ပရီးမီးယားလိဂ်ပွဲစဉ် (၃၁) အဖြစ် ကစားခဲ့သည့် အဲဗာတန်အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းအနေဖြင့် ရှုံးနိမ့်ပြီးနောက် မန်ယူအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြများတွင် ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိမှုရာခိုင်နှုန်း အနည်းဆုံးနည်းပြအဖြစ် နည်းပြရင်းဂ်နစ်က မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် အဲဗာတန်အသင်းက ပွဲချိန် ၂၇ မိနစ်တွင် ဂေါ်ဒွန်၏သွင်းဂိုးဖြင့် မန်ယူအသင်းရှုံးနိမ့်ပြီးနောက် နည်းပြရင်းဂ်နစ် လက်ထက်တွင် ပရီးမီးယားလိဂ်သုံးပွဲမြောက်ရှုံးပွဲ တွေ့ကြုံခဲ့ရသည့်အပြင် မှတ်တမ်းဆိုးကိုလည်း ရရှိခဲ့သည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက နည်းပြဆိုးလ်ရှားကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဂန္ထဝင်နည်းပြရင်းဂ်နစ်ကို ခန့်အပ်ခဲ့သော်လည်း ရလဒ်များကောင်းမွန်လာခြင်း မရှိဘဲ ဆက်လက်ရုန်းကန်နေရသည်။
မန်ယူအသင်းကို ဝါရင့်နည်းပြ ရင်းဂ်နစ်တာဝန် ယူကိုင်တွယ်ပြီးနောက် အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသကဲ့သို့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၁၆)သင်းရှုံးထွက် အဆင့်မှပင် ထွက်ခွာခဲ့ရပြီး ယခု ဘောလုံးရာသီအကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်ပါ လွဲချော်မည့်အရေးနှင့် ရင်ဆိုင်နေရသည်။
မန်ယူအသင်းကို နည်းပြရင်းဂ်နစ်တာဝန်ယူကိုင် တွယ်ပြီးနောက် အဲဗာတန်အသင်းနှင့် ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲတာဝန်ယူကိုင်တွယ်ခဲ့ရာတွင် ရှစ်ပွဲသာ အနိုင်ရရှိပြီး သုံးပွဲရှုံးနိမ့်ကာ ခြောက်ပွဲအထိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ၎င်းစွမ်းဆောင်ခဲ့သည့် နိုင်ပွဲရာခိုင်နှုန်းမှာ ၄၇ ရာခိုင်နှုန်းသာ ရှိသည့်အတွက် တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြများတွင် နိုင်ပွဲရရှိမှုရာခိုင်နှုန်း အနည်းဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ကျန်ပွဲကျပ်များ ကစားရမည် ဖြစ်သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရဖွယ် ရှိနေကြောင်း သိရသည်။
Ref;90Min