လေးဖက်နာရောဂါအကြောင်း သိကောင်းစရာ

လွန်ခဲ့သောနှစ်အနည်းငယ်က စာရေးသူ၏ညီငယ်အရွယ်တစ်ဦးမှာ လေးဖက်နာရောဂါနှင့် သေဆုံးသွားပါသည်။ သူ့သတင်းကြားရသည်မှာ လေးဖက်နာရောဂါကြောင့် အဆစ်များရောင်ရာမှဖျားလာသည်။ အဖျားရက်ကြာမှ  ဆေးရုံတင်သောအခါ  တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျားရောဂါ၊ အသည်းကြီးရောဂါများပါ တွေ့ရသည်ဟု ဆိုသည်။ ဆေးရုံတွင် အခြေအနေ မဟန်တော့သဖြင့်  ဆင်းခွင့်ပြုပြီး  အိမ်ပြန်ရောက်သောအခါ သေဆုံးသွားကြောင်း သိရသည်။

သူ၏အကြောင်းကို ဂဃနဏပြောရလျှင် သူသည်လွန်ခဲ့သော ၁၀ နှစ်ကျော်က စာရေးသူ၏ ဆေးခန်းတွင် စာရင်းကိုင်လုပ်ငန်း လုပ်ခဲ့ဖူးသူဖြစ်သည်။    သူ့တွင် မွေးရာပါဟုဆိုနိုင်သော လေးဖက်နာရောဂါရှိသူဖြစ်သည်။  သူငယ်စဉ်က  အာသီးမကြာခဏရောင်ရာမှ လေးဖက်နာဖြစ်ခဲ့ခြင်းဖြစ်သည်။ အနောက်တိုင်းဆေးပညာအရ အာသီးရောင်ပိုးကို ကိုယ်ခံအားတိုက်ခဲ့ရာမှ လေးဖက်နာဖြစ်ခဲ့ခြင်း ဖြစ်သည်။    အာသီးရောင်ပိုးကို ကိုယ်ခံအားက တိုက်ခိုက်ရာမှ   နှလုံးအထိရောဂါရောက်ပြီး ပိုးလေးဖက်နာဖြစ်ခဲ့ပုံရသည်။ သူ၏သွေးကိုစစ်လျှင် ASO ၃၀၀ အမြဲတမ်းရှိနေသည်။

သူသည်  ငယ်စဉ်က ပင်နီဆလင်အပြင်းစားကို တစ်လတစ်ကြိမ်တစ်နှစ်ခန့်ထိုးခဲ့ရာမှ   တင်ပါးတွင် အကျိတ်ဖြစ်၍ခွဲထုတ်ဖူးသည်။ ထို့နောက်ပင်နီဆလင် (V)ဆိုသောဆေးကိုလည်း နှစ်ချီသောက်ခဲ့ဖူးသည်။ သို့သော် သူ့လေးဖက်နာ ခေါ် အဆစ်အမျက်ကိုက်ရောဂါမှာ မပျောက်ပါ။ သက်သာရုံသာရှိသည်။ မိုးအေး လျှင်ကိုက်သည်။    နေပူပြင်းလျှင်လည်းမသက်သာ။ အလုပ်များလျှင်အဆစ်များပါရောင်လေ့ရှိသည်။

အမှန်တော့ အနောက်တိုင်းဆေးပညာရှင်များ၏ ကုထုံးအရလည်း  ပင်နီဆလင်ထိုးဆေးနှင့်  စားဆေးများ ပေးခြင်းသည်   လေးဖက်နာရောဂါအမြစ်ပြတ်ပျောက်ဖို့ပေးခြင်း မဟုတ်ပါ။    လေးဖက်နာပိုးကို ပြန်တိုက်သော ကိုယ်ခံအားမှာ  ပိုးသေသွားသောအခါတွင်လည်း  မရပ်နားတော့ဘဲ  ဆက်တိုက်နေသဖြင့် နှလုံးကိုပါ တိုက်ခိုက်ပြီး    နှလုံးရှိအခင်(valve)များ မပျက်စီးအောင်ပေးခြင်းဖြစ်ပါသည်။  ကာကွယ်သည့်အနေဖြင့်    ပင်နီဆလင် ပေးထားခြင်း ဖြစ်သည်။ လေးဖက်နာပျောက်သည်ဟု ထင်လျှင်  မှားမည်ဖြစ်သည်။

ထိုသူငယ်သည် စာရေးသူ၏ တိုင်းရင်းဆေးခန်းတွင် တာဝန်ထမ်းဆောင်နေသော်လည်း   ဗမာဆေးကို မယုံကြည်ပါ။ ထိုက်သင့်သလောက် လေးစားသည့်တိုင် အားမကိုးပါ။ ဆေးခန်းတွင် အဆစ်ရောင်သက်သာသည့်  လိမ်းဆေးမှုန့်၊  အဆီနှင့်အကြောပြေဆေး၊ အကြောလေလျှောက်ဆေး၊  နှလုံးအပူငြိမ်းဆေးများ ကို သုံးစွဲကြည့်ဖူးသော်လည်း စိတ်မရှည်ပါ။

ထိုလူငယ်စွဲနေသောဆေးမှာ   ပါရာစီတမော့ အကိုက်အခဲပျောက်ဆေးပင် ဖြစ်ပါသည်။  အနည်း ငယ်ကိုက်လျှင်စားတော့သည်။ မိုးအုံ့၍ကိုက်ခဲလာလျှင် ပါရာစီတမော့ သောက်တော့သည်။    နေပူလျှင် လည်းသောက်သည်။ အလုပ်ပင်ပန်း၍ ညောင်းကိုက်လျှင်လည်းသောက်သည်။ ဗမာဆေးသောက်ရတာက ကြာတယ်၊ ပါရာသောက်လိုက်ရင် ချက်ချင်းသက်သာသွားတယ် ဟု သူက ပြောလေ့ရှိပါသည်။

လူတစ်ကိုယ် အစွဲအလမ်းတစ်မျိုးရှိလေ့ရှိသည်။ တချို့လူနာများသည်    ဆရာဝန်နှင့်တွေ့လျှင် ဆေးထိုးခံချင်သည်။ ဆေးထိုးခံလိုက်ရမှ ရောဂါသက်သာမည်ဟု ထင်ကြသည်။ တချို့မှာ အလုပ်ပင်ပန်းသည်၊ အားပြတ်သည်ဟုဆိုကာ တစ်လတစ်ကြိမ် ဒရစ်သွင်းသည်။ အားဆေးပုလင်းကြီး ချိတ်လိုက်ရမှ နေကောင်းသည်ဟုထင်သည်။ ဂလူးကို့ပုလင်းကြီးတွင် ဆေးနှစ်မျိုးသုံးမျိုးရောသွင်းသော ကော့တေးလ်ခေါ် အားဆေးသွင်းရခြင်းကို စွဲနေသူများရှိသည်။ ပိုက်ဆံလိုချင်သော ဆေးခန်းများမှလည်း သူတို့အကြိုက် လုပ်ပေးလေ့ ရှိသည်။

ထိုသူများသည် စိတ်၏ အစွဲအလမ်းကြောင့် လကုန်ခါနီးသည်နှင့် နေမကောင်းဖြစ်လာသည်။ အားဆေးပုလင်းကြီး ချိတ်လိုက်ရမှ နေကောင်းသွားသည်ထင်နေသည်။

 

လေးဖက်နာနှင့် တိုင်းရင်းဆေး

 

ထိုလူငယ် ဆေးခန်းတွင်စာရေးလုပ်နေစဉ်မှာပင် စာရေးသူသည် မန္တလေးမြို့ ဗောဓိရိပ်သာမှ တရားပြသူ ဓမ္မကထိက ဆရာကြီးဦးမြင့်စိန်၏ လေးဖက်နာနှင့် အဆစ်ရောင်ရောဂါတို့ကို ကုသပေးနေချိန်ဖြစ်သည်။ ဆရာကြီး၏ ရောင်နေသောအဆစ်များကို တောရှောက်မြစ်သွေးလိမ်းခိုင်းပါသည်။   အလွန်ရောင်နေသော အဆစ်များကို ချင်း၊ လင်းနေပါဝင်သည့် GL ဟု အမည်ပေးထားသောဆေးဖြင့်စည်းပေးပါသည်။ သောက်ဆေးအဖြစ် တောင်မရိုးခေါက်ကိုနေလှန်း အမှုန့်ပြုလုပ်ပြီး တိုက်ပါသည်။   ထိုအချိန်က   ဗောဓိရိပ်သာတွင် တရားထိုင်သူများသည် ဆရာကြီးနေသော ကျောင်းရှေ့သွားလျှင် တောင်မရိုးခေါက်များ နေလှန်းထားသည်ကို တွေ့ကြရပါလိမ့်မည်။

ဆရာကြီးဦးမြင့်စိန်၏ လေးဖက်နာ၊ အဆစ်ရောင်ရောဂါမှာ ဤဆေးများဖြင့်ပင် အမြစ်ပြတ်ပျောက်ကင်းသည်ဟု မဆိုနိုင်သော်လည်း အသက်ရှည်စွာနေသွားရသည်။ ဥပုသ်နေ့တိုင်းမပျက် ယောဂီများကို တရားပြနိုင်သည်။ ယောဂီများနှင့်အတူ တစ်နာရီခွဲကြာတရားထိုင်နိုင်သည်မှာ လက်တွေ့ဖြစ်ပါသည်။

ထိုသို့  လက်တွေ့ဖြစ်သော်လည်း  စာရေးသူ၏ တပည့်ညီငယ်မှာ သူ၏လေးဖက်နာအတွက် ပါရာစီ တမော့ကိုလက်မလွှတ်နိုင်ပါ။    ထစ်ခနဲဆိုပါရာ၊ သွားလေရာပါသည်မှာ  ပါရာ၊  ပဲလှော်စားသကဲ့သို့ သူစားနေသည်မှာပါရာဖြစ်သည်။ စာရေးသူလည်း သူ့အရွယ်ငယ်သေးသည်ဖြစ်သဖြင့် သူထင်ရာလျှောက် လုပ်နေသည်ကိုမတားလိုတော့ပါ။

 

ပါရာစီတမော့စွဲသူများ သတိပြုစရာ

 

စာရေးသူ၏ မိတ်ဆွေ အင်ဂျင်နီယာတစ်ဦး၏ မိခင်ကြီးမှာလည်း အသက်ကြီးမှ ပါရာစီတမော့ စွဲ နေသည်ဟုပြောသည်။ သောက်သည့်အရှိန်တက်လာပြီး တစ်ခါသောက်လျှင် နှစ်ပြားပူးသောက်သည်ဟု ဆိုသည်။

သူနှင့် စာရေးသူ၏မိခင်ကြီးတို့ ဗန်ကောက်မြဘုရားဖူး အတူသွားကြသည်။ သွားလေရာလမ်းတစ်လျှောက်လုံး သောက်ရန်အတွက် ပါရာစီတမော့ အပြားတစ်ထောင်ပါသည့်   သံဘူးကြီးနှင့်ဝယ်လာခဲ့ကြောင်း၊  လမ်းတစ်လျှောက် ကားစီးရတာ ညောင်းသည်ကိုက်သည်ဟု ဆိုသဖြင့် ဆေးပြားနှစ်ပြား ထုတ်သောက်လေ့ ရှိကြောင်း ပြောပြသည်။

ထိုသို့သောက်ခဲ့ခြင်း၏ အကျိုးဆက်မှာလွန်ခဲ့သော နှစ်နှစ်ခန့်က ရုတ်တရက်ခါးကိုက်လာပြီး ခါးဆစ်ရောဂါ ထင်နေရာမှ မပျောက်သဖြင့် ဗန်ကောက်သို့သွားစစ်ရာ ကင်ဆာဖြစ်နေကြောင်းတွေ့ရသည်။    ထိုကင်ဆာသည် အစာအိမ်မှစခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ပါရာစီတမော့စွဲသောက်နေသူများ သတိပြုစရာပင် ဖြစ်ပါသည်။

ဆေးဆိုင်ပိုင်ရှင် မိတ်ဆွေတစ်ဦးကို မေးကြည့်သောအခါ ယနေ့အရောင်းရဆုံးဆေးမှာ   အကိုက်အခဲ ပျောက်ဆေးများ ဖြစ်သည်။ ပါရာစီတမော့မှာ နာမည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနှင့်လာသည်။ အဆင့်မြင့် ကွာလတီရှိသော ဆေးများရှိသလို အဆင့်မမီသော စံမမီဆေးများ    အိမ်နီးချင်းနိုင်ငံမှဝင်လာသော ဆေးပြားအလွတ်ထုပ်ကြီးများ၊   ထောင်ချီပါသော အထုပ်များအထိရှိသည်။ ဆင်းရဲသားရပ်ကွက်များတွင် ဈေးပေါပေါဖြင့် ကုသသော ဆေးခန်းများမှာ ထိုထောင်ထုပ်များမှ ဆေးပြားအလွတ်များကို ဝယ်ယူသုံးစွဲသော ဆေးခန်းအတွက် တွက်ခြေကိုက်သည်ဟုဆိုသည်။

သေဆုံးသွားသောသူ လူငယ်အကြောင်းဆက်ပြောရလျှင် သူသည်စာရေးသူ၏ ဆေးခန်းမှ အလုပ်ထွက်သွား ပြီးနောက်   ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်သည်။  ကျောက်သယ်သော လုပ်ငန်းဖြစ်သည်။

ထော်လာဂျီ ခေါ် ကားငယ်များဝယ်ပြီး ကျောက်သည်သော လုပ်ငန်းဖြစ်သည်။ မန္တလေးမြို့တွင် တိုက်ဆောက်သူအလွန်များသဖြင့် ကျောက်သယ်ကားများမှာ အလွန်အလုပ်ဖြစ်နေသော အချိန်ဖြစ်သည်။

လေးဖက်နာအခံရှိသူမှာ နေပူမိုးရွာမရှောင်လုပ်ရသော အလုပ်နှင့်မကိုက်ပါ။  ကျောက်ကားများကို ကိုယ်တိုင်မမောင်းရသော်လည်း  ကျောက်တင်သည့်နေရာ၊ ကျောက်ချသည့်နေရာများသို့ ဆိုင်ကယ်တစ်စီး ဖြင့်လိုက်ကြည့်ရသည်။   တစ်နေကုန်သွားလိုက်ပြန်လိုက်ပင်ပန်းလှသည်။ ပင်ပန်းသော်လည်း ရနေသော ဝင်ငွေလောဘကြောင့် အလုပ်မှမနားခဲ့သဖြင့် အသက်သေသည်အထိ ဖြစ်ခဲ့ရလေသည်။

 

သန္တပနအဖျားရောဂါ

 

လေးဖက်နာရောဂါသည် အဆစ်ရောင်သည်နှင့် တစ်ပြိုင်နက် အဖျားဝင်လာလေ့ရှိသည်။ တိုင်းရင်း ဆေးပညာအရ သန္တပနတေဇော ခေါ် အပူအောင်း အပူငုပ်ပြီး ဖျားသောအဖျားသည် ကိုယ်တွင်းအင်္ဂါ၊  အူ၊ အသည်းများကို ရောင်စေသောအဖျားမျိုးဖြစ်သည်။ အူရောအသည်းပါရောင်သောအခါ  အစာမဝင် ရေမဝင်ဖြစ်လာသည်။ စားသမျှပြန်အန်တော့သည်။

လေးဖက်နာရှိရသည့်အထဲ    အသည်းကလည်း မကောင်းတော့ အကိုက်အခဲပျောက်ဆေးများ နှစ်ရှည်သောက်ခဲ့သော ဒဏ်ကြောင့် အသည်းက ပျက်စီးစပြုနေသည်။ သူ့ကိုဆေးရုံကမကယ်နိုင်တော့ပါ။

 

လေးဖက်နာအတွက် သတိပြုစရာ

 

စာရေးသူ၏တပည့်လူငယ်လေး အရွယ်ကောင်း၊ စီးပွားရေးကောင်းနေချိန် သေရသည့်အတွက် စိတ်မကောင်းပါ။ သူ့ထံမှရလိုက်သောသင်ခန်းစာများကို လေးဖက်နာရောဂါရှိသူများအတွက်  တင်ပြလိုပါသည်။

၁။ လေးဖက်နာရောဂါသည် အလွယ်တကူပျောက်ကင်းသည့် ရောဂါမျိုးမဟုတ်ပါ။

၂။ ကြောက်စရာရောဂါလည်းမဟုတ်ပါ။ ရာသီဥတုအပြောင်းအလဲနှင့်   အပူအအေးမလွန်ကဲအောင် အစားအသောက် အနေအထိုင်ဆင်ခြင်နေလျှင် ရောဂါသက်သာပျောက်ကင်း နေနိုင်ပါသည်။

၃။ အပူအအေးမမျှတလျှင်  အလုပ်ပင်ပန်းစိတ်ပင်ပန်းလျှင် ရောဂါပြန်ထလာတတ်ပါသည်။ ကိုယ်ရော စိတ်ပါအနားယူလျှင် ပြန်သက်သာလာနိုင်ပါသည်။

၄။ လေးဖက်နာကြောင့် နှလုံးကိုမထိခိုက်စေရန် ကျွမ်းကျင်သောဆရာဝန်၊ သမားတော်များပေးသည့် ဆေးကိုသာမှီဝဲပါ။

၅။ လေးဖက်နာထနေချိန်မှသာ အကိုက်အခဲပျောက်ဆေးများကို သောက်ပါ။    စွဲစွဲမြဲမြဲမသောက်ပါနှင့်။ အကိုက်အခဲပျောက်ဆေး အထူးသဖြင့် ပါရာစီတမော့ ကြောင့်   အသည်းပျက်စီးနိုင်သည်ကို  သတိပြုကြပါ။

လေးဖက်နာရောဂါကြောင့်   အသက်မဆုံးရှုံးပါ။ အကိုက်အခဲပျောက်ဆေး အသောက်များ၍ အသက်ဆုံးရှုံး နိုင်သည်ကို သတိပြုနိုင်စေရန် ရေးသား တင်ပြလိုက်ရပါသည်။    ။

ကြည်လွင်မြင့်(မုဒြာ)