တစ်ဦးချင်း အသိပညာမြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ် ခိုင်မာမည်ဖြစ်သဖြင့် အသိပညာမြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရန်လို            

တစ်ဦးချင်း အသိပညာမြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ် ခိုင်မာမည်ဖြစ်သဖြင့် အသိပညာမြင့်မားအောင် ကြိုးစားဆောင်ရွက်ကြရန်လို                                                       

နေပြည်တော်၊ ဧပြီ - ၉

မိမိတို့နိုင်ငံ၌ တစ်ဦးချင်း အသိပညာ၊ အတတ်ပညာမြင့်မားမှသာလျင် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာမည်ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်နှင့် နိုင်ငံတော်၏အနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧပြီ ၈ ရက် မွန်းလွဲပိုင်းတွင် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

    အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ လားရှိုး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ယခုနှစ်သည် မိမိတို့နိုင်ငံ၏ စိန်ရတုပြည်ထောင်စုနှစ် ဖြစ်ပြီးလာမည့်နှစ်တွင် စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ စိန်ရတုကာလသို့ ရောက်ရှိပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများရှိနေဆဲဖြစ်ပြီး ငြိမ်းချမ်းမှု အပြည့်အဝ မရရှိသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များအနေဖြင့် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကိုမှန်မှန်ကန်ကန်သိရှိရန် လိုအပ် မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကိုလေ့လာကြည့်မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ ဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြု ပြည်ပြုလွှတ်တော် က အတည်ပြု ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်) ကို ကျင့်သုံးခဲ့ကြောင်း၊ သတိပြုရမည်မှာ ယင်းဥပဒေသည် ပြည်သူလူထု တစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြုပြည်ပြုလွှတ်တော်က အချို့သော ပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း၊  ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်ထိ ဖဆပလ အစိုးရကာလက အုပ်ချုပ်ခဲ့ကြောင်း၊ လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှုများကြောင့် ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ ကြောင်း၊ ၁၉၅၀ ခုနှစ်ခန့်တွင် တရုတ်ဖြူတို့ ကျူးကျော်ခဲ့သဖြင့် တပ်မတော်က ပြန်လည်တိုက်ထုတ်ခဲ့ရကြောင်း၊ ထို့ပြင် ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ အာဏာရပါတီတွင်း ပြဿနာများပေါ်ပေါက်လာခဲ့ပြီး ထိုစဉ်က ကမ္ဘာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အများဆုံးတိုင်းပြည်ဖြစ်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတူတကွယှဉ်တွဲနေထိုင်နေသည့် ပြည်ထောင်စုကြီး မပြိုကွဲစေ ရေး အတွက် နိုင်ငံနှင့်အဝန်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး အသင့်အတင့်သာ ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ အချို့နေရာများ၌ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်”  ဆိုသကဲ့သို့ လက်နက်ကိုင်ဆူပူမှုများပေါ်ပေါက်လာခဲ့ပြီး “သူတစ်လူ ငါတစ်မင်း၊ နယ်တစ်နယ် ဓါးတစ်စင်း”ဓါးပြများအသွင်ကဲ့သို့ ဖြစ်လာခဲ့ကြောင်း။

လက်နက်ကိုင်ဆူပူမှုများအကြား ပြည်ထောင်စုကြီး မပြိုကွဲစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရ

    ထို့ကဲ့သို့ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာ ခဲ့ကြောင်း၊ အဆိုပါ ပြဿနာများအပြင် မြို့ပေါ်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် ရေးကို ထိခိုက်စေသည့် ကျူးကျော်ရပ်ကွက်ကဲ့သို့ကိစ္စရပ်များကို တပ်မတော်က အမုန်းခံ၍ဖြေရှင်းဆောင်ရွက်ခဲ့ရပြီး နောင်တက်လာမည့် ရွေးခြယ်ခံအစိုးရအတွက် နိုင်ငံတော်ကို အကောင်းဆုံး ပုံဖော်ပေးခဲ့ရကြောင်း၊ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် သန့်ရှင်းဖဆပလ အနိုင်ရခဲ့သော်လည်း ပါတီတွင်း ထပ်မံ ကွဲပြားမှုများ ရှိခဲ့ပြီး နိုင်ငံရေးအရှုပ်အထွေးများ များစွာ ဖြစ်ပေါ်ရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ရှုပ်ထွေးနေစဉ် ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့ရသည့် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ရှိသည်ဟူသည့် အချက်ကို ကိုင်စွဲ၍ ပြည်ထောင်စုမှခွဲထွက်ရေးကို တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က ပြည်ထောင်စု ကြီးမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့ကို ဦးတည်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ၎င်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာလည်း မိမိတို့ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ဘဲ နိုင်ငံတော်နှင့် အများသူငှာ ကောင်းစားရေး အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည် သည် ကိုလိုနီဖြစ်ခဲ့ရသဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် အများစုသည် လက်ဝဲယိမ်းသူ၊ ဆိုရှယ်လစ်ဝါဒယိမ်းသည့် အယူအဆရှိ သူများစွာ ရှိခဲ့ကြောင်း။

    တပ်မတော်ခေါင်းဆောင်ပိုင်းအချို့၌လည်း ဆိုရှယ်လစ်အယူဝါဒပိုင်းရှိခဲ့သကဲ့သို့ လွတ်လွတ်လပ်လပ်ဆောင်ရွက်လိုသည့် လစ်ဘရယ်အယူဝါဒရှိသူများလည်း ပါဝင် ကြောင်း၊ နိုင်ငံတော်၌ ဆိုရှယ်လစ်စနစ်ကျင့်သုံးနိုင်ရေးအတွက် တော်လှန်ရေး ကောင်စီ၏ မူဝါဒသဘောထားကြေညာချက်တွင် စတင်ဖော်ထုတ်လာသည်ကို သမိုင်း မှတ်တမ်းများ၌ တွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံရေးအရ သမိုင်း ကြောင်းများအပြင် စီးပွားရေးအရ သမိုင်းကြောင်းများကြောင့် ဖြစ်ကြောင်း၊ ၁၉၅၀ ပတ်ဝန်းကျင်ခန့်တွင် ကိုရီးယားစစ်ပွဲများဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံမှ ဆန်၊ စပါး ကဲ့သို့ ထွက်ကုန်များ ဈေးကောင်းရခဲ့ကြောင်း၊ ထို့ကြောင့် အာဏာရပါတီအနေဖြင့် ပြည်တော်သာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး  “လူတစ်ယောက်   ကားတစ်စီး၊ တိုက်တစ်လုံး၊ တစ်လ ဝင်ငွေ ရှစ်ရာ” ဟူသည့် ကြွေးကြော်သံဖြင့်ပင် ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားစစ်ပွဲအပြီးတွင် စပါးဈေးထိုးကျခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ များလည်း ဖြစ်ပေါ်ခဲ့သဖြင့် ဝင်ငွေနည်းပါးခဲ့ခြင်းကြောင့် အောင်မြင်မှု မရရှိခဲ့ကြောင်း၊ အာဏာရပါတီ၏နောက်တွင် စီးပွားရေးသမားများရှိခဲ့ပြီး ထောက်ခံမဲများရရှိရေး အတွက် လူမျိုးခြားများနှင့် စီးပွားရေးသမားများကို လုပ်ပိုင်ခွင့်များ၊ နေရာများ ပေးခဲ့ သဖြင့် ပြည်တွင်းအုပ်ချုပ်ရေးလမ်းကြောင်း၌ အခက်အခဲများရှိခဲ့သည်ကို တွေ့ရှိရ ကြောင်း။

    ထိုသို့ ဖြစ်ပေါ်နေမှုများကို တပ်မတော်ခေါင်းဆောင်ပိုင်းများက သတိထားတွေ့ မြင်ခဲ့ပြီး တိုင်းပြည်၏ အနာဂတ်အရေးအတွက် မျှော်တွေးထိန်းသိမ်းဆောင်ရွက်ခဲ့ရမှု များသည် တိုင်းပြည်အတွက် ဆိုရှယ်လစ်စနစ်ကို ဦးတည်စေခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍသည် ပြည်သူတို့လက်ဝယ်တွင်ရှိစေရေးအတွက် ပြည်သူပိုင် သိမ်းသည်များကို ဆောင်ရွက်ခဲ့ရသည်များရှိကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ် ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၇၄ ခုနှစ်) ကို အတည်ပြုခဲ့ကြောင်း၊ ယင်းဥပဒေအား မူကြမ်း ၃ ကြိမ်အထိ ရေးဆွဲ၍ ပြည်သူလူထုထံသို့ ချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ကာ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံကို တရားဝင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရာ၌ တပ်မတော်ကို အမာခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆိုရှယ်လစ်စနစ်ကို ထောက်ခံသည့် ပြည်သူလူထုတို့ဖြင့် ပူးပေါင်း၍ လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ် စနစ်တွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်း ရှိကြောင်း၊ သမိုင်းကို သိရှိအောင် လေ့လာ၍သုံးသပ်ကြစေလိုပြီး အချို့ကောင်းမွန်သည့် အရာများကို ပညာ ယူကြစေလိုကြောင်း၊ နိုင်ငံတကာဖြစ်စဉ်များ၊ မိမိနိုင်ငံ၏ ဖြစ်စဉ်များကို ချိန်ထိုး နှိုင်းယှဉ် သုံးသပ်ကြရန် တိုက်တွန်းလိုကြောင်း။

     ဆိုရှယ်လစ်စနစ်၏ အားနည်းချက်၊ စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွား ရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့် ဖြစ်စဉ်တစ်ခုအဖြစ်သာ ယေဘူယျ သဘောထားကြသော်လည်း ၎င်းနောက်ကွယ်၌ ဖြစ်ပွားရသည့်အကြောင်းအရင်း များစွာရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ ၎င်းအရေးအခင်း၌ တိုင်းပြည်၏ အခြေအနေ ယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့သဖြင့် တပ်မတော်က ဝင်ရောက် ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ရ ကြောင်း၊ တပ်မတော်အနေဖြင့် တတိယအကြိမ် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီဆိုသည်ကို ဂဃနဏ သိရှိခြင်းမရှိသော်လည်း ဆိုရှယ်လစ်စနစ်ကို မကြိုက် မနှစ်သက်ခြင်း၊ ယခင် လူမျိုးခြားများနှင့် စီးပွားရေးသမားများပိုင် စီးပွားရေး လုပ်ငန်း များ ပြည်သူပိုင်အသိမ်းခံရခြင်းအတွက် ခံစားချက်နှင့်လှုံ့ဆော်မှုများ၊  ပုဂ္ဂလိက စီးပွားရေးကို အားမပေးဘဲ ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက်ခဲ့သည့် ခံစားချက်များ၊ ဆိုရှယ်လစ်စီးပွားရေးကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အရေးခံခဲ့ ရမှု များ ကြောင့် မကျေနပ်ချက်များလည်း ရှိခဲ့ကြောင်း၊ စီးပွားရေးအရှုံးပေါ်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများလည်းရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု များ ရှိခဲ့သော်လည်း စောဟန်သာမွှေး ဦးဆောင်သည့် KNC အဖွဲ့တစ်ဖွဲ့ဖြင့်သာ လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းရန် ကာကွယ်ရေး ဘက်ဂျက် များစွာ သုံးစွဲခဲ့ရပြီး တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မှု အားနည်း ခဲ့ကြောင်း။

    ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်း ရင်းသား ပြည်သူလူထုနှင့် အလွှာပေါင်းစုံမှ အစုအဖွဲ့များ‌ ပါဝင်သော အမျိုးသား ညီလာခံ၌ အခြေအတင် ဆွေးနွေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည် လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း။

    ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ သွားနိုင်ရေးအတွက် ဈေးကွက်စီးပွားရေး စနစ်ကို ပုံဖော်ရာတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးခဲ့ ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးအရနှင့် စီးပွားရေးအရ သဘောထား ကွဲလွဲမှုများရှိကြောင်း၊ မည်သို့ပင် သဘောထားကွဲလွဲမှုများရှိစေကာမူ တပ်မတော် အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို မရ ရအောင် ဖော်ဆောင်ခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် တို့တွင်ဖြစ်ပေါ်ခဲ့သည်များကို မိမိတို့အနေဖြင့် သမိုင်းသင်ခန်းစာယူ၍ တိုင်းပြည် ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

    တိုင်းရင်းသားတို့၏ အရေးနှင့် ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံသည် ယခင်က ဘုရင်စနစ်ဖြင့်သွားခဲ့ပြီး နိုင်ငံတော်၏ နယ်မြေအားလုံးသည် ဘုရင်အပေါ် သစ္စာခံရ ကြောင်း၊ နယ်မြေဒေသအလိုက် အကြီးအကဲများကို ဘုရင်က အသိအမှတ်ပြုပေးရ ကြောင်း၊ အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲသည့် ရေမြေ ပိုင်နက်နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ထို့နောက် ကိုလိုနီခေတ်တွင် တောင်တန်းပြည်မ ဆင်းရဲချမ်းသာကွာခြားချက်များ၊ သွားလာရေး ခက်ခဲမှုများ၊ ဖွံ့ဖြိုးမှု ကွာခြားမှု တို့ကို အကြောင်းပြ၍ သွေးခွဲအုပ်ချုပ်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ၁၈၂၄ ခုနှစ်တွင် ကိုလိုနီတို့က ရခိုင်ကို စတင်အုပ်ချုပ်ခဲ့ပြီးနောက် တနင်္သာရီကို အုပ်ချုပ်ခဲ့ကြောင်း၊ တိုက်ရိုက်အုပ်ချုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်ဆင့်ခံ အုပ်ချုပ်စေခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၈၅၂ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းပါခဲ့ပြီး အုပ်ချုပ်ပုံ ပုံစံပြောင်းလာခဲ့ကြောင်း၊ ထို့နောက် ၁၈၈၆ ခုနှစ် တစ်နိုင်ငံလုံး ကိုလိုနီ လက်အောက်ရောက်ခဲ့ရချိန်တွင် အုပ်ချုပ်မှုပုံစံ တစ်မျိုးဖြင့်ထပ်မံ အုပ်ချုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ အုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ခွဲခြားအုပ်ချုပ်ခဲ့ချိန်မှစ၍ မိမိတို့ ပြည်ထောင်စု တိုင်းရင်းသားတို့၏ စိတ်အတွင်း၌ တိုင်းရင်းသားနယ်မြေများသည် ပြည်မမှ သီးခြား ဖြစ်သည်ဟူသည့် အယူအဆများ ပေါ်ပေါက်လာခဲ့ကြောင်း၊ တိုင်းပြည်ကို ယခုအချိန် အထိ အန္တရာယ်ပေးခဲ့သည့် အချက်တစ်ချက်လည်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် တပ်မတော်ကတာဝန်ယူသည့်အချိန်တွင် နိုင်ငံသားအားလုံးသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အတူပေါင်းစည်းနေထိုင်ရေးကို အဓိက ဆောင်ရွက်လျက် ရှိကြောင်း၊ ဗမာလူမျိုး အများဆုံးဖြစ်သည်ဆိုသော်လည်း အဓိက တိုင်းရင်းသား ၈ မျိုး၊ တိုင်းရင်းသားမျိုးကွဲ ၁၃၅ မျိုးရှိကြောင်း၊ လူဦးရေ အရေအတွက် မျိုးစုံရှိကြောင်း၊ အချို့သည် သိန်းဂဏန်း၊ သောင်းဂဏန်း၊ ထောင်ဂဏန်း သာရှိသည့် တိုင်းရင်းသားများလည်း ရှိကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ် သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ကိုလေ့လာကြည့်ပါက ဖက်ဒရယ်ဟု သုံးစွဲထားခြင်းမရှိသော်လည်း ဖက်ဒရယ်၏ လုပ်ထုံးလုပ်နည်းများပါပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျေးလက်ကို အခြေခံပြီး ကျေးလက်ကို ပေါင်းစည်း၍ မြို့နယ်၊ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်း ဒေသကြီးနှင့်ပြည်နယ်ဖြစ်လာပြီး ထိုမှတဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊ ထိုအတွင်းမှ တူညီသည့် တိုင်းရင်းသားများပြား သည့်ဒေသများ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်း များအဖြစ် ဖွဲ့စည်းဆောင်ရွက်ပေးထား ခြင်းဖြစ်ကြောင်း။

    ဒီမိုကရေစီ ပထမအကြိမ်ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် တက်လာခဲ့ပြီး တပ်မတော်အနေဖြင့် လက်တွဲညီညီ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ မိမိအနေဖြင့် ပါတီစုံလမ်းကြောင်းနှင့် ဖက်ဒရယ်စနစ်ကို မသွား ၍ မရသည်ကို ခံယူထားပြီး တိုင်းရင်းသားအရေးကို အလေးထားရမည်ဟု လက်ခံထား ကြောင်း၊  တပ်မတော်သားဘဝဖြတ်သန်းမှု အတွေ့အကြုံများအရ တိုင်းရင်းသားတို့၏ လူမှုဘဝမြှင့်တင်ရေးနှင့် စည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် တိုင်းရင်းသားအရေး ကို ဦးစားပေးဆောင်ရွက်ရမည်ကို သိရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်းသွားခဲ့ပြီး တက်လာသည့် အစိုးရနှင့် လက်တွဲညီ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်ရန်လိုသည်

    ထို့သို့ ဆောင်ရွက်လျက်ရှိစဉ် မိမိတို့သည် ဒီမိုကရေစီစနစ် နုနယ်နေသေးသဖြင့် ရိုးသားသည့် ဒီမိုကရေစီစနစ်ဖြစ်ရန်လိုအပ်သည်၊ တပ်မတော်အနေဖြင့် ရိုးသားသည့် ဒီမိုကရေစီစနစ်ကိုသာ လိုလားသည်ဟု မိမိအနေဖြင့် ပြောကြားခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် တိုင်းပြည်နှင့် ပြည်သူ၏ အစိတ်အပိုင်းသာ ဖြစ်သဖြင့် ပြည်သူတို့လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာ အောင် လျှောက်လှမ်းနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့ သည်ကို တွေ့ခဲ့ရကြောင်း၊ အုပ်ချုပ်ရေးပိုင်း၊ စီးပွားရေးပိုင်း တို့တွင် အားနည်း ချက်များ ဖြစ်ပေါ်ခဲ့ပြီး ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်း စဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံးညီညွတ်မှုများ ပျက်ပြား ခဲ့ရကြောင်း၊ ထို့နောက် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သော်လည်း ရွေးကောက်ပွဲတွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြား ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များ ကို ဝင်ရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ အမုန်းခံ ၍ တိုင်းပြည်ကို ကာကွယ်ခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော် လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းခိုင်မာရေးအတွက်သာဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖယ်စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည် တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ယခင်က ဖြစ်ပေါ်ခဲ့သည့် အာဃာတများ မဖြစ်ပေါ်စေရေးကို သင်ခန်းစာယူဆောင်ရွက်နေခြင်းသာဖြစ်ပြီး နာကြည်းချက်များကို သားစဉ်မြေးဆက် မပါစေရေးအတွက် သည်းခံစိတ်မွေး၍ သွေးထွက်သံယိုမှု အနည်းဆုံးဖြင့် ထိန်းသိမ်းနေ ခြင်းဖြစ်ကြောင်း၊ ပဋိပက္ခဖြေရှင်းရေးအတွက် တာဝန်ရှိသူများအနေဖြင့်လည်း မှန်မှန် ကန်ကန် ထိထိရောက်ရောက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိ တာဝန်ယူရသည့် အဖွဲ့အစည်းများကို တာဝန်ယူကြပ်မတ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုခိုင်မာစွာ အာမခံ

   တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးကိုသာ အဓိက ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်  အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်က ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ် သည့်အတွက် တပ်မတော်သားများအနေဖြင့် နားလည်သဘောပေါက်ရန်လိုကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ရွေးကောက်တင်မြှောက်ခံရသူတို့က ဥပဒေနှင့်အညီ စီမံ အုပ်ချုပ်သည့်စနစ်ပင်ဖြစ်ကြောင်း၊  ဒီမိုကရေစီအုပ်ချုပ်ရေးကို သွားမည်ဆိုပါက ဒီမိုကရေစီစနစ်ကို နားလည်နိုင်သည့် အရည်အသွေးများရှိရန် လိုကြောင်း၊ ဒီမိုကရေစီ တွင် ရွေးကောက်ပွဲသည် အဓိကကျပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍  မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံပြီး ကောက်ခံရခြင်းဖြစ်ကာ ခေတ်အဆက်ဆက်တွင် လည်း ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေတိုးတက်နှုန်းမှာ ၀.၈ ရာခိုင်နှုန်းသာရှိပြီး၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မဲပေး ခွင့်ရှိသူ ၃၄ ဒသမ ၂၉ သန်းကို ၁ ရာခိုင်နှုန်းနှင့်တွက်မည်ဆိုပါက တစ်နှစ်လျင် ၃ ဒသမ ၄ သိန်းသာ တိုးတက်မှု ရှိမည်ဖြစ်ပြီး ၅ နှစ်ဆိုပါက ၁ ဒသမ ၇ သန်းရှိမည်ဖြစ်ကာ အလွန်ဆုံး ၂ သန်းသာ လူဦးရေးတိုးပွားမှု ရှိရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ကောက်ခံရရှိမှု မဲပေးခွင့်ရှိသူမှာ ၃၈ ဒသမ ၂၇ သန်းထိ ရှိနေသည်ကို မဖြစ် နိုင်ဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ အားနည်းချက်များ များစွာ ရှိခဲ့ကြောင်း၊ ဒီမို ကရေစီ စနစ်ကို လက်တွေ့ကျင့်သုံး အောင်မြင်စေရန် နိုင်ငံသားတို့၏ အသိပညာ ရေချိန် မြင့်မားရန်လိုကြောင်း၊ ဒီမိုကရေစီ၏ သဘောကို နားလည်သိရှိရန် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ယူသည့်အချိန်၌ ပညာရေးကို မြှင့်တင် ဆောင်ရွက်ပေးရန် ပြောခဲ့ကြောင်း၊ ပညာတတ်ဖြစ်ရမည်၊ အတွေးအခေါ် မြင့်မားရ မည်ဖြစ်ကြောင်း၊ ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နောက်ကျ ကျန်ရစ်၍ ရနိုင် မည်မဟုတ်ကြောင်း၊ အသိပညာမြင့်မားစေရေးအတွက် မိမိကိုယ်တိုင် စာပေ လေ့လာမှု သာမက မိမိတို့၏ သားသမီးများကိုလည်း စာပေ၊ ဗဟုသုတ မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာ ပြီး အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာ မြင့်မားမှသာလျင် ဒီမို ကရေစီ စနစ်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား မကြာမီတွင် မြန်မာ့ရိုးရာနှစ်သစ် သင်္ကြန်ကာလသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း၊ နှစ်သစ်အခါသမယတွင် စိတ်ရော၊ ကိုယ်ပါ ကျန်းမာ၊ ချမ်းသာ အောင်မြင် ပါစေကြောင်း၊ တစ်ဦးချင်း အသိတရား၊ သတိတရားများဖြင့် မိမိနှင့် မိမိတပ်မတော်၊ မိမိတိုင်းပြည်၏ ကောင်းရာကောင်းကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ပါစေကြောင်း ဖြင့် နှစ်သစ်ကူး ဆုမွန်ကောင်းစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်များများနှင့်အတူ တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြ သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေး အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်း များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။