တောင်ပေါ်မြေပြန့် ပျော်ရွှင်ဆင်နွှဲ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲ
တန်ခူးလသည် ဂိမှန္တရာသီ၏ ဒုတိယမြောက်လ ဖြစ်ပြီး ဆောင်းရာသီ လွန်မြောက်ပြီးနွေရာသီသို့ ပီပြင်စွာရောက်ရှိလာသော ရာသီလည်းဖြစ်သည်။
ထို့ပြင် မြန်မာ့ဆယ့်နှစ်လရာသီတွင် တန်ခူးလသည် ပထမဆုံးလဖြစ်သည်။ မြန်မာ့ဆယ့်နှစ်လ ရာသီပွဲများအနက် ပထမဆုံးနှင့်ရက်အကြာမြင့်ဆုံး ကျင်းပသည့်
ပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်နှင့် ကျားမ မရွေးပါဝင်ဆင်နွှဲနိုင်သောကြောင့် အစည်ကားဆုံးနှင့် အပျော်ရွှင်ရဆုံး ပွဲတော်ကြီးလည်းဖြစ်သည်။
ဗေဒင်ဝေါဟာရအားဖြင့် တန်ခူးလကို မိဿရာသီ ဟူ၍ခေါ်ဆိုကြပြီး၊ တန်ခူးလ၌စိြဝာနက္ခတ်သည် လမင်းနှင့် ယှဉ်ပြိုင်မွန်းတည့်လေ့ရှိသည်။ ရာသီပန်းများမှာ ကံ့ကော်ပန်း၊ ရင်ခတ်ပန်းနှင့် ပိတောက်ပန်းတို့ဖြစ်သည်။ ဤလတွင် နံနက် ၆ နာရီနေထွက်၍ ညနေ ၆ နာရီတွင်နေဝင်သောကြောင့် နေ့တာညတာညီမျှသော ရက်မစုံလမစုံလည်း ဖြစ်သည်။ ရှေးကတန်ခူးလတွင် ဘုရင်နှင့်တကွ ပြည်သူအပေါင်းတို့သည် နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ ရှေးစာဆိုပညာရှင် စလေဆရာကြီး ဦးပုညက”ဆယ့်နှစ်လီဒွါဒရမှာ၊ ခါမိဿရာသီ၊ ယင်းအစဦးချီသည်၊ လတွင်မည်တန်ခူး၊ စိတြကြယ်ပြောင်ငယ်၊ ညဉ့်သန်းခေါင် ကျခါမှမြူး။ နေ့နှင့်ညနာရီမှာ သုံးဆယ်စီမကြူး၊ ပန်းကံ့ကော်ရွှေရင်ခတ်ကယ်တို့၊ ဖူးပွင့်ချပ်စီသို့သာဖြာ။ တည့်သုံးဖဝါးရိပ်ဆာယာမှာ၊ တူမကွာမောင်မယ်နွှဲလို့၊ မြတ်သည့်ပွဲသင်္ကြန်တော်၊ တီးခြိမ့်ခြိမ့်ကြော်၊ ထီးကမ္ဗုရိပ်ပျော်ငယ်၊ ခေါင်းလျှော်တော်မူမြဲထင့်လေး။” ဟူ၍ ရာသီဘွဲ့ တေးထပ်ကဗျာကို ရေးဖွဲ့ခဲ့သည်။
သင်္ကြန်၏အဓိပ္ပာယ်
“သင်္ကြန် ”ဟူသော ဝေါဟာရနှင့် ပတ်သက်၍ ပုဂံခေတ်မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ် (ခရစ်နှစ် ၁၂၉၁)ခုနှစ်တွင် ရေးထိုးခဲ့သော စောလှဝန်းဘုရား ကျောက်စာ၌ အစောဆုံးတွေ့ရှိရသည်။ ထိုကျောက်စာ၌ “မီဖုန်၊သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်သွန်မပြယ်၊ စိတ်လျှင်တည်၏”ဟုရေးထိုးထား၏။ ယင်းကျောက်စာမှာ ပုဂံခေတ်ကတည်းက နှစ်သစ်ကူးပွဲတော် ကျင်းပနေပြီဖြစ်သည်ကို အထင်ရှားဆုံး သာဓကပင်ဖြစ်သည်။ ထို့ပြင် “သင်္ကြန် ”ဟူသောဝေါဟာရသည် “သင်္ကန္တြ ”ဟူသော သက္ကတပုဒ်“သင်္ကန္တ”ဟူသည့် ပါဠိပုဒ်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထို့ကြောင့် သင်္ကြန်ဟူသော အဓိပ္ပာယ်မှာ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းပင်ဖြစ်ရာ သင်္ကြန်ကျသည်ဆိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။
သင်္ကြန်အမိန့်ပြန်တမ်း
ကုန်းဘောင်ခေတ်တွင် ရှင်ဘုရင်ကိုယ်တိုင် လက်မှတ် ရေးထိုးထားသော “သင်္ကြန်အမိန့်ပြန်တမ်း”တစ်ခုရှိခဲ့သည်။ ယင်းအမိန့်ပြန်တမ်းမှာ အောက်ပါအတိုင်းဖြစ်သည်-
“ပညာရှိတို့က သက္ကရာဇ် ၁၂၄၀ ခု၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ စနေနေ့ တစ်ချက်တီးအကျော် ၇ နာရီ၊ ၁ ပါဒ်၊ ၁ ဗီဇနာအချိန်တွင် ဘာနုရာဇာအမည်ရှိသော တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီမှ တန်ခူးဖြစ်သော မိဿရာသီသို့ ပြောင်းဝင်ပါသည်။ တန်ခူးလပြည့်ကျော် ၉ ရက် တနင်္လာနေ့၊ သုံးချက်တီးကျော် ၁ နာရီ ၃ ပါဒ်၊ ၇ ဗီဇနာပြန်ပြည့် ၇ ခရာအချိန်တွင် အတာနှစ်သစ် သက္ကရာဇ် ၁၂၄၁ ခုနှစ်သို့ တက်ပါမည်။ သင်္ကြန်ပြောင်းအချိန်တွင် အမြောက်သံပေးမြဲပေး၍ ရွှေနန်းတော်၊ လွှတ်တော်၊ ဗဟိုရ်ခင်း၊ ဝင်းရုံးလေးရပ်၊ ရှေ့ရုံး၊ အနောက်ရုံး၊ တရားရုံး၊ ရွှေမြို့တော်တက်တံခါးလေးရပ်၊ ထောင့်ပြကြီးများမှာ ညနေ ကို သံဃာတော်ရှစ်ပါးစီ ပရိတ်တော်ရွတ်မွမ်း၍ နံနက်ဆွမ်းကိုလှူဒါန်းပြီးလျှင် ပရိတ်တော်ရေကို ရှစ်ပါးပုဏ္ဏားတို့ ဖျန်းပက်စေ၍ ရွှေမြို့တော်စောင့် ဒိသာဇေယနတ်၊ ရွှေနန်းတော်၊ ရာဇပလ’င်ဥကင်တော်၊ ထီးဖြူတော်၊ ကိုယ်စောင့်နတ်မှစ၍ သိကြား၊ စတုလောကပါလ သာသနာတော်စောင့်၊ သမ္မာဒေဝနတ်မြတ်တို့အားလည်း အပရိဟာနိယတရားနှင့် အညီ
တင်ကြားပသတော် မူသင့်ကြောင်းနှင့် ရှိခိုးသံတော်ဦး တင်ချက်အတိုင်း သင်္ကြန်ပြောင်းအချိန်တွင် အမြောက်သံပေးမြဲပေး၊ ခန့်ထားစီရင်ရန်ရှိသည်များကို ပြီးပြေအောင်စီရင်၊ စေတီပုထိုး၊ ဗောဓိညောင်တော်များမှာ အတာညောင်ရေကို နှစ်စဉ်ဆက်သွင်းမြဲ ဆက်သွင်း သွန်းလောင်းလှူဒါန်းစေ၊ အခါခံရက်အတွင်းပြည်သူတို့မှာ ထုံး၊ နနွင်း၊ အိုးမည်းမသုတ်မသိမ်း၊ မသန့်မပြန့်သည့် ရေများကို မပက်ဖျန်းကြစေနှင့်၊ အမွှေးအထုံ၊ ရေကြည်ရေသန့်များနှင့် နံနက်ခင်း၊ ညနေခင်းကိုသာဖျန်းပက်ကြစေ”ဟု သင်္ကြန်သဘင်တွင် လိုက်နာရန် အစီအစဉ်များကို ထုတ်ပြန်ခဲ့သည်။
ရှေးမြန်မာမင်းများ လက်ထက်က မဟာသင်္ကြန်ပွဲတော်ကို ရှင်ဘုရင်နှင့်မိဖုရားတို့ ကိုယ်တိုင် ဦးဆောင်၍ကျင်းပခဲ့ကြသည်။ ယင်းကဲ့သို့ကျင်းပရာ၌ အကြီးကျယ်ဆုံး၊ အယဉ်ကျေးဆုံးဖြစ်အောင် ကျင်းပသကဲ့သို့ အကောင်းဆုံး အပျော်ဆုံးဖြစ်အောင်လည်း အတီးအမှုတ် အကအခုန်များနှင့် သဘင်စုံခင်း၍ ကျင်းပခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ ရှေးအခါက သင်္ကြန်ကျသည့် အချိန်ကာလကို ပြည်သူအများ တစ်ပြိုင်နက် ကြားသိနိုင်ရန် အခါတော်ပေးသည့် အနေဖြင့် ဘုရင်မင်းမြတ်၏ ရွှေနန်းတော်က ရွှေမောင်းသံတဒူဒူနှင့် အချက်ပေးခဲ့သည်။ ထိုသို့အချက်ပေးသံကြားသည်နှင့် တစ်ပြိုင်နက် သင်္ကြန်အမြောက်သံ ထွက်ပေါ်လာသည်။ ယင်းကဲ့သို့ သင်္ကြန်အမြောက်သံကြားလျှင် ပြည်သူအပေါင်းတို့သည် အတာအိုးခေါ် မြေအိုးငယ်၌ ခုနစ်နေ့နံပန်းများကို စိုက်၍ အမိုးအကာ၏ အပြင်ဘက်ထွက်ကာ အတာအိုးများကို မြှောက်ပင့်လျက် သင်္ကြန်ကြိုကြရသည်။
တောင်ပေါ်မြေပြန့်ဆင်နွှဲကြသော သင်္ကြန်ပွဲများ မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီ ပွဲတော်များ ကျင်းပကြရာ၌ တန်ခူးလရေသဘင် ပွဲတော်သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသော ပွဲတော်ဖြစ်၍ တောင်ပေါ်မြေပြန့်ရှိ လူတန်းစား အလွှာပေါင်းစုံက လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်ဆင်နွှဲကြသည့် ပွဲတော်ပင်ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများသည် နံ့သာသွေးပွဲတော်၊ ဘုရားရေသပ္ပာယ်ပွဲ၊ ရေပက်ကစားပွဲများကို ကျင်းပခဲ့ကြသည်။ သင်္ကြန်အကြိုနေ့တွင် ဘုရားရေသပ္ပာယ်ရန် အတွက် အင်္ကြန်အကြိုနေ့မတိုင်မီညတွင် အမွှေးနံ့သာများ သွေးကာ သင်္ကြန်အကြိုနေ့၌ ဘုရားရေသပ္ပာယ်ပွဲကို ကျင်းပကြသည်။ ရခိုင်ရိုးရာရေပက်ကစားပွဲကို ကျင်းပရာတွင် ရခိုင်လှပျိုဖြူကလေးများသည် မိမိတို့မဏ္ဍပ်အတွင်းမှ ထိုင်စောင့်နေကြရသည်။ ရေကစားမဏ္ဍပ်များ၌ ရေထည့်ရန် လောင်းလှေကြီးများကို တင်ထားပြီး လောင်းလှေကြီးများ၌ ရေအပြည့်ဖြည့်၍ ရေပက်ခံလှပျိုဖြူကလေး များကလောင်းလှေကြီးကို မျက်နှာမူကာ မဏ္ဍပ်ကိုကျောပေးပြီး ရေခွက်ကိုယ်စီဖြင့် ထိုင်နေကြရသည်။ ရေကစားကြမည့် လူငယ်ကာလသားများက ထိုင်နေသောလှပျိုဖြူများအနက် မိမိရေပက်ကစားလိုသည့် မိန်းမပျိုလေးကို ရွေးချယ်၍ခေါ်ယူကာ ရေပက်ကစားကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ရှမ်းလေးရွာမှ ရှမ်းလူမျိုးတို့သည် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့် ဝေပုလ’သိမ်တော်အနီးရှိ အောင်မြေရင်ပြင်၌ သဲပုံစေတီပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပကြသည်။ နှစ်သစ်ကူး အခါသမယတွင် သဲပုံစေတီတည်ထား ကိုးကွယ်ခြင်းဖြင့် ရန်အပေါင်း ဘေးခပ်သိမ်းတို့မှ ကင်းဝေးစေကြောင်း ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားများက ယုံကြည်ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသ၌ အင်္ကြန်အကြိုနေ့ မတိုင်မီနှစ်ရက်နှင့် အကြိုနေ့ အပါအဝင်သုံးရက်တွင်ပါ ရေပက်ကစားကြသည်။ ထားဝယ်ရိုးရာ သင်္ကြန်ပွဲတော်တွင် သင်္ကြန်အကြိုနေ့ မတိုင်မီ နှစ်ရက်နှင့် အကြိုနေ့အပါအဝင် သုံးရက်၌ ကလေးများသာ ရေပက်ကစားကြသည့် ထားဝယ်ရိုးရာ သင်္ကြန်ပွဲဓလေ့လည်းဖြစ်သည်။
မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်၌ မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးလက်များတွင် အကြိုနေ့မှစ၍ ကျေးလက်ဓလေ့အလိုက် ပျော်ရွှင်စွာ ရေပက်ကစားကြပြီး ရွာလုံးကျွတ်စတုဒိသာ အလှူပွဲကို သင်္ကြန်အတက်နေ့အထိ ကျင်းပကြသည်။ လာသမျှဧည့်သည်တို့သည် မည်သည့်အိမ်တွင်မဆို မွန်ရိုးရာ သင်္ကြန်ထမင်းကို ဝင်ရောက်စားသုံးနိုင်သည်။ ဖယောင်းနံ့သင်းနေသော မွန်ရိုးရာသင်္ကြန်ထမင်းသည် မကျန်းမမာဖြစ်ပြီး ခံတွင်းပျက်နေသူကိုပင် ခံတွင်းမြိန်သွားစေသည်။
ငါးခြောက်ကိုပြုတ်၍ သရက်သီးနှင့် သုပ်ထားသော မွန်ရိုးရာ သင်္ကြန်ဖယောင်းနံ့သင်းနေသည့် သင်္ကြန်ထမင်းနှင့် လွန်စွာလိုက်ဖက်လှသည်။
ကျိုင်းတုံမြို့နယ်တွင် တန်ခူးလအခါသမယ၌ အစည်ကားဆုံး ရိုးရာပွဲတော်မှာ မင်္ဂလာစည်တော်ပွဲပင် ဖြစ်သည်။ ယင်းပွဲတော်၏ သက်တမ်းသည်ပင်လျှင် ယခုနှစ်တွင် (၆၁၁)နှစ်ရှိပြီဖြစ်သည်။ ယင်းမင်္ဂလာ စည်တော်ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ဆန်ရေစပါးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်ဖြစ်သည်။ မင်္ဂလာစည်တော်ကို ကျိုင်းစံဘုန်းတော်ကြီး ကျောင်း၌ထားရှိသည်။
မင်္ဂလာအခါတော်နေ့နှင့် အကျိုးကျေးဇူးများ မြန်မာနိုင်ငံတွင် တောင်ပေါ်မြေပြန့်အနှံ့ ပျော်ရွှင်ဆင်နွှဲကြသော တန်ခူးလရာသီ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကြီး၏ မြန်မာနှစ်ဆန်း တစ်ရက်နေ့ကို မင်္ဂလာအခါတော်နေ့အဖြစ် ကျင်းပကြသည်။ ထိုမြန်မာ
နှစ်ဆန်းတစ်ရက်နေ့ကို မင်္ဂလာအခါတော်နေ့ အဖြစ် ကျင်းပခြင်းဖြင့်
(၁) ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံများ ပပျောက်ပြီး ဣဋ္ဌာရုံ အပေါင်းနှင့်ပြည့်စုံကြစေခြင်း၊
(၂) ဘေးဥပဒ်အန္တရာယ်ကင်းပကြစေခြင်း၊
(၃) မကောင်းသောစိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်များကို မွေးမြူကြစေခြင်း၊
(၄) အရှက်နှင့်အကြောက်တည်းဟူသော လောကပါလတရား နှစ်ပါး ထွန်းကား ကြစေခြင်း၊
(၅) သတ္တဝါများကို ချစ်ခင်၍ ဘေးရန်ဆင်းရဲ ကင်းစေလိုခြင်း ဟူသော မေတ္တာဆင်းရဲသည့် သတ္တဝါများကို သနားကြင်နာ၍ဆင်းရဲမှ ကင်းလွတ်စေလိုခြင်း ဟူသော ကရုဏာ၊ စည်းစိမ်ပြည့်စုံသူများကိုမြင်လျှင် ဝမ်းမြောက်၍ ည်းစိမ်ဆုတ်ယုတ်စေလိုခြင်းဟူသော မုဒိတာ၊ သတ္တဝါတို့သည် ကံ အတိုင်းဖြစ်ကြ၏ဟု ဆင်ခြင်၍ မုန်းချစ် မပြုဘဲ တည့်မတ်စွာရှုမြင်ခြင်း ဟူသော မုဒိတာစသည့်ဗြဟ္မဝိဟာရ တရားလေးပါး (တစ်နည်းဗြဟ္မစိုရ် တရားလေးပါး) ထွန်းကား ပြန့်ပွားစေခြင်း၊
(၆) မင်္ဂလာတရားတော်များ ထွန်းကားပြန့်ပွားစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ရှေးအစဉ်အဆက်ကတည်းက ခိုင်မာစွာ ပေါ်ပေါက်လာသော မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကြီးကို တောင်ပေါ်မြေပြန့်ဒေသ အနှံ့မှ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ယဉ်ကျေးပျော်ရွှင်စွာ ဆင်နွှဲကြပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီးကို စိတ်သစ်လူသစ်၊ အားမာန်သစ်များဖြင့် တည်ဆောက်ကြပါစို့ဟူ၍ ဆန္ဒပြု တိုက်တွန်း လိုက်ရပါသည်။ ။