နေပြည်တော် ဧပြီ ၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း ၂၃၁ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၂ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင် မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုး တွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်းရရှိသည်။