခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ မြန်မာ့တပ်မတော်သားများ ဝင်ရောက်လာပြီး အောင်မြင်ခဲ့ကြသူတွေ မနည်းပါဘူး။ ဗိုလ်မှူးဗကို၊ ဗိုလ်ကြီးလှမြင့် (ဝင်းဦး)၊ ဆရာဝန်ဆေးဗိုလ်ကြီး မောင်သင်နဲ့ တပ်ကြပ်ကြီး ဇော်လွင်တို့ အားလုံးဟာ အကယ်ဒမီဆုရှင်မင်းသားတွေပါ။ ဒီဘက်ခေတ်အထိ စူပါစတားဖြစ်ခဲ့တဲ့ စူပါမင်းသားကြီး အကယ်ဒမီကျော်ဟိန်းသည်လည်း မြန်မာ့တပ်မတော်(ရေ) မှာတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့အထဲကမှ မင်းသားချောကြီး ဝင်းဦးကတော့ ရှာမှရှားတဲ့ စွယ်စုံရမင်းသားကြီးတစ်ဦးပါ၊ ရုပ်ချော၊ အသံကောင်းပြီး ပင်ကိုက စာအရေးအသားအဖွဲ့အနွဲ့အလွန်ကောင်းတဲ့ စာရေးဆရာတစ်ဦးဖြစ်တဲ့အပြင် ရုပ်ရှင်နယ်မှာ ကိုယ်ပိုင်ကုမ္ပဏီထူထောင် ကိုယ်တိုင်ရေးသားပါဝင်သရုပ်ဆောင် ဒါရိုက်တာလုပ်၊ ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်ကားမှန်သမျှကလည်း အထူးအောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်ချည်း ဖြစ်ခဲ့ရတာပါ။ ပိတောက်ရိပ်ဝယ် ဆိုတဲ့ ရုပ်ရှင်ထဲမှာဆိုရင် သာမန်လက်ဝှေ့သမား တပ်ကြပ်လေးတစ်ယောက်အနေနဲ့ သင်္ကြန်အခါနောက်ခံ ဇာတ်လမ်းလေးပါ။ သင်္ကြန်အခါနီးပြီဆိုရင် ဝင်းဦးရဲ့ ပိတောက်ရိပ်ဝယ် ဇာတ်ကားကလည်း သင်္ကြန်အထူးအစီအစဉ်အနေနဲ့ မကြာခဏ ပြန်လည်ပြသရတဲ့ ဇာတ်ကားလေးတစ်ကားပါ။ ပိတောက်ရိပ်ဝယ် ရုပ်ရှင်မတိုင်ခင်က ဟောလိဝုဒ်ရုပ်ရှင်၊ ပျိုမေတို့ အသည်းစွဲ Rock ဘုရင်ကြီး Elvis Presley ပါဝင်တဲ့ G.I Blues ဆိုတဲ့ တေးဂီတ စစ်ကားလေး တစ်ကားထွက်ခဲ့ပါတယ်။ အဲဒီထဲမှာ မင်းသားပရက်စလီက Frankfurt ဆိုတဲ့သီချင်းကို စစ်ဝတ်စုံလေး သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး ရဲဘော်သူငယ်ချင်းများနဲ့အတူ မီးရထားပေါ်မှာ ဂီတာလေးပိုက်လို့ မြူးမြူးကြွကြွ ပျော်ပျော်ရွှင်ရွှင် သီဆိုသွားတဲ့ မြူးမြူးကြွကြွဇာတ်ဝင်ခန်းတစ်ခန်းပါဝင်ပါတယ်။ ဒီလိုပါပဲ မင်းသားဝင်းဦးကလည်း ပိတောက်ရိပ်ဝယ် မှာ အဖော်တွေ တို့များနဲ့စုံလင် အစချီတဲ့ သီချင်းလေးကို ပရက်စလီစတိုင် ရဲဘော်ရဲဘက်သူငယ်ချင်းတွေနဲ့ တပျော်တပါးကြီး မြူးမြူးကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုသွားလိုက်ပုံများမှာဖြင့် ထိုခေတ်အခါက စစ်သည်လေးများအားလုံးက သဘောကျခဲ့ကြရတာပါ။ ထိုစဉ် ကာလက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် လေ့ကျင့်ရေးအရန်တပ်ရင်း (U.T.C) တပ်ရင်းများမှ တက္ကသိုလ်ကျောင်းသား တွေဆိုရင်လည်း နွေရာသီစခန်းထွက်ကြရာမှာ ဂီတာတွေမရမက ယူခဲ့ကြပြီး အဲဒီသီချင်းတွေကို မဆိုမဖြစ်ဆိုကြရတဲ့ သီချင်းလေးပေါ့။

တကယ်တော့စစ်ဝတ်စုံဆိုတာ သတ်မှတ်ထားတဲ့အတိုင်း စနစ်တကျသပ်သပ်ရပ်ရပ် ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကြမယ်ဆိုရင် ဘယ်လို ဖက်ရှင်ဒီဇိုင်းမှ တုနှိုင်းမယှဉ်သာတဲ့ ဆွဲဆောင်မှု အရှိဆုံးဝတ်စုံတွေပါ။ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ကားကြီးတွေမှာဆိုရင် အမေရိကန်၊ ဗြိတိန်ဗိုလ်ချုပ်ကြီးတွေသာမက ဂျာမန်စစ်သည်တွေ၊ ဂျပန်စစ်သည်တွေကအစ တွေ့မြင်ရတာ အလွန်စမတ်ကျနေတာ သတိပြုမိကြမှာပါ။ G.1 Blues ရုပ်ရှင်ထဲမှာပဲ Rock ဘုရင် မင်းသားချော Elvis က အမေရိကန်စစ်ဝတ်စုံကို သေသပ်စမတ်ကျစွာဝတ်ဆင်ပြီး ဂျာမန်သူ ပျိုဖြူလေးနဲ့  ပျော်ပျော်ပါးပါးလျှောက်လည်ရင်း ရုပ်သေးပွဲတစ်ခုမှာ  ကလေးငယ်လေးတွေကို Wooden heart  ဆိုတဲ့  သီချင်းလေးဆိုပြသွားလိုက်ပုံမှာဖြင့်   ထိုစဉ်က  လူငယ်အများအပြားစစ်ထဲဝင်လိုစိတ်တွေ တဖွားဖွားနိုးကြားလာစေရန် နှိုးဆွလှုံ့ဆော်ပေးနေ သကဲ့သို့ ဖြစ်နေပါတော့တယ်။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ စစ်ကားတွေရဲ့ စွမ်းပကားက ကြီးမားလွန်းပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျော်ဆွေရဲ့ ပုလဲမျက်ရည် နောက်ပိုင်း၊ စာရေးဆရာဗိုလ်မြင့်ရဲ့စစ်ဝတ္ထုတွေကို အသက်သွင်းရိုက်ကူးတဲ့ ၁၃ ရက် ၁၃ ယောက် ၁၃ နာရီ လို ရုပ်ရှင်တွေ၊ ကျော်ဟိန်းရဲ့ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ နှလုံးသားနဲ့ စစ်တာဝန် ၊ တွံတေးသိန်းတန်ရဲ့ ထွေးညို၊ အသက်ကိုနှင်း၍ တို့အပြင် ဆရာရောင်နီရဲ့ ဆောင်း၊ စောနှမမိုးနှင်းဆီ၊ ရှမ်းပြည်ရောက်ဧည့်သည်ရယ် စတဲ့ ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုနဲ့ မြန်မာတိုင်းရင်းသား လူငယ်တွေ မြန်မာ့တပ်မတော်ထဲကို စိတ်အားထက်သန်စွာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ကြတာ   မနည်းပါဘူး။

မြန်မာ့တပ်မတော်က ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ဆီက အမိမြေမှ သားကောင်းများ ဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးထုတ်လုပ်ဖူးပါတယ်။ ဗိုလ်မှူးသီဟသူရသိန်းထွန်းတင် စွမ်းရည်သတ္တိဘွဲ့တွေရတဲ့ ပွိုင့်၆၀၄၁ စခန်းကုန်းတိုက်ပွဲကို အခြေခံရိုက်ကူးထားတဲ့ အဲဒီစစ်ကားကြီးထဲမှာ မင်းသား၊ မင်းသမီးအားလုံးတပ်မတော်သားများသာ ပါဝင်သရုပ်ဆောင်ထားတာပါ။ ကန့်သတ်ချက်များစွာနဲ့ ချွေချွေတာတာရိုက်ကူးခဲ့ရတာဖြစ်လို့ ပျော့ကွက်၊ ဟာကွက်တွေရှိခဲ့ပေမယ့် တပ်မတော်ရဲ့စေတနာကို အရင်းပြုရိုက်ကူး ထားတာဖြစ်လို့ လူထုပရိသတ်က မေတ္တာနဲ့ တုံ့ပြန်အားပေးခဲ့ကြပါတယ်။ ထိုစဉ်က သမ္မတရုပ်ရှင်ရုံကြီးမှာကို ရုံတင်ပြသနိုင်ခဲ့ပြီး ရုံပြည့်ရုံလျှံ အားပေးခြင်းကိုခံခဲ့ရတာပါ။

မြဝတီရုပ်သံပေါ်လာချိန်မှာတော့ တပ်မတော်နေ့ဂုဏ်ပြုဗီဒီယို ရုပ်သံဇာတ်လမ်းတွေ နှစ်စဉ်ဆိုသလိုဆက်တိုက်ထွက်လာပါတော့တယ်။ အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။မြန်မာ့တပ်မတော် ဆိုသည်ကလည်း မြန်မာတိုင်းရင်းသား မိဘပြည်သူများက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းကြီးသာဖြစ်သည်မို့ တပ်မတော်ဂုဏ်ပြုဇာတ်လမ်းများ (စစ်ဇာတ်ကား)များကို တိုင်းရင်းသားပြည်သူအပေါင်းမှ နှစ်ထောင်းအားရ ကြည့်ရှုအားပေး ခဲ့ကြတာ စိတ်ချမ်းသာစရာပါ။ အရင်က လုံးချင်းဇာတ်လမ်းများနဲ့ တစ်ညတည်းနဲ့ တစ်ပုဒ်ပြနေရာမှ၊ တပ်မတော်စိန်ရတုအထူးအစီအစဉ် တစ်စစ် တစ်မက် ကိုယ်နှင့်သက်ကို  ဇာတ်ကားကိုတော့ ဇာတ်လမ်းတွဲအနေနဲ့ အားရပါးရ  ပြည့်ပြည့်စုံစုံ  စိတ်ရှည်ဇွဲသန်စွာနဲ့ ကြိုးစားထုတ်လုပ်လိုက်တာ  ပရိသတ်ကြီးအနေနဲ့ အားပါးတရစုံစုံလင်လင် ကြည့်ရှုခွင့် ရခဲ့ကြရပါတော့တယ်။  ရိုက်ကူးထုတ်လုပ်သူတွေရဲ့  စေတနာကို အထင်အရှား ခံစားလိုက်ကြရတာပါ။

တပ်မတော်နေ့  ဂုဏ်ပြုဇာတ်လမ်းတွဲ  ကြယ်နဲ့အတူ ကတော့ မျှော်လင့်ထားကြတာထက် ပိုမိုအဓိပ္ပာယ်ပီပြင်နေတာဖြစ်လို့ လူထုရဲ့နှလုံးသားမှာ စွဲငြိလို့နေပါတော့တယ်။ ပါဝင်သရုပ်ဆောင်ပေးတဲ့ ဝါရင့်မင်းသား၊ မင်းသမီးတွေရဲ့ ပညာ၊ သမ္ဘာနဲ့ စေတနာကိုလည်း မလေးစားဘဲမနေနိုင်တော့ပါ။

ထူးခြားတာကတော့ ကြယ်နဲ့အတူ ဇာတ်လမ်းတွဲကြီးအပြင် ၂၀၂၂ ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များရဲ့ ကဏ္ဍကိုဖော်ပြထားတဲ့ အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့ ဂုဏ်ပြုဇာတ်လမ်းတွဲကြီးကို ပါ တစ်ဝကြီးကြည့်ရှုခွင့်ရခဲ့ကြတာပါ။ အလွန်ပီပြင်တဲ့ ဇာတ်ကားကြီးပါ။ ကြည့်မိသူတိုင်း တသသနဲ့ စွဲငြိစေတဲ့ ဇာတ်ကားဖြစ်လို့ အခုအချိန်အထိ Youtube တွေထဲမှာ ကူးယူပြီး မကြည့်ရသေးသူတွေ ရှာဖွေကြည့်ရှုနေကြတာတွေ့နေကြရပါတယ်။ ကြည့်ပြီးသူတိုင်း နှစ်သက်ကြပါတယ်။

စစ်ဇာတ်ကားများကိုကြိုက်တဲ့ မြန်မာရုပ်ရှင်ကြည့်ပရိသတ်အတွက် အခြေအနေအချိန်အခါနဲ့ လိုက်လျောညီထွေစွာ ဒီလိုအဖိုးတန်စစ်ဇာတ်ကားကြီးတွေကို ယခုလိုစေတနာအပြည့်နဲ့ တင်ပြပေးတဲ့ တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်လှပါတယ်။

ဂုဏ်ပြုထိုက်တဲ့တပ်မတော်သားများကို  ဂုဏ်ပြုပေးတာဖြစ်လို့လည်း မင်္ဂလာရှိလှပါပေတယ်။ သာဓု၊ သာဓု၊ သာဓု။   ။

မှူးသခင်