မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ- စေတီပြင်ကျေးရွာသွားကားလမ်းဘေးရှိ ကျေးရွာ သစ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြိုတိုင်းရင်းသားများအား ထောက်ပံ့ငွေ၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ- စေတီပြင်ကျေးရွာသွားကားလမ်းဘေးရှိ ကျေးရွာ သစ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြိုတိုင်းရင်းသားများအား ထောက်ပံ့ငွေ၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီ - ၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ စီစဉ်ကူညီ ဆောင်ရွက်ပေးမှုဖြင့် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ကျောက်ပန္ဒူ- စေတီပြင်ကျေးရွာသွား ကားလမ်းဘေးရှိ ကျေးရွာသစ်၌ အခြေချနေထိုင်လျက်ရှိသည့် မြိုတိုင်းရင်းသားများ စားရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေ၊ ဆန်နှင့် လူသုံး ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ သစ်၌ပြုလုပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြိုတိုင်းရင်းသား အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျေးရွာသစ်တွင် အခြေချနေထိုင်လျက်ရှိသည့် မြိုတိုင်းရင်းသား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၅၄ စုအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၂၇၀ ကိုလည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ  ဆန်အိတ် ၁၀၆ အိတ်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါဝင်သည့် Family Kits  ၅၄ ပုံးတို့ကိုလည်းကောင်း ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။