ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် နှစ်ဟောင်းကုန်ဆုံးသည့်အခါ နှစ်သစ်ကို ကြိုဆိုသည့် အလေ့အထရှိကြသည်။
နှစ်သစ်ကြိုဆိုရာတွင် လူမျိုးအလိုက် ရိုးရာဓလေ့ထုံးတမ်းနှင့် အယူဝါဒအလျောက် အသွင်အမျိုးမျိုးဖြင့် ကျင်းပ ပြုလုပ်ကြသည်မှာ အစဉ်အလာတစ်ရပ်ဖြစ်သည်။ နှစ်သစ်တွင် ငြိမ်းချမ်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို ရှေးရှုလျက် နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စရာစရိုက်ဖြင့် ကျင်းပကြိုဆိုကြရာတွင် မြန်မာ့နှစ်ကူးသင်္ကြန် ပွဲတော်သည်ကား တစ်မူထူးခြားလှသည်။
တန်ခူးလသည် မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် အဦးဆုံးလ၊ ပထမလဖြစ်ပြီး နွေဥတုအလယ်နေပူရှိန် ပြင်းထန်သည့်ကာလအတွင်း ပါဝင်သည်။ တန်ခူးလကို ပုဂံခေတ်တွင် ရေးထိုးထားသောကျောက်စာများ၌ တန်ခူ ဟု ရေးထိုးကြောင်းတွေ့ရသည်။ အင်းဝခေတ်သို့ရောက်သောအခါ တန်းခူး ဟုရေးထားကြောင်းကို မင်းဇေယရန္တမိတ်၏ ပရစ်ဖြာစီ ချီရတုအရသိရသည်။ ထိုရတုတွင် တန်းခူးရာသီတိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီလှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီအိုင်ခဲ့ပြီ ဟု ပါရှိသည်။ တန်းခူး ဟူသော အရေးကိုထောက်၍ တန်းဆိုသည်မှာ တာလ ဟူသော ပါဠိပျက်မှလာသောစကား ထန်း ကို ဆိုလိုသည်။ ခူးဟူသည် ဆွတ်ခူး ခြင်းဖြစ်၍ နှစ်ရပ်ပေါင်းသော် ထန်းသီး ဆွတ်ခူးသောလဟု ဆိုလိုသည်။
ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ကား တန်ခူးလ၌ တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာ ကူးပြောင်းသောကြောင့် တာကူးလ ဟု ယူဆကြသည်။ ဗေဒင်အလိုအရ မိဿရာသီတွင် စိတြနက္ခတ်စန်းနှင့် ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ ဆိတ်ရုပ်၊ ရာသီပန်းမှာကံ့ကော်ပန်းနှင့် ပိတောက်ပန်းများဖြစ်သည်။ ဤတန်ခူးလတွင် နှစ်သစ်ကူးချိန်နှင့် ကြုံကြိုက်သည်ကများသည်။ နှစ်သစ်ကူးသင်္ကြန် အခါတွင် ရေသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ သင်္ကြန်မှာ သင်္ကန္တဟူသောပါဠိပုဒ်မှ ဆင်းသက်လာပြီး အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရောက်ရှိခြင်း ဖြစ်သည်။
သင်္ကြန်ဟူသောဝေါဟာရနှင့် စပ်လျဉ်း၍ သိကြားမင်းနှင့်ဗြဟ္မာမင်းတို့ အကြောင်းကို ဤသို့တွေ့ရသည်။
ဗြဟ္မဏဝါဒီပညာရှင်တို့က ကမ္ဘာဦးကာလတွင် ကဝါလမိုင်းအမည်ရှိသော ဗေဒင်ပါရဂူကြီးတစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်ဟု ဆိုသည်။ တစ်ခါတွင် သိကြားမင်းနှင့် အာသီအမည်ရ ဗြဟ္မာမင်းတို့ ဗေဒင်ဆိုင်ရာပြဿနာတစ်ခုအတွက် အငြင်းပွားကြသည်။ နောက်ဆုံးလူ့ပြည်ရှိ ဗေဒင်ပညာရှင် ကဝါလမိုင်းဆရာကြီး၏ အဆုံးအဖြတ်ကို ခံယူကြပြီး နိုင်သူကရှုံးသူကို ဦးခေါင်းဖြတ်စတမ်းဟု သဘောတူကြသည်။ ကဝါလမိုင်းဆရာကြီးက သိကြားမင်း၏ အယူအဆမှန်ကန်ကြောင်း အဆုံးအဖြတ်ပေးသည်။ အနိုင်ရသိကြားမင်းက ဗြဟ္မာမင်း၏ ဦးခေါင်းကိုမဖြတ်လို၊ ဗြဟ္မာမင်းက အဓိဋ္ဌာန်ဖြင့် မိမိဦးခေါင်းကို ပြတ်စေသည်။ ဗြဟ္မာမင်း၏ဦးခေါင်းပြတ်ကို သမုဒ္ဒရာတွင်းပစ်ချသော် ရေခန်းခြောက်မည်။ မြေပြင်တွင် ပစ်ချသော် တစ်လောကလုံး မီးဟုန်းဟုန်းလောင်မည်ဆိုသည်။
ထိုအခါသိကြားမင်းသည် နတ်သမီးခုနစ်ဖော်အား ဗြဟ္မာကြီး၏ ဦးခေါင်းကို အလှည့်ကျပွေ့ချီထားစေသည်။ နတ်သမီးတစ်ဦးလက်မှ တစ်ဦးသို့ ပြောင်းရွှေ့ပေးသောကာလမှာ လူတို့သက်တမ်းအရေအတွက် တစ်နှစ်ပြည့်မြောက်သော အချိန်နှင့်ညီမျှသည်။ ယင်းသို့လွှဲပြောင်းပေးသည်ကို သက္ကရာဇ်ဦးခေါင်းပြောင်း သည်ဟု သတ်မှတ်ကာ အတာသင်္ကြန် ပွဲများ ကျင်းပခြင်းဟု ယူဆကြသည်။ ထိုသို့တနင်္ဂနွေဂြိုဟ်မင်း ရာသီပြောင်းခြင်းကို စွဲ၍လည်းကောင်း၊ ဗြဟ္မာမင်း၏ ဦးခေါင်းပြောင်းခြင်းကိုစွဲ၍လည်းကောင်း သင်္ကြန်ပွဲတော် ဖြစ်ပေါ်လာရခြင်းဟု ပညာရှင်တို့က အနက်အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထို့အတူ သင်္ကြန်ဝေါဟာရသည်ကား နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းခြင်း အဓိပ္ပာယ်သက်ဝင်သည်။
မြန်မာတို့၏သင်္ကြန်နှစ်သစ်ကူးချိန် ရေပက်ကစားသည့် အလေ့အထသည် ရှေးခေတ်အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံခဲ့သည်ဟုအဆိုရှိသည်။ ဒေဝဒဟနှင့်ကပိလတွင် သကျသာကီနွယ်ဝင်မင်းတို့ နှစ်သစ်ကူးပြောင်းချိန် ရောက်တိုင်း တစ်ခုသောရေကန်ကြီးအနီး မင်းခမ်းမင်းနားဖြင့် တဲကြီးများဆောက်လုပ်၍ ရေဖျန်းသဘင်ဆင်မြန်းခဲ့ရာမှ စတင်ခဲ့သည်ဟု သာသနာဝင်ကျမ်းများတွင် ဖော်ပြထားသည်။ သင်္ကြန် ဟူသော ဝေါဟာရနှင့်စပ်လျဉ်း၍ ပုဂံခေတ်မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၀) တွင် ရေးထိုးခဲ့သော စောလှဝန်း
ဘုရားကျောက်စာ၌ အစောဆုံးတွေ့ရသည်။
ထိုကျောက်စာတွင် မီဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်မပြယ်စိတ်လျှင်တည်၏ ဟု ရေးထိုးထားသည်။
ထိုကျောက်စာက နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပုဂံခေတ်ကတည်းက ကျင်းပနေပြီဖြစ်ကြောင်း အထင်အရှားပြဆိုသည်။
မြန်မာတို့၏နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ ကျင်းပသော ပွဲတော်ဖြစ်သည်။ ရှေးယခင်က နှစ်သစ်ကူးပွဲတော်တွင် နံ့သာရည်ဖြင့် တစ်ဦးကို တစ်ဦးဆွတ်ဖျန်း ပျော်မြူးလေ့ရှိပုံကို အင်းဝမြို့ဘွဲ့ဆယ့်နှစ်လရာသီလူးတား၌ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေ။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေ ဟု ရေးသားဖွဲ့ဆိုခဲ့ကြောင်း တွေ့ရသည်။
အတာရေသဘင်ပွဲမဆင်နွှဲမီ သင်္ကြန်အကြိုနေ့တွင် အတာအိုး(သင်္ကြန်အိုး) ဟူသော မြေအိုးငယ်အသစ်တွင် သန့်စင်သောရေ၊ အမွှေးနံ့သာ၊ ပန်းနှင့်သစ်ရွက်ညွန့်များ ထည့်ကာ သိကြားမင်းလူ့ပြည်သို့ အဆင်းကို ရည်မှန်း၍ ကြိုဆိုပူဇော်လေ့ရှိကြသည်။ ထိုသို့ပန်းနှင့်သစ်ရွက်ညွန့်များ စီမံရာတွင် နေ့နံခုနစ်ရက်ကို ကိုယ်စားပြုသော တနင်္ဂနွေ(အုန်းလက်ညွန့်)၊ တနင်္လာ(ကံ့ကော်ညွန့်)၊ အင်္ဂါ(ဆီးညွန့်) (စိန်ပန်းညွန့်)၊ ဗုဒ္ဓဟူး(ရွက်လှ)(ရင်ခတ်ညွန့်)၊ ကြာသပတေး(မြေစာညွန့်)၊ သောကြာ(သပြေညွန့်)၊ စနေ(ထန်းညွန့်) (ဒန်းညွန့်) (ဒေါနပန်း)စသည်တို့ကို စုပေါင်း၍ သင်္ကြန်ပန်းအဖြစ် စီရီထိုးစိုက်ကြိုဆိုပူဇော်ကြသည်။ သင်္ကြန်အတက်နေ့ရောက်သော် အတာအိုးရှိပန်းနှင့် အညွန့်များကိုယူလျက် သင်္ကြန်ပန်းစည်းပြုကာ အိမ်ဦးတွင် စည်းနှောင်ချည်ပေးထားခြင်းဖြင့် အန္တရာယ်ကင်းသည်ဟုယုံကြည်ကြသည်။
သင်္ကြန်ကာလရေကစားခြင်းမှာလည်း အနှစ်သာရ ပြည့်ဝလှသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့ဖြင့်ပက်ဖျန်းကာ သန့်စင်မှုပြုပြီး စိတ်ကိုကြည်လင်သန့်စင်ကာ အေးမြလန်းဆန်းစေရေးကို ဖော်ညွှန်းသည်။ သင်္ကြန်ရေတွင် ထူးခြားချက်ရှိသည်။ ရေပက်သည့်အခါ ကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြု ပက်ဖျန်းခြင်းဖြစ်၍ ရေပက်ခံရသူမှာ ကျန်းမာရွှင်လန်းခြင်းကို ဖြစ်ပေါ်စေသည်။ ကောင်းမွန်သော သန့်ရှင်းစေတနာ ဖြစ်သဖြင့် သင်္ကြန်ရေမည်မျှပင် စိုရွှဲနေပါစေ ကျန်းမာရေးကို ထိခိုက်မှုမရှိဘဲ ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေသည်။ သင်္ကြန်ရေတွင် မင်္ဂလာနိမိတ်သုံးပါးရှိသည်။ အေးမြကြည်လင်ခြင်း၊ အညစ်အကြေးများကို ဆေးကြောသန့်ရှင်းစေနိုင်ခြင်း၊ ရေကိုသား၍ အကြားမထင်ဘဲ တစ်ဆက်တစ်စပ်တည်းတည်ရှိနေခြင်းတို့ပင်ဖြစ်သည်။
ထိုကဲ့သို့ ပျော်ရွှင်ချမ်းမြေ့မှု၊ စိတ်သန့်ရှင်းမှုတို့ဖြင့် ဒါန၊ သီလ၊ ဘာဝနာတို့ကို တည်ဆောက်ကြသည်။
သင်္ကြန်ပွဲတော်နှင့်အတူ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း ဒါနပြုလေ့ရှိသည်။ ရောက်ရှိလာ သူမည်သူကိုမဆို ခွဲခြားမှုမရှိဘဲ ရာသီဥတုနှင့်လိုက်ဖက်သည့် မြန်မာ့ရိုးရာမုန့်များ ပြုလုပ်ကျွေးမွေးကြသည်။ တချို့ဆိုလျှင် သင်္ကြန်ထမင်းကျွေးသည်။ မုန့်လုံးရေပေါ်သည်ကား သင်္ကြန်ပွဲတော်တွင် မပါမဖြစ်သော မြန်မာ့ရိုးရာ မုန့်ပင်ဖြစ်သည်။ စတုဒိသာအလှူပွဲများက မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်ကို ပီပြင်စွာ သရုပ်ပေါ်စေသလို စည်းလုံးခြင်း၊ ရင်းနှီးခင်မင်ခြင်း၊ စိတ်အေးချမ်းသာခြင်းနှင့် ပျော်ရွှင်ကြည်နူးခြင်း တို့ကို တွေ့ရသဖြင့် ပီတိဖြစ်စရာတစ်မျိုးပင်ဖြစ်သည်။
သင်္ကြန်ပွဲတော်ရက်အတွင်း တချို့လူကြီး၊ လူလတ်၊ လူငယ်များတရားစခန်းဝင်ရောက်၍ ဝိပဿနာဘာဝနာ ပွားများအားထုတ်ကြသည်။ တချို့အမျိုးသားများ ဒုလ္လဘရဟန်းခံသလို အချို့အမျိုးသမီးများ သီလရှင်ဝတ်ကြသည်။ သင်္ကြန်အပြီး မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင်ကား ဘုရား၊ ကျောင်းကန်များသို့ ရောက်အောင်သွားကြသည်။ ဘုရား၊ စေတီ၊ ပုထိုးများသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း၊ သီတင်းသီလဆောက်တည်ခြင်း၊ ရေလှူခြင်း၊ ရေသပ္ပာယ်ခြင်း၊ သက်ကြီးဘိုးဘွားများကို လက်သည်း၊ ခြေသည်းညှပ်ပေးခြင်း၊ ရေချိုး၊ ခေါင်းလျှော်ပေးခြင်း၊ တတ်နိုင်သမျှ လှူဒါန်းကန်တော့ခြင်း၊ ရပ်ရွာအလိုက်၊ လမ်းအလိုက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်း စသည့်ကောင်းမှု ကုသိုလ်အစုစုကို ပြုလုပ်ကြသည်။
သင်္ကြန်တွင်း၌ ရှောင်ကြဉ်ရမည့်အချက် (၁၀) ချက်အား ရှေးကတည်းက ပြဋ္ဌာန်းထားသည်။ ယင်းတို့မှာ ရုဒ(ငိုကြွေးခြင်း)၊ မေထုန(မေထုန်ပြုခြင်း)၊ မံသ(အသားဟင်းလျာစားသောက်ခြင်း)၊ သုရာ(သေရည်သောက်စား မူးယစ်ခြင်း)၊ ကောဓ(အမျက်ထွက်ခြင်း)၊ ရုဓိရ(သွေးဖောက်သွေးထုတ်ခြင်း)၊ တေလိက(ဆီလိမ်း၊ ဆေးလိမ်းခြင်း)၊ ရုက္ခစ္ဆေဒ(သစ်ပင်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း)၊ ကိဏ(ဝယ်ယူခြင်း၊ ကျီသွင်းခြင်း)၊ ဝိက္ကိဏာ(ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း) တို့ဖြစ်သည်။ ထိုအချက် (၁၀) ချက်ကို ရှောင်ကြဉ်ပါက လောကီလောကုတ္တရာနှစ်ဖြာ အကျိုးရရှိ ခံစားရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်သည် မြန်မာလူမျိုးတို့အတွက် အဓိပ္ပာယ်လေး နက်သလို အရေးပါသော ပွဲတော်ကြီးလည်း ဖြစ်သည်။ သင်္ကြန်ကာလတွင် လည်းကောင်း၊ သင်္ကြန်လွန်မြောက် နှစ်သစ်သို့ ရောက်ရှိလျှင်လည်းကောင်း မကောင်းမှုကို ပယ်ဖျက်တတ်သောကြောင့် မင်္ဂလာမည်၏ ဆိုသလိုမင်္ဂလာနှင့်အညီ ကျင့်ကြံအားထုတ်ကြိုးကုတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
လင်းအရုဏ်ဉီး(ပဲခူး)