အစဉ်ထာဝရ ရင်းနှီးချစ်ခင်သွေးစည်းနေမယ့် မြန်မာ-တရုတ်ဆက်ဆံရေး

ကျွန်တော်တို့မြန်မာနိုင်ငံဆိုတာ   အာရှတိုက်ရဲ့ အရှေ့တောင်အရပ်မှာ ကုန်းမြေဧရိယာအားဖြင့် ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မြေပုံကို ကြည့်လိုက်ရင်လည်း အင်မတန်မှ လှပလွန်းနေတာကို တွေ့ရဦးမှာပါ။

နယ်မြေဧရိယာအားဖြင့် ဒီလိုကြီးမားပြီး သဘာဝသယံဇာတပေါများစွာ ထွက်ရှိတဲ့ မြန်မာနိုင်ငံကို ကျွန်ပြုလိုတဲ့နိုင်ငံတွေ ဒုနဲ့ဒေးရှိမှာအမှန်ပါပဲ။ တကယ်တမ်းမှာလည်း  မြန်မာနိုင်ငံက  သူ့ကျွန်ဘဝအောက်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာနေခဲ့ရပါတယ်။

အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက်က လွတ်မြောက်လာတာ နှစ်ပေါင်း ၇၄ နှစ်ပြည့်မြောက်လို့ ၇၅ နှစ်ထဲဝင်လာပါပြီ။ ဒီကာလတွေ အတွင်း မြန်မာနိုင်ငံဟာ ပြည်တွင်းသောင်းကျန်းမှု အမျိုးမျိုး၊ ဆက်လက်ကျွန်ပြုလိုတဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုအမျိုးမျိုး စတဲ့အခက်အခဲအကျပ် အတည်းတွေကြားထဲကနေ ဒီကနေ့လိုအချိန်မျိုးကို ရောက်လာဖို့ဆိုတာ တော်ရုံတန်ရုံကြိုးပမ်းမှုနဲ့တော့ မဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့    မြန်မာ့တပ်မတော်ကပဲ   လွတ်လပ်ရေးကိုအရယူပေးခဲ့တယ်။

https://www.myawady.net.mm/sites/default/files/11422r%E1%81%82jpg.jpg

ရပြီးသားလွတ်လပ်ရေး    မဆုံးရှုံးသွားအောင်လည်း မြန်မာ့တပ်မတော်ကပဲ အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီးပြီး ထိန်းသိမ်းခဲ့ရတယ်။ မလိုတမာမုန်းထားကြတဲ့ ပြည်ပနိုင်ငံကြီးတွေရဲ့ အရေးယူပိတ်ဆို့မှု တွေအောက်မှာ ဆက်ပြီး အသက်ရှူနိုင်အောင်   မြန်မာ့တပ်မတော်ကပဲ ဦးဆောင်ကြိုးပမ်းခဲ့ရပါတယ်။

အရင်ခေတ်တုန်းကတော့ ဓားဓားချင်း၊ တုတ်တုတ်ချင်းရင်ဆိုင်နိုင်ရင် အနိုင်ရသူကသာ နယ်မြေကို သိမ်းပိုက်စမြဲ ဖြစ်ပေမယ့် အခုခေတ်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ တုတ်၊ ဓား၊ လက်နက်တွေအစား သံတမန်စစ်ခင်းတဲ့ အဆင့်ကိုရောက်လာပါပြီ။ ဒီအချိန်မှာ အင်အားကြီးနိုင်ငံတွေရဲ့ အားကလည်း ကမ္ဘာ့ချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို ပြန်ကြည့်ရင် မြောက်ဘက်နဲ့အရှေ့မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံတို့နဲ့ ထိစပ်နေတာကို တွေ့ရပါလိမ့်မယ်။

ဒီတော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မိတ်ဖက်ဖြစ်ထားတာဟာ ကျွန်တော်တို့နိုင်ငံအတွက် အခွင့်အရေးကြီး တစ်ရပ်လို့ပင် ခံစားမိပါတယ်။ ဒီထဲကမှ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့  တရုတ်နိုင်ငံတို့ကြားက  တိုးတက်လာတဲ့ ဆက်ဆံရေး အခြေအနေကို တင်ပြချင်ပါသေးတယ်။

ကျွန်တော်တို့အားလုံးမှာ  အိမ်နီးချင်းကောင်းရှိဖို့ ဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို မဆိုထားနဲ့  လူတစ်ဦးချင်းစီအတွက်၊ မိသားစုတစ်ခုအတွက်၊ အိမ်တစ်အိမ်အတွက်တောင်မှ ပတ်ဝန်းကျင် ကောင်း၊ အိမ်နီးချင်းကောင်းရှိဖို့ သိပ်ကိုလိုအပ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊  ကိုယ့်ရဲ့ အိမ်နီးချင်းက  ကိုယ့်အပေါ်ကောင်းမှ ကိုယ့်အတွက်လည်း ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာမှာ မဟုတ်ပါလား။

https://www.myawady.net.mm/sites/default/files/11422r1jpg.jpg

ကိုယ့်ရဲ့အိမ်နီးချင်းက မကောင်းရင်    ကိုယ်က ဘယ်လောက်ထိပဲ ကြိုးစားနေပါစေဦးတော့ သူတို့ရဲ့ ဆွဲချမှုကြောင့် ကိုယ်ကတော်တော်နဲ့ အမြင့်ရောက်နိုင်မှာ မဟုတ်ပါဘူး။  ဆန့်ကျင်ဘက်အနေနဲ့  ကိုယ့်ရဲ့အိမ်နီးချင်းက ကောင်းရင်တော့ ကိုယ်ကတကူးတကမကြိုးစားရပါဘဲနဲ့ အမြင့်ကိုအလွယ်တကူ ရောက်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့အိမ်နီးချင်းကလည်းကောင်းမယ်၊ ကိုယ်ကလည်းကြိုးစားမယ်ဆိုရင်တော့ ရလာတဲ့ရလဒ်က အတိုင်းထက်အလွန်ဖြစ်မှာ ဧကန်မလွဲပါပဲ။ ဒီတော့ တရုတ်နိုင်ငံဆိုတာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်းဟုတ်၊ မဟုတ်ဆိုတာကို အောက်ပါအချက်အလက်တချို့နဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ရအောင်ပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ တချို့ဖြစ်သွားတာ တစ်ကမ္ဘာလုံးအသိပါပဲ။ အထူးသဖြင့်တော့ ပြည်တွင်းက သစ္စာဖောက်လောက်ကောင်များနဲ့ အနောက်အုပ်စုရဲ့ ပုံဖော်မှုကိုသာ အများစုက တွေ့မြင် နေကြတာပါ။ တကယ်တမ်း ထဲထဲဝင်ဝင် အခြေအနေကိုတော့ ဂဃနဏ သိသူအင်မတန်နည်းပါတယ်။ ဒီအတွက်ကြောင့် အနောက်အုပ်စုဟာ  မြန်မာနိုင်ငံကို  ဖိနှိပ်မှုအမျိုးမျိုး၊ ဖိအားအမျိုးမျိုးနဲ့ အဆက်မပြတ် ထိုးနှက်လာပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆံဖက်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ဖို့၊    အကူအညီတွေမပေးဖို့၊ ယုတ်စွအဆုံး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုတောင်မှ မပေးဖို့အထိ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းဆက်ဆံရေး ကောင်းထူထောင်ထားနိုင်တဲ့ မြန်မာနိုင်ငံဟာ ဒီဒုက္ခတွေကနေ အလွယ်တကူပဲ ရုန်းထနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ကောင်းပီသမှုကတော့ အခရာပါပဲ။

အနောက်အုပ်စုရဲ့ သြဇာခံစီးပွားရေး ကုမ္ပဏီတချို့ မြန်မာနိုင်ငံကနေ ထွက်ခွာချိန်မှာ တရုတ်ကုမ္ပဏီ တွေကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် လုပ်ဆောင်ကြပါတယ်။ အနောက်အုပ်စုရဲ့ ဖိအားကြောင့် ခွဲတမ်းကျ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ အချိန်မီ မရောက်ရှိချိန်မှာ တရုတ်နိုင်ငံက သူ့နိုင်ငံထုတ်ကာကွယ်ဆေးတွေကို လှူဒါန်းပေးခဲ့ပါတယ်။

ဒါတွေက မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်ကာလမှာ တရုတ်နိုင်ငံရဲ့ ကူညီမှုတချို့သာ ဖြစ်ပါတယ်။ တကယ်တမ်းမှာ ကျွန်တော်တို့လို သာမန်ပြည်သူတွေမသိနိုင်တဲ့ နောက်ကွယ်က ကူညီမှုကြီးတွေလည်း ရှိဦးမှာပါ။ ဒီလိုမျိုးတွေကူညီပေးမှုဟာ အိမ်နီးချင်းကောင်းပီသမှသာ ကူညီပေးနိုင်တာမျိုးဖြစ်ပါတယ်။

ဧပြီလ ၁ ရက်တုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးမစ္စတာဝမ်ယီရဲ့ ဖိတ်ကြားမှုကြောင့် တရုတ်နိုင်ငံသို့သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး သူတို့နှစ်ဦးကြား ဘာတွေဆွေးနွေးကြတယ်။ ဘယ်လိုကတိကဝတ်တွေ ဖလှယ်ကြတယ်ဆိုတာကို ဆက်ပြီးလေ့လာကြည့်တဲ့အခါ သိလိုက်ရတာကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ တောင်တန်းတွေ၊ မြစ်ကြီးတွေဆက်စပ်နေတဲ့ နိုင်ငံနှစ်ခုဖြစ်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထားနိုင်ကြောင်း၊ နှစ်နိုင်ငံကြားက အစဉ်အလာကြီးမားတဲ့ဆက်ဆံရေးကို တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းသံတမန်ရေးမှာ မြန်မာနိုင်ငံကို ဦးစားပေးနေရာကနေသာ အမြဲတမ်း ထည့်သွင်းစဉ်းစားကြောင်း မစ္စတာဝမ်ယီက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေတွေပဲ ပြောင်းလဲသွားပါစေ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုတို့အတွက် အမြဲတမ်း ထောက်ခံပေးသွားမှာ ဖြစ်သလို  ပြည်တွင်းအခြေအနေများနဲ့ ထပ်တူညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတစ်ခုကိုလည်း ဖော်ထုတ်သွားမှာဖြစ်ကြောင်း၊ မြန်မာပြည်သူ များအနေနဲ့ ပျော်ရွှင်မှုရှိပြီး ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တရုတ်နိုင်ငံက ပူးပေါင်းကူညီသွားမှာဖြစ်ကြောင်း မစ္စတာဝမ်ယီကဆက်ပြောတာ တွေ့ရပါတယ်။

မစ္စတာဝမ်ယီ အနေနဲ့ နောက်ထပ်ပြောတာတွေကတော့ မြန်မာနိုင်ငံကို တရုတ်သမ္မတမစ္စတာရှီကျင့်ဖျင် လာရောက်စဉ်   ရရှိခဲ့တဲ့သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဘက်က အသင့်ရှိတယ် ဆိုတဲ့အကြောင်း၊ အပြန်အလှန်ယုံကြည်မှုအတွက် မဏ္ဍိုင်လေးရပ်ကို ခိုင်မာအောင် ကြိုးပမ်းသွားမယ် ဆိုတဲ့ အကြောင်း၊ နယ်ပယ်အသီးသီးမှာ အပြန်အလှန်ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း၊ ဒါမှသာ မြန်မာ-တရုတ် အသိုက်အဝန်းမှာ တူညီတဲ့ အနာဂတ်အတွက်  ရည်မှန်းချက်ကိုရရှိမှာ ဖြစ်ကြောင်းတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးရဲ့တွေ့ဆုံမှုမှာ အရေးအကြီးဆုံးတစ်ခုက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ပါပဲ။ အဲဒီထဲမှာ စက်မှုဇုန်တွေ၊ နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အထင်ကရ စီမံကိန်းကြီးတွေကို

လည်း အကောင်အထည်ဖော်ဆောင်ရွက်မှု ပါဝင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကာကွယ်ဆေးဖြည့်သွင်း၊ ထုပ်ပိုးခြင်းမှာ ပူးပေါင်း ဆောင်ရွက်မှုရှိရှိ လုပ်ဆောင်သွားမယ့်အပြင် မြန်မာနိုင်ငံက လိုအပ်တဲ့ ကာကွယ်ဆေးတွေနဲ့ ကပ်ရောဂါ

တိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်နိုင်ရေးအတွက် တရုတ်နိုင်ငံက အစွမ်းကုန်ဆက်လက် လုပ်ဆောင်သွားဦးမယ်လို့လည်း မစ္စတာဝမ်ယီက ဆိုပါတယ်။ ဒါဟာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် တော့ တကယ့်ကိုမဟာ အခွင့်အရေးကြီးတစ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

နောက်တစ်ခုက ဆင်းရဲမှုလျှော့ချရေးနဲ့ ပတ်သက်ပြီး ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနများ၊ ကျေးလက်လမ်းများနဲ့ တံတားများ၊ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာလေ့ကျင့်

ရေးဌာနများ တည်ဆောက်ရေး လုပ်ငန်းတို့မှာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်သွားဖို့ကို အဓိကထားပြောတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရွယ်အစားသေးငယ်ပေမယ့် အလွန်ကောင်းမွန်တဲ့ စီမံကိန်းတွေကို ဦးစားပေး အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ ဒါမှသာ လူမှုစီးပွား အဆင်ပြေချောင်လည်ပြီး ဆင်းရဲမှုလျော့ကျမှာ မဟုတ်ပါလား။လက်ရှိအချိန်မှာဆိုရင် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်တွေကြောင့်   တစ်ကမ္ဘာလုံးစီးပွားရေးအခက်အခဲတွေနဲ့ ကြုံနေရသလို  မြန်မာနိုင်ငံသည်လည်း အလားတူအခက်အခဲတွေနဲ့      ကြုံဆုံနေရပါတယ်။ ဒီအတွက်ကိုတော့ တရုတ်

နိုင်ငံက မြန်မာနိုင်ငံအနေနဲ့ ဒီအခက်အခဲတွေကို   ကျော်လွှားနိုင်စေဖို့ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်ရေးအတွက် အသင့်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအရေးနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင် တရုတ်နိုင်ငံက ယူကရိန်းပဋိပက္ခကနေ ထွက်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုနိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စေဖို့၊ တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ နှစ်ပေါင်းများစွာကြာ  လက်နက်အင်အားကြီးမှုကို အသုံးချပြီး လက်နက်ကိုင် ဖြေရှင်းမှုတို့ကို ဆန့်ကျင်ဖို့၊ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ တရားဝင်အခွင့်အရေးများနဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ကြောင်း      မစ္စတာဝမ်ယီက အလေးပေးပြောပါတယ်။

ဒီတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်အစိုးရဘက်က ပြောဆိုလိုက်တဲ့ အခြေအနေတွေ၊ ကူညီပေးမယ့်အခြေအနေတွေ၊  ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းကောင်းဟုတ်၊ မဟုတ်ဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မယ်လို့ ထင်ပါတယ်။

ဒီထက်ပိုပြီးပြောရမယ်ဆိုရင် မြန်မာ-တရုတ် ဆက်ဆံရေးအခြေအနေပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ ရှေးပဝေသဏီကတည်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အခန့်မသင့်လို့ အနည်းငယ်ကတောက်ကဆတ်ဖြစ်မှုတွေက  လွဲရင်များသောအားဖြင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲကာ တစ်နိုင်ငံရဲ့အကျိုးကို တစ်နိုင်ငံက လိုလားတဲ့စိတ်နဲ့ နေထိုင်လာကြတာဖြစ်ပါတယ်။

မကြာသေးမီကမှဖြစ်သွားတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲမှာ အခြေအနေအမှန်ကို ထဲထဲဝင်ဝင်မသိသူတွေ၊  လိုရာမရလို့  မစားရတဲ့အမဲသဲနဲ့ ပက်သူတွေက မြန်မာနိုင်ငံကို အထီးကျန်ဆန်ပြီး အဘက်ဘက်ကနေ ဘေးဒုက္ခအမျိုးမျိုး တွေ့ကြုံရအောင် လုပ်နေပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့ အစိုးရအပေါ်ထက် မြန်မာနိုင်ငံအပေါ်မှာသာ ကူညီပံ့ပိုးမှုတွေပေးနေတယ် ဆိုတာကို အထင်းသားမြင်တွေ့ရပါတယ်။

ဒီဆောင်းပါးရဲ့အစောပိုင်းမှာ ဖော်ပြပါရှိခဲ့သလို မြန်မာနိုင်ငံမှာအခြေအနေတွေ ဘယ်လိုပဲပြောင်းလဲနေပါစေ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေး တို့အတွက် အစဉ်သဖြင့် ကူညီထောက်ခံပေးသွားမယ် ဆိုတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီရဲ့ ပြောစကားဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ တကယ့်ကိုအား ဆေးတစ်ခွက်ပါပဲ။

ဒါကြောင့်   နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဆိုတာ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေ ဒုက္ခရောက်ပါစေတော့ ဆိုတဲ့စိတ်နဲ့   ဘယ်တုန်းကမှ မနေထိုင်ခဲ့သလို နောင်လည်းဘယ်တော့မှ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ အိမ်နီးချင်းကောင်းပီသတဲ့ စိတ်နဲ့သာ  အစဉ်ထာဝရနေထိုင်သွားမှာ ဖြစ်ပါတယ်။ အလားတူပဲ တရုတ်နိုင်ငံသည်လည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အစဉ်ဦးထိပ်ထားကာ အိမ်နီးချင်းကောင်းပီသတဲ့ စိတ်နဲ့သာပြုမူ နေထိုင်လာခဲ့တာပါ။ ဒီလိုစိတ်ထားမျိုးတွေ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးဟာ အစဉ်ထာဝရ ရင်းနှီးချစ်ခင်  သွေးစည်းနေမှာသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

ထက်မြက်