မဟာသင်္ကြန်တွင် မြန်မာဆန်ဆန် ဆင်နွဲသွားစေလို
ကမ္ဘာ့နိုင်ငံအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဘာသာရေးပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများရှိကြသည်။ ထိုပွဲတော်များသည် ဘာသာရေးနှင့် ဆက်နွှယ်လေ့ရှိကြသည်။ ထို့ပြင် ထိုပွဲတော်များသည် တိုင်းသူပြည်သားများကို ပင်ပန်း
နွမ်းနယ်မှုများမှ ပြေပျောက်စေရန် စိတ်ထွက်ပေါက်ပေးထားခြင်းလည်း ဖြစ်သည်။ ထိုပွဲတော်ကာလများတွင်မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ ဆုံစည်းကြရသည်မှာ စိတ်ချမ်းမြေ့ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ရှေးယခင်ကတည်းက ၁၂ လရာသီပွဲတော်များ ကျင်းပခဲ့သည်။ ထိုပွဲတော်များအနက် ပျော်ရွှင်စရာ အကောင်းဆုံးသည် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖြစ်သည်။ မကြာမီသင်္ကြန် ကျရောက်တော့မည်ဖြစ်သည်။ ရေကစားမဏ္ဍပ်များ ဆောက်လုပ်နေကြပြီဖြစ်သည်။ သင်္ကြန်သီချင်းသံကိုလည်း ကြားနေရပြီဖြစ်သည်။ သင်္ကြန်အငွေ့အသက်ကို ကြိုတင် ခံစားနေရပြီဖြစ်သည်။
တန်ခူးလဆိုသည်မှာ
မြန်မာဆယ့်နှစ်လတွင် အစအဦးလသည် တန်ခူးလဖြစ်သည်။ နွေဥတုအလယ် အပူရှိန်ပြင်းထန်သည့် ကာလဖြစ်သည်။ တန်ခူးလကို ပုဂံခေတ်ကျောက်စာများ၌ တန်ခူဟုရေး၏။ အင်းဝခေတ်သို့ ရောက်သောအခါ တန်းခူးဟုရေးခဲ့သည်။ "တန်းခူးရာသီ တိုင်ခဲ့ပြီ၊ ဆန်းထူးဝါနီ လှိုင်ခဲ့ပြီ၊ သွန်းဖြူးဖြာစီ အိုင်ခဲ့ပြီ " ဆိုသောရတုကိုဖတ်မှတ်ဖူးပါသည်။ လက်ရှိအချိန်တွင်မူ တန်ခူးဟု ရေးကြသည်။
ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ တန်ကူးလတွင် တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ သင်္ကြန်အတာ ကူးပြောင်းသောကြောင့် တာကူးလဟု ခေါ်ကြောင်း ဖော်ပြထားသည်။ ဗေဒင်အလိုအားဖြင့် တန်ခူးလကို မိဿရာသီဟုခေါ်သည်။ ထိုလတွင်စိတြနက္ခတ်စန်းနှင့် ယှဉ်၍မွန်းတည့်သည်။ ရာသီရုပ်မှာ ဆိတ်ရုပ်ဖြစ်၍၊ ရာသီပန်းမှာ ကံ့ကော်ပန်းနှင့်ပိတောက်ပန်းများ ဖြစ်သည်။ တန်ခူးလတွင် နံနက် ၆ နာရီ၌ နေထွက်၍ ညနေ ၆ နာရီ၌နေဝင်သည်။ နေ့တာ၊ ညတာ ညီမျှသောလပင်ဖြစ်သည်။ တန်ခူးလ၌ မဟာ သင်္ကြန်ရေသဘင်ပွဲတော်ကိုဆင်နွှဲလေ့ရှိသည်။
သင်္ကြန်ဆိုသည်မှာ
သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သင်္ကြန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ရောက်ရှိခြင်း ဟူ၍ဖြစ်သည်။ မြန်မာလူမျိုးတို့၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီ ပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲတော်သည် လွန်စွာကြီးကျယ်စည်ကားသော အမျိုးသား ပွဲတော်တစ်ခုဖြစ်သည်။
ရှေးလူကြီးသူမများက သင်္ကြန်ကိုပြောင်းလဲခြင်း၊ ရွေ့လျားခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်ကို မှတ်သားဖူးပါသည်။ သင်္ကြန်ပွဲတော်ကို တကောင်းခေတ်ကတည်းက စတင်ကျင်းပလာခဲ့ရာ ပုဂံခေတ်တွင် တစ်မူ ထူးခြား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အနေအေးပြီး ရိုးသားပွင့်လင်းသော မြန်မာတိုင်းရင်းသားများနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ခွဲခြား၍ မရပေ။ မြန်မာမှန်လျှင် အတာသင်္ကြန်ကိုမျှော်လင့်ကြ သည်။ ပျော်ဖို့ပါးဖို့ သက်သက်မဟုတ်ချေ။ မြန်မာ့သင်္ကြန်သည် အနှစ်သာရနှင့် အဓိပ္ပာယ်များ ပြည့်နှက်နေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်တန်ခူးလ၌ မြန်မာ့ရိုးရာ င်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။
ထို့ကြောင့် ခေတ်အဆက်ဆက်၌ မဟာသင်္ကြန် ပွဲတော်ကာလတွင် ရုံးပိတ်ရက်ရှည် သတ်မှတ်ပေးထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကိုဗစ်-၁၉ ရောဂါကာလနှင့် နိုင်ငံရေး အပြောင်းအလဲ ကာလများတွင် ပြည်သူများ စိတ်ဖိစီးမှုများ ပြေလျော့စေရန်သ င်္ကြန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းများနှင့်အညီ ကျင်းပသွားရန် ခွင့်ပြုထားရှိသည်။၂၀၂၂ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် သင်္ကြန်ရုံးပိတ်ရက် ကာလသည် ဧပြီလ ၉ ရက်မှ ၁၇ ရက်အထိ ဖြစ်သည်။ ဧပြီလ ၁၃ ရက်နေ့သည် သင်္ကြန်အကြိုနေ့ဖြစ်သည်။ ဧပြီလ ၁၄ ရက်နေ့သည် သင်္ကြန်အကျနေ့ဖြစ်သည်။ ဧပြီလ ၁၅ ရက်သည် သင်္ကြန်အကြတ်နေ့ဖြစ်သည်။ ဧပြီလ ၁၆ ရက်နေ့သည် သင်္ကြန်အတက်နေ့ဖြစ်သည်။ ဧပြီလ ၁၇ ရက်နေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
ရေလိုအေးလို့ပန်းလိုလန်းပါစေ
မြန်မာလူငယ်များသည် နှစ်စဉ်သင်္ကြန်ရောက်ရှိချိန်တွင် ပျော်ရွှင်စွာ ရေကစားကြရသဖြင့် ထိုကာလကို မျှော်လင့်တောင့်တကြသည်။ ရေသည်အေးမြခြင်း၊ ကြည်လင်ခြင်းနှင့် အညစ်အကြေးများကို ဆေးကြောသန့်စင်နိုင်ခြင်း စသည့် အမှတ်သင်္ကေတပင်ဖြစ်သည်။ နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်တွင်ပါမလာစေရန်၊ ပူပြင်းသောနွေရာသီတွင် အေးမြသော အစိုဓာတ် ရရှိစေရန်နှင့်မကောင်းသော ကံကြမ္မာနှင့် ဘေးအန္တရာယ်များ ကင်းဝေးစေရန် ရည်ရွယ်ပက်ဖျန်းကြခြင်းဖြစ်သည်။
သင်္ကြန်ကာလ ရေပက်ဖျန်းခြင်းအားဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို သန့်ရှင်းလတ်ဆတ်သော စိတ်သစ်လူသစ်နှင့်ဖြတ်သန်းကျော်လွှားနိုင်သည်ဟု ယုံကြည်ထားကြသည်။ လူကြီးသူမများသည် သင်္ကြန်ကာလ တွင် တရားရိပ်သာဝင်ခြင်း၊ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများသို့ သွားရောက်ကုသိုလ်ယူကာ အကျိုးရှိရှိ ကုန်ဆုံးလေ့ရှိကြသည်။ မည်သို့ပင်ဆိုစေ သင်္ကြန်ရေပက်ဖျန်းခြင်းသည် လေးနက်သော အဓိပ္ပာယ်ဆောင်ပြီး ရေလိုအေး၍ ပန်းလိုလန်းပါစေဆိုသော မေတ္တာဓာတ်ဖြင့် ပက်ဖျန်းကြခြင်းဖြစ်သည်။
ကောင်းမှုကုသိုလ်ပြုလုပ်
မြန်မာတို့သည် သင်္ကြန်ကာလ အပျော်အပါး သက်သက်ဖြင့် ဖြတ်သန်းခြင်းမဟုတ်ဘဲ ဘုရားကျောင်းကန်သွားခြင်း၊ တရားရိပ်သာဝင်ခြင်း၊ ရှင်ပြုရဟန်းခံခြင်း စသည့်ကောင်းမှု ကုသိုလ်တစ်မျိုးမျိုးကို ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် သင်္ကြန်ကာလများတွင် စတုဒိသာကျွေးခြင်း၊ သက်သတ်လွတ်စားခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းရာတွင်လည်း ခွင့်တောင်းပြီး ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းကြခြင်း၊ ညဘက်၌လည်း မဏ္ဍပ်များတွင် လှပျိုဖြူများ၏သ င်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေလေ့ရှိကြ သည်။ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ချစ်စရာကောင်းသော ထုံးတမ်းစဉ်လာများပင်ဖြစ်သည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလ၏ အရေးပါဆုံးသောနေ့သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် ဘုရားစေတီပုထိုးများသို့ သွားရောက်ကာ ငါးများ၊ ငှက်များစသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းဖြတ်ပေးခြင်း၊ အလှူအတန်းပြုလုပ်ခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် တစ်နေ့တာကို အကျိုးရှိစွာ ဖြတ်သန်းကြသည်။ မြန်မာများသည် နှစ်ဆန်းတစ်ရက်နေ့တွင် မင်္ဂလာရှိသော အလုပ်များကိုသာ လုပ်ကိုင်လေ့ကြသည်။ ကျေးလက်နေ တောင်သူများသည်ပင်လျှင် ထိုနေ့၌ ထွန်ယက်စိုက်ပျိုးမှုကို စတိအဖြစ်ဆောင်ရွက်လေ့ရှိကြသည်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငွေကြေးသုံးစွဲမှုလည်း မပြုလုပ်ကြပေ။ မင်္ဂလာရှိသော အလုပ်များကိုသာ လုပ်ကိုင်ကြသည်။
မဟာသင်္ကြန်တွင် မြန်မာဆန်ဆန် ဆင်နွှဲသွားစေလို မြန်မာလူမျိုးတို့သည် အများအားဖြင့် သင်္ကြန်ကာလကို ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ဖြတ်သန်းကြသည်။
သို့သော် မြို့ပြနေလူတန်းစားအချို့သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သောက်စားမူးယစ် ရမ်းကားခြင်းများ တစ်နှစ်ထက်တစ်နှစ် ပို၍ပြုလုပ်လာကြသည်။ ထို့ကြောင့် သင်္ကြန်ကာလတွင် သောက်စား မူးယစ်ပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားသဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အမှုရင်ဆိုင်ရခြင်း၊ ယာဉ်များကို မဆင်မခြင် မောင်းနှင်သူများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွာပြီး နှစ်စဉ်သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှု များစွာ ဖြစ်ပွားကြုံတွေ့နိုင်သည်။ ဤသည်ကို လူတစ်ဦးချင်းစီက ကိုယ်စီအသိဖြင့် ထိန်းသိမ်း ကာကွယ်သင့်သည်။
နှစ်ဟောင်း၏ အညစ်အကြေးများကို သန့်စင်စေရန်နှင့် ပူပြင်းသောနွေရာသီတွင် အေးချမ်းမှုအရသာကို ခံစားနိုင်စေရန်အတွက် ရှေးဘုရင်များ လက်ထက်ကပင် မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ၌ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြရန်ခွင့်ပြုပေးခဲ့သည့် ကောင်းမွန်သော ဓလေ့ထုံးတမ်း အစဉ်အလာရှိခဲ့သည်။ မြန်မာလူမျိုးများသည် ကောင်းမှုကုသိုလ်ပြုလုပ်ရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန်နှင့် နှစ်သစ်တွင် လုပ်ငန်းဆောင်တာများအား အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်ဆိုသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် သင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ ထိုကောင်းမွန်သော အစဉ်အလာများကို ထိန်းသိမ်းထားရန်သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူအားလုံး အပေါ်တွင် တည်မှီနေသည်။
စင်စစ်အားဖြင့် ယဉ်ကျေးမှု ထွန်းကားသောနိုင်ငံသည် လူမျိုးအဆင့်အတန်း မြင့်မားပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကိုများစွာ အထောက်အကူပြုလျက်ရှိသည်။ သို့ဖြစ်၍ သက်ကြီးရွယ်အို၊ လူကြီး၊ လူလတ်ပိုင်းများသည် မျိုးဆက်သစ်များကို ကောင်းမွန်သော ယဉ်ကျေးမှု အလေ့အထများကို လက်ဆင့်ကမ်းပေးသွားရန် တာဝန်ရှိပေသည်။ ထိုသို့မဆောင်ရွက်ဘဲ မျိုးဆက်သစ် လူငယ်များအကြား မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ သောက်စားမှုများ ပြုမူနေထိုင်ခြင်းများနှင့် ပျော်ပါးခြင်းများသည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုမှေးမှိန်စေရုံသာမက ထိုလူငယ်များ၏ အနာဂတ်ကိုလည်း အညွန့်တုံးနိုင်စေပါသည်။ ထို့ကြောင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလတွင် ကောင်းမွန်သော မြန်မာ့ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ပျော်ရွှင်ချမ်းမြေ့စွာ အကျိုးရှိရှိ ကျင်းပသွားနိုင်ရန်အတွက် ပြည်သူအားလုံးက အမျိုးသားရေး စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်း သွားကြပါစို့ဟု တိုက်တွန်းအကြံပြု သွားလိုပါသည်။ ။
မောင်သောင်းဝင်း(တမန်ဟောင်း)