ရုရှားမှ စွမ်းအင်များ တိုးမြှင့်ဝယ်ယူမှုအတွက် အိန္ဒိယအား သတိပေးလိုက်သည့် ဂျိုးဘိုင်ဒင်
အာရှအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် စွမ်းအင်လောင်စာအတွက် ရုရှားအပေါ် ဆက်လက်အမှီသဟဲ ပြုနေရခြင်းနှင့် စပ်လျဉ်း၍ အိန္ဒိယအစိုးရအား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေး ပြောကြားလိုက်သည်။
ယူကရိန်းအရေး စတင်ပြီးနောက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ထွက်ပေါ်လာသော အကျိုးဆက်များနှင့် အဆိုပါအရေးကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့် ကုန်ပစ္စည်းဈေးကွက်အပေါ် ကျရောက်လာနိုင်သည့် အကျိုးဆက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်ဟု အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားသည်။
အမေရိကန်အစိုးရ အနေဖြင့် ရုရှားနိုင်ငံမှ စွမ်းအင်ဝယ်ယူ တင်သွင်းနေခြင်းအပေါ် ဘောင်သတ်မှတ်ထားခြင်း မရှိသော်လည်း မကြာသေးမီက အိန္ဒိယက လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်မျိုးကို မြင်တွေ့လိုခြင်း မရှိဟု နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အမေရိကန် အမျိုးသား လုံခြုံရေး လက်ထောက်အကြံပေး ဒါလစ်ဆင်းက သတိပေးထားသည်။ ဒါလစ်ဆင်း၏ သတိပေးချက်သည် အိန္ဒိယနိုင်ငံက မကြာမီကာလအတွင်း ရုရှားထံမှစွမ်းအင်လောင်စာများ အဆမတန် တင်သွင်းခဲ့ခြင်းကို ရည်ညွှန်းပြောဆိုထားခြင်းပင်ဖြစ်သည်။
အိန္ဒိယနိုင်ငံအနေဖြင့် ယူကရိန်း အရေး စတင်ဖြစ်ပွားပြီး နောက်ပိုင်းမှ စ၍ ရုရှားထံမှ အနည်းဆုံး ရေနံစိမ်းစည်ပေါင်း ၁၃ သန်းခန့် ဝယ်ယူရရှိခဲ့ပြီး ဖြစ်သည်။ စင်စစ်တွင် အိန္ဒိယသည် အဆိုပါရေနံစိမ်းများကို လျှော့ဈေးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံက ဝယ်ယူတင် သွင်းခဲ့သည့် ရေနံစိမ်းပမာဏသည် ပြီးခဲ့သည့် နှစ်တစ်နှစ်လုံး ဝယ်ယူခဲ့သော ပမာဏထက် များစွာ များပြားလျက်ရှိသည်။ အိန္ဒိယအစိုးရ၏ ပြီးခဲ့သည့်တစ်နှစ်ပတ်လုံး ရုရှားနိုင်ငံမှ တင်သွင်းခဲ့သော ရေနံစိမ်းပမာဏမှာ စည်ပေါင်း ၁၆ သန်းခန့်သာ ရှိသောကြောင့် ယခုနှစ်လပိုင်းအတွင်း ဝယ်ယူသည့် ရေနံစိမ်းပမာဏမှာ ပြီးခဲ့သည့်နှစ်က ပမာဏထက် များစွာ ကျော်လွန်နေသည်ကို အမေရိကန်အစိုးရက သတိထားမိခဲ့ခြင်းဖြစ်သည်။
လက်ရှိ အိန္ဒိယက ကျင့်သုံးနေသည့် မူဝါဒကို လေ့လာမည်ဆိုပါက ယူကရိန်း အရေးတွင် မည်သည့်ဘက်မှ လိုက်ပါခြင်း မရှိဘဲ ရုရှားအစိုးရကိုလည်း ပြစ်တင်ဝေဖန်ရန် ငြင်းဆန်ထားသည်ကို တွေ့ရမည် ဖြစ်သည်။ အိန္ဒိယ၏ အဆိုပါ မူဝါဒသည် အမေရိကန်အား များစွာ စိတ်ပျက်စေခဲ့သည်။ အကြောင်းမှာ ရုရှားနှင့် ဆက်ဆံရေး ကောင်းမွန်နေသည့် အိန္ဒိယအနေဖြင့် ယူကရိန်းအရေးတွင် ရုရှားအား ဖျောင်းဖျပေးရန် အမေရိကန်နှင့် အနောက်နိုင်ငံများက ဆန္ဒရှိနေသောကြောင့်ပင် ဖြစ်သည်။သို့သော် ၎င်းတို့၏ အထင်နှင့်အမြင်မှာ လက်တွေ့တွင် ကွဲပြားလျက်ရှိသည်။
အိန္ဒိယအနေဖြင့် ယခုကဲ့သို့ ကြားနေမူဝါဒကို လိုက်နာခြင်းအပေါ် ရုရှားအစိုးရက ချီးကျူးပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အဆိုပါ ရပ်တည်ချက် သဘောထားသည် အမေရိကန်နှင့် အနောက်နိုင်ငံကြီးများ၏ အရှိုက်ကို ထိုးနှက်သကဲ့သို့ ဖြစ်စေခဲ့သည်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံသည် Quad အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ
အဖြစ် ပါဝင်နေခြင်းကြောင့် ယူကရိန်း အရေးတွင် ရုရှားအား တစ်နည်းနည်းဖြင့် ဖိအားပေးပြောဆိုနိုင်လိမ့်မည်ဟု အမေရိကန်တို့က ယူဆခဲ့ခြင်းကြောင့်ဖြစ်သည်။ Quad အဖွဲ့တွင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံတို့ ပါဝင်ပြီး ယင်းအဖွဲ့ကြီး၏ အဓိကရည်မှန်းချက်မှာ ဒေသတွင်း လွှမ်းမိုးမှု ချဲ့ထွင်လာသည့် နိုင်ငံကြီးများကို တန်ပြန်ရန်နှင့် ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်။
ထို့ပြင် အိန္ဒိယအစိုးရအနေဖြင့် အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ဟန်ချက်ညီမျှသည့် ဆက်ဆံရေးတစ်ရပ် ကိုထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ သို့သော် Quad အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ဂျပန်နှင့်သြစတြေးလျ တို့မှာ တခြားအနောက်နိုင်ငံများနှင့် တူညီခြင်းမရှိဘဲ ရုရှားနိုင်ငံ အပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်းကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် သတိကြီးစွာ ထား၍ ဆက်ဆံနေရသည့် အခြေအနေတွင် ရှိနေသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မတူကွဲပြားမှုများကို တွေ့ဆုံဆွေးနွေးခြင်းနှင့် သံတမန်ရေးအရသာ ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သော်လည်း ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားအား ပြစ်တင်ဝေဖန်ထားခြင်း မရှိပေ။ ထို့ပြင် အိန္ဒိယ-ရုရှား နှစ်နိုင်ငံအနေဖြင့် ယခင်ကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသော်လည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ခြင်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်ထံမှ လက်နက်ပစ္စည်းများ ဝယ်ယူခဲ့သော်လည်း ရုရှားနိုင်ငံထံမှ ကာကွယ်ရေးပစ္စည်းများကို အများဆုံး ဝယ်ယူတင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။ ထိုသို့သော အကြောင်းရင်းများကြောင့် ရုရှားနှင့်နှစ် နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်ခြင်းသည် နိုင်ငံ၏ အကျိုးစီးပွားဖြစ်သည်ကို အိန္ဒိယမူဝါဒ ချမှတ်သူများက ကောင်းစွာသဘောပေါက်ထားသည်။ ထိုအချက်သည်ပင်လျှင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ရုရှားအပေါ်ဖိအားပေးရန် လုပ်ဆောင်ခဲ့သည့် တောင်းဆို တိုက်တွန်းချက်များကို အိန္ဒိယက သတိကြီးစွာ ရှောင်ရှားရန် တွန်းအားပေးခဲ့ခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ပြင် အနာဂတ်ကာလတွင် ရုရှားနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသ၊ ဆေးဝါးထုတ်လုပ်ရေး ကဏ္ဍ စသည့်စီမံကိန်းများကို ဆက်လက်ဖော်ဆောင်မည် ဖြစ်သည်ဟု ရုရှားအစိုးရက အရိပ်အမြွက် ပြောဆိုထားခြင်းကြောင့် အဆိုပါပူးပေါင်း ဆောင်ရွက်ရေး အခွင့်အလမ်းသည် အိန္ဒိယက လက်လွှတ်ဆုံးရှုံး မခံနိုင်သည့် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်သည်။
ထို့ကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများက မည်သို့ပင် ဖိအားပေးနေစေကာမူ အိန္ဒိယ အနေဖြင့် အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးကို ဟန်ချက်ညီစွာ ထိန်းသိမ်း လုပ်ဆောင်ဖွယ်ရှိကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: ABCnews, ST