လမစေ့မီ မီးဖွားခြင်း(ဝါ)လမစေ့မီ ကလေးမွေးဖွားခြင်းသည် မိခင်ရောကလေးအတွက်ပါ ဆိုးရွားသော သက်ရောက်မှုကို ဖြစ်စေတတ်ပါသည်။ ထို့ပြင်ဝမ်းနည်းစရာကောင်းသည်မှာ အသက်ငါးနှစ်အောက် ကလေးငယ်များ သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းသည် လမစေ့ဘဲမွေးဖွားလာသော ကလေးများဖြစ်နေသည်ကို တွေ့ရသည်။ လမစေ့မီကလေးမွေးခြင်း ဆိုသည်မှာ ကိုယ်ဝန် ၃၇ ပတ်မပြည့်မီတွင် မွေးဖွားခြင်းကို ခေါ်ပါသည်။ ပုံမှန်အားဖြင့် အပတ် ၄၀ ခန့်မျှကိုယ်ဝန်ဆောင်ပြီး မွေးဖွားခြင်းကို လစေ့သည်ဟု ခေါ်ပါသည်။ လမစေ့မီမွေးသော ကလေးများသည် မိခင်၏ဝမ်းဗိုက်ထဲတွင် ကြီးထွားချိန်တိုတောင်းသည့်အတွက် မွေးပြီးချိန်တွင်လည်း နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။ လေ့လာမှုမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် နှစ်စဉ် ၁၅ သိန်းလူဦးရေ ပမာဏရှိသော ကလေးများကို လမစေ့ဘဲ မီးဖွားနေကြောင်း၊ တိုးတက်ခေတ်မီနေသော အင်္ဂလန်နိုင်ငံတစ်ခုတည်းမှာပင် ပျမ်းမျှမီးနေသည် ၁၃ ဦးလျှင် တစ်ဦးနှုန်း လမစေ့မီ ကလေးမွေးသည့်ဖြစ်စဉ်ကို တွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် လမစေ့မီကလေးမီးဖွားခြင်း (Prematurity) ပြဿနာ အများအပြား ကြုံတွေ့နေကြကြောင်း သိရသည်။ သို့ပါ၍ လမစေ့မီ မီးဖွားခြင်း အကြောင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စာရေးသူက ကျန်းမာသုတတစ်ရပ်အနေဖြင့် အောက်ပါ အတိုင်း ရေးသားအကြံပြုလိုပါသည်။
ကိုယ်ဝန်ဆောင်ကာလများ
ကိုယ်ဝန်ဆောင်ကာလကို ဆေးပညာနည်းအရ (က) ကိုယ်ဝန် ပထမ ၃ လပတ်၊ (ခ) ကိုယ်ဝန် ဒုတိယ ၃ လပတ်၊ (ဂ) ကိုယ်ဝန် တတိယ ၃ လပတ်အဖြစ် အပိုင်းသုံးပိုင်း ခွဲခြားသတ်မှတ်လေ့ရှိသည်။
(က) ကိုယ်ဝန် ပထမ ၃ လပတ် (1st Trimester)
၄ ပတ် - သန္ဓေသားလောင်းလေး စတင်ဖြစ်ပေါ်ပြီး အင်္ဂါအစိတ်အပိုင်းများ စတင်ပေါ်ထွက် လာပါသည်။
၅ ပတ် - ကလေး၏ နှလုံးစတင်ခုန်လာပါသည်။
၆ ပတ် - မျက်နှာသွင်ပြင်ပေါ်လာပြီး ခြေလက်ကလေးများ စဖြစ်လာပါသည်။
၁၀ ပတ် - ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ အူ စသည့် အတွင်းအင်္ဂါများ စတင်ဖြစ်ပေါ် လာပါသည်။
၁၂ ပတ် - အာထရာဆောင်းရိုက်ချိန်မှာ သန္ဓေသား၏နှလုံးခုန်သံကို စကြားနိုင်ပါ သည်။
( ခ ) ကိုယ်ဝန် ဒုတိယ ၃ လပတ် (2nd Trimester)
၁၄ ပတ် - ကျောက်ကပ်စတင်အလုပ်လုပ်ပြီး ဘေဘီလေးက ဆီးသွား(ရှူးရှူးပေါက်ချ)ပါသည်။ လက်မကို ပါးစပ်ဖြင့် စုပ်နေပါသည်။
၁၆ ပတ် - အာထရာဆောင်းရိုက်ပြီး သားသားလား၊ မီးမီးလားသိနိုင်ပါသည်။
၁၈ ပတ် - မိခင်ဗိုက်ထဲမှာ စတင်လှုပ်ရှား ကန်ကျောက်လာပါသည်။
၂၄ ပတ် - ကိုယ်အင်္ဂါအစိတ်အပိုင်းလေးများ လျင်မြန်စွာဖွံ့ဖြိုးလာပြီး ဘေဘီလေး ကိုယ် အလေးချိန် ၁ ပေါင်ခန့်ရှိလာပါသည်။
၂၇ ပတ် - အဆုတ်ကောင်းစွာဖွံ့ဖြိုးလာပြီ ဖြစ်ကာ မျက်လုံးအဖွင့်အပိတ်လည်း လုပ်တတ်လာပါသည်။
( ဂ ) ကိုယ်ဝန် တတိယ ၃ လပတ် (3rd Trimester)
၂၈ ပတ် မှ ၃၂ ပတ် - ဘေဘီလေး လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး ၃ ပေါင်ခန့်ရှိလာသည်။
မျက်တောင်၊ လက်သည်း၊ ခြေသည်းလေးများလည်း ဖွံ့ဖြိုး လာသည်။
၃၄ ပတ် - အဆုတ်နှင့်အာရုံကြောစနစ် ဆက်လက်ဖွံ့ဖြိုးနေပြီး အသားအရေလည်း ချောမွတ်နူးညံ့လာပါသည်။
၃၇ ပတ် - စောစောမွေးသူများက ဤကာလတွင်မွေးသည်။ သို့သော် ကလေး၏ဦးနှောက် အပြည့်အဝဖွံ့ဖြိုးမှုအချိန်လိုအပ်နေပါသေးသည်။
၃၉ ပတ် - ဤကာလသည် နေ့စေ့လစေ့ ဘေဘီ လေးမွေးပါသည်။
၄၁ ပတ် - နောက်ကျမွေးသော ဘေဘီလေးက ဤကာလတွင်မှ အမိဝမ်းကြာတိုက်မှ
ထွက်လာပါသည်။
(မှတ်ချက်) ဤ 3rd Trimester ကာလတွင် ဝမ်းဗိုက်သာမက ရင်သားနှင့်ပေါင်တို့တွင် အကြောပြတ်ရာများ ဖြစ်ပေါ်နိုင်ပါသည်။
အကြောပြတ်ခြင်းကိုသက်သာစေရန် သံလွင် ဆီ သို့မဟုတ် အရေပြား အစိုဓာတ်ထိန်း Moisturizer နေ့စဉ် လိမ်းပေးနိုင်ပါသည်။
လမစေ့သောကလေးများတွင်တွေ့ရသောလက္ခဏာများ
ကလေးသည် ခေါင်းနှင့်ကိုယ်နှိုင်းစာသော် ခန္ဓာကိုယ်သေးနေခြင်း၊ ကလေး၏ခန္ဓာကိုယ်တွင် အဆီတစ်သျှူးများ ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် စုတ်ချွန်းချွန်းဖြစ်နေခြင်း၊ တစ်ကိုယ်လုံးတွင် ငယ်မွေးများကျန်နေသေးခြင်း၊ ကလေး၏ ခန္ဓာကိုယ်တွင် အဆီတစ်သျှူးများ ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် ကိုယ်အပူချိန်ကျဆင်းခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံး၊ အဆုတ်နှင့် သွေးလည်ပတ်မှုများ ပုံမှန်အတိုင်းမဖြစ်နိုင်ခြင်း၊ စုပ်ခြင်း သို့မဟုတ် မျိုချခြင်း စသည့်တုံ့ပြန်မှုများ အားနည်းသေးခြင်းကြောင့် မိခင်နို့တိုက်ရန်လွန်စွာခက်ခဲခြင်း စသည့်လက္ခဏာတို့ကို လမစေ့သောကလေးများတွင် အများဆုံးတွေ့ရတတ်ပါသည်။
အကယ်၍ လမစေ့မီကလေးမီးဖွားခြင်း (Prematurity) ဖြစ်ခဲ့ပါက တိုက်ရမည့်ဆေးများကို သေချာစွာ သိထားရမည်။ အိမ်တွင်ကလေးကို သေသေချာချာ အနီးကပ်စောင့်ရှောက်ခြင်း၊ အောက်ဆီဂျင်များ စနစ်တကျပေးခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်။ လမစေ့သော ကလေးများသည် အခြားကလေးများထက် ရောဂါကူးစက်နိုင်ခြေ ပိုများသောကြောင့် ၎င်းတို့ကို လူနေထူထပ်သော နေရာများသို့ ခေါ်သွားခြင်းကို ရှောင်ကြဉ်ပါ။ ထို့ပြင် လက်ကို ဆပ်ပြာနှင့်စင်ကြယ်အောင်ဆေးပြီးမှ ကလေးကိုထိပါ။ ချီပါ။
လမစေ့မီ မီးဖွားခြင်းကို ဖြစ်စေသောအကြောင်းများ လမစေ့မီ မီးဖွားခြင်းကိုဖြစ်စေသော အကြောင်းများစွာ ရှိသော်လည်း အများစုသည် အကြောင်းရင်းမရှိဘဲ အလိုလိုဖြစ်လာနိုင်သည်။ သို့သော် အချို့မှာ ကလေးမွေးအောင် ဆေးသွင်းခြင်း၊ မိခင်၏ ကျန်းမာရေးပြဿနာနှင့် အခြားကိစ္စများကြောင့် စောစောစီးစီး ဗိုက်ခွဲမွေးခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။ အဖြစ်များစေသော အကြောင်းများမှာ ကိုယ်ဝန်ဆောင်သော အကြိမ်အရေအတွက်များခြင်း၊ ကူးစက်ရောဂါပိုးဝင်ခြင်း၊ သွေးတိုး၊ ဆီးချို စသည့်နာတာရှည်ရောဂါများဖြစ်ခြင်း၊ မျိုးရိုးဗီဇလိုက်ခြင်း၊ ယခင်ကလည်း လမစေ့ဘဲကလေးမွေးဖူးခြင်း၊ အမြွှာကိုယ်ဝန်ဆောင်ဖူးခြင်း၊ ကိုယ်ဝန်တစ်ယောက်နှင့် တစ်ယောက်ကြားတွင် ၆ လအောက်သာခြားပြီး ကိုယ်ဝန်ထပ်ဆောင်ခြင်း၊ သားအိမ်ပြင်ပတွင် မျိုးအောင်ပြီးရသောကိုယ်ဝန်ဖြစ်ခြင်း၊ မိခင်၏သားအိမ်၊ သားအိမ်ခေါင်းနှင့်အချင်းတို့တွင် ချို့ယွင်းချက်ရှိခြင်း၊ မိခင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း သို့မဟုတ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့မကြာခဏရှူမိခြင်း၊ တရားမဝင်ဆေးများ သုံးစွဲခြင်း၊ အစာအာဟာရချို့တဲ့ခြင်း၊ ကိုယ်ဝန်ဆောင်ကာလ လရင့်လာသော်လည်း ကိုယ်အလေးချိန်မတက်လာခြင်း၊ ရေမြွှာရည်နှင့် မိခင်၏ မွေးလမ်းကြောင်းတွင် ကူးစက်ရောဂါများဝင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သည် အဝလွန်ခြင်း သို့မဟုတ် ပိန်လွန်းခြင်း၊ မိမိချစ်ရသော မိသားစုဝင်တစ်ယောက်သေဆုံးခြင်း၊ အိမ်တွင်းရေး အရှုပ်အရှင်းများဖြစ်ခြင်း စသည်တို့ကြောင့် စိတ်သောကများခြင်း၊ ကိုယ်ဝန်တစ်ကြိမ်ပျက်ကျဖူးခြင်း သို့မဟုတ် အကြိမ်ကြိမ် ဖြစ်ဖူးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ထိခိုက်ဒဏ်ရာရခြင်း စသည့် အခြေအနေအမျိုးမျိုးကြောင့် လမစေ့မီကလေးမီးဖွားခြင်း (Prematurity) ကို ဖြစ်စေပါသည်။
ကိုယ်ဝန်ဆောင်အတွက် နေထိုင်စားသောက်မှုပုံစံလေးများ
(က) တစ်ချိန်တည်းမှာ အများကြီးမစားပါနှင့်၊ အကြိမ်ရေခွဲ၍ နည်းနည်းနှင့် ခဏခဏ စားပေးပါ။
(ခ) ကျန်းမာရေးနှင့် ညီညွတ်မျှတအောင်စားပါ။
(ဂ) ကဖင်းဓာတ်ပါသော အစားအသောက်များ ဖြစ်သည့် လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာနှင့် အားဖြည့် အချိုရည်များကို ရှောင်ကြဉ်ပါ။
တစ်ဆင့်ခံဆေးလိပ်ငွေ့ မရှူရှိုက်မိပါစေနှင့်။
(ဃ) ကညွတ်များများစားပါ။ ကညွတ်က ဖောလစ် အက်စစ်ကြွယ်ဝသဖြင့် သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊ ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျခြင်းကို သက်သာခြင်း၊ အစာခြေ နှုန်းမြန်ဆန် သဖြင့် ကိုယ်ဝန်ဆောင်ချိန် အစာမကြေဖြစ်ခြင်းမှ သက်သာစေခြင်း စသည်ဖြင့်ကောင်းကျိုး ပြုပါသည်။
(င) ကိုယ်ဝန်ဆောင်ချိန် ပျို့အန်၍ အစားမဝင်သူများနှင့် သံဓာတ်အားဆေး မသောက်သုံး သူများက ကိုယ်ဝန်ဆောင်ချိန် သွေးအားနည်းရောဂါဖြစ်နိုင်ခြေများသဖြင့် သတိပြုစေလိုပါသည်။
(စ) ကိုယ်ဝန်ဆောင်ချိန်မူးဝေခြင်းမဖြစ်အောင် သံဓာတ်ပါသောအားဆေးသောက်ပါ။ ရေများများ သောက်ပါ။ ပက်လက်မအိပ်ပါနှင့်၊ ပက်လက်အိပ်ခြင်းက နှလုံးကို သွားသော သွေးပြန်ကြောကို ဖိမိသည့်အတွက် မူးဝေ တတ်ပါသည်။ ကြာမြင့်စွာထိုင်လှဲနေရာက ရုတ်တရက် မတ်တတ်ရပ်ခြင်းမလုပ်ပါနှင့်။
(ဆ) ဆေးလိပ်၊ အရက် ရှောင်ပါ။
(ဇ) မတ်မတ်ထိုင်ပါ။ မတ်မတ်ရပ်ပါ။ အမြဲလှဲမနေပါနှင့်။ သို့သော် ခပ်ကြာကြာ မတ်တတ်ရပ်ခြင်း မျိုးရှောင်ပါ။
(ဈ) ပက်လက် သို့မဟုတ် လှဲနေရာက ထသည့်အခါ ဘေးဘက်ကို ဖြည်းဖြည်းစောင်းပါ။
လက်မောင်းကိုအားပြုပြီး ဖြည်းဖြည်းထပါ။
သတိထားသိသင့်သည့် ဗီတာမင်အေ ဗီတာမင်အေက ရေတွင်ပျော်ဝင်လွယ်သော ဗီတာမင်အမျိုးအစား မဟုတ်သည့်အတွက် ခန္ဓာကိုယ်က အလွယ်တကူ စွန့်ထုတ်ရန်ခက်ခဲပါသည်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေအများအပြား စုပြုံလာခြင်းကို ဗီတာမင်အေအဆိပ်အတောက်ဖြစ်ခြင်း ဟုခေါ်ပါသည်။ ကိုယ်ဝန်အစောပိုင်းကာလ (ကိုယ်ဝန်ပထမ ၃ လပတ် - 1stTrimester) တွင် ဗီတာမင်အေ အလွန်အကျွံ စားသုံးမိပါက သန္ဓေသား၏ အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်ပြီး မွေးရာပါချို့ယွင်းမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်အစောပိုင်းကာလတွင် ဗီတာမင်အေ အများအပြား မသောက်သင့်ပေ။ ကြက်အသည်း၊ ဝက်အသည်း စသည့် အသည်းများတွင် ဗီတာမင်အေများပြားစွာ ပါရှိသဖြင့် ဆင်ခြင်စားသောက်သင့်ပါသည်။ ထို့ပြင် မုန်လာဥနီ၊ လိမ္မော်သီး၊ နွားနို့၊ ပဲပင်ပေါက်၊ ဟင်းနုနယ်ရွက်၊ ကိုက်လန် စသည်တို့ကလည်း ဗီတာမင်အေအရင်းအမြစ်ဖြစ်၍ အလွန်အကျွံမစားသင့်ပေ။
လမစေ့မီကလေးမီးဖွားခြင်း (Prematurity) မှကာကွယ်ရန် ပိုမိုဂရုစိုက်စောင့်ရှောက်သင့်သော မိခင်လောင်း အုပ်စုများမှာ ဆီးချိုရောဂါရှိသူ (မူလဆီးချိုရောဂါနှင့်ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ)၊ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူများ၊ ကိုယ်ဝန်ဆိပ်တက်သူများ၊ အမြွှာကိုယ်ဝန်ဆောင်ထားရသူများ၊ အသက် ၁၇ နှစ်အောက်နှင့် အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်သူများ၊ ယခင်ကလေးဆုံးရှုံးဖူးသူများဖြစ်ကြသည်။ ကိုယ်ဝန်ဆောင်ချိန် သဘောသဘာဝအရ ဟော်မုန်းအတက်အကျ၊ အပြောင်းအလဲမြန်ဆန်မှုကြောင့် မိခင်လောင်းတွင် စိတ်တိုဒေါသထွက်ခြင်း၊ ဝမ်းနည်းနေခြင်း၊ စိုးရိမ်ပူပန်နေခြင်း စသည့် စိတ်ခံစားမှု အမျိုးမျိုးဖြစ်လေ့ရှိပါသည်။
ထိုအခြေအနေမျိုးတွင် ဖခင်လောင်းနှင့် ကျန်မိသားစုဝင်များက နားလည်ပေးပြီး ဖေးမကူညီပေးကြစေလိုပါ သည်။ ။
ပေါက်ပေါက်