ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၁) အဖြစ် ကစားခဲ့သည့် ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ၆ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီးနောက် အသင်းသမိုင်းတစ်လျှောက် ၁၉၈၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့က တင်ထားခဲ့သော အဝေးကွင်းခုနစ်ပွဲဆက် အနိုင်ရရှိသည့် စံချိန်မှတ်တမ်းကောင်းကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ၁၉၈၉ ခုနှစ် ဧပြီလနှင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတို့တွင် အဝေးကွင်းခုနစ်ပွဲဆက်နိုင်ပွဲ ရယူခဲ့ပြီး အဝေးကွင်းနိုင်ပွဲဆက်မှု အများဆုံးစံချိန်ကောင်းကို ရရှိထားပြီး ယခုအခါတွင်လည်း တတိယအကြိမ်မြောက်အဖြစ် အဝေးကွင်း ခုနစ်ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြိုင်ပွဲစုံ အနီးကပ်ဆုံးပွဲစဉ် နှစ်ပွဲဖြစ်သည့် အိမ်ကွင်းပွဲစဉ်နှစ်ပွဲတွင် ဘရန့်ဖို့ဒ် အသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း အဝေးကွင်းပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ ၁၉ ရက်က ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် နိုင်ပွဲရရှိချိန်ကစပြီး ခုနစ်ပွဲဆက်နိုင်ပွဲ ရယူနိုင်ခြင်း ဖြစ်ကာ အဆိုပါ ခုနစ်ပွဲတွင် အသင်းတိုက်စစ်ပိုင်းက ပုံစံကောင်းပြပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်သကဲ့သို့ ခံစစ်ပိုင်းကလည်း လေးဂိုးသာ ခွင့်ပြုပေးခဲ့ရကြောင်း သိရသည်။
Ref;Goal.com