ရေကြည်မြို့နယ်၊ အင်္ဂပူမြို့နယ် နှင့် ပန်းတနော်မြို့နယ်များရှိ လေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော်၊ ဧပြီ - ၈
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၇ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အင်္ဂပူမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များ အမိုးလန်၊ ပြိုကျ မှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါကျေးရွာများသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်နှင့် စားသောက် ဖွယ်ရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ သွားရောက် ထောက်ပံ့ပေးအပ်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရေကြည်မြို့နယ်၊ တောင်ယာတန်းကျေးရွာ၊ ဆင်းကူ အရှေ့ကျေးရွာ၊ အကယ်ကြီးကြို့ကုန်းကျေးရွာနှင့် ငါးသိုင်းချောင်းမြို့၊ မြို့သစ် ရပ်ကွက်၊ အင်္ဂပူမြို့နယ်၊ ကျုံပိုကျေးရွာ၊ ပန်းတနော်မြို့နယ်၊ ကျုံငန်းကျေးရွာ၊ ကျုံကတော် ကျေးရွာ၊ သုံးဂွကျေးရွာနှင့် ကျုံတိုင်းကလေးကျေးရွာများတို့ရှိ နေအိမ် ၁၅ လုံး အမိုးလန်၍ နေအိမ် ၉ လုံး ပြိုကျပျက်စီးခဲ့ရာ တာဝန်ရှိသူများက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်း ၁၈ မျိုးပါ ၉ ပုံး၊ ထောက်ပံ့ငွေများ၊ ဆန်၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။