မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ရေမောင်းနှင်သည့် ပန့်စက်ရုံအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့် သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင် ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ပေါက်မြို့နယ်၊ သမားတော် ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့်သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံ အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါပန့်စက်ရုံဝင်းအတွင်း ထားရှိပြီး ရေမောင်းနှင်လျက်ရှိသည့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်ပန့်စက် ၂ လုံး၏ ကွန်ပျုတာဘောက်နှင့် အော်တိုနေတာ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံတော်ပိုင် စက်ယန္တရားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။