အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ဖိအားပေးမှုအောက်တွင် ပိုမိုစည်းရုံးလာသည့် ရုရှားပြည်သူများ
ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက အပြင်းထန်ဆုံးသော ပိတ်ဆို့မှုများ ချမှတ်နေစဉ် ရုရှားနိုင်ငံသားများက ၎င်းတို့၏ အနာဂတ်နှင့်စပ်လျဉ်း၍ ထားရှိသည့် အကောင်းမြင်ဝါဒသည် ပိုမိုတိုးတက် ကောင်းမွန်လာသည်ဟု လူထုသဘောထား စစ်တမ်းတစ်ရပ်တွင်ဖော်ပြထားသည်။ထိုသို့သော သဘောထားမျိုးသည် ရုရှားပြည်သူများသည် ၎င်းတို့နိုင်ငံအပေါ် ဖိအားများ ကျရောက်နေသည့် အချိန်မျိုးမှပင်
ပိုမိုစည်းလုံးသည့် သဘောထားနှင့် လက္ခဏာကို ပြသနေခြင်းဖြစ်သည်ဟု ရုရှားကျွမ်းကျင်သူများက ကောက်ချက်ချထားသည်။
နောက်ဆုံး လုပ်ဆောင်ခဲ့သည့် လူထုသဘောထား စစ်တမ်းအရ စစ်တမ်းတွင် ပါဝင်ခဲ့သည့် ရုရှားပြည်သူ ၅၀ ရာခိုင်နှုန်းခန့်က ၎င်းတို့၏ အနာဂတ်နှင့် စပ်လျဉ်း၍ ယုံကြည်နေခဲ့ကြပြီး ရုရှားက လက်ရှိဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးအပေါ် ထောက်ခံလာကြသည့် ရုရှားပြည်သူ အချိုးအစားမှာ သိသိသာသာ မြင့်တက်လာသည်ဟု Sputnik သတင်းဌာနက ဖော်ပြသည်။ ရုရှားပြည်သူများနှင့် နေ့စဉ်လုပ်ဆောင်ခဲ့သော တွေ့ဆုံမေးမြန်းခန်းများအရ ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ ရှုမြင်ပုံအမျိုးမျိုးကိုင်စွဲထားနေကြသည်ကို Global Times သတင်းဌာနက တွေ့ရှိခဲ့သည်။သို့သော် တွေ့ဆုံမေးမြန်း၍ သဘောထား စစ်တမ်းကောက်ယူခံရသူ ရုရှားပြည်သူ အများစုမှာ အနောက်နိုင်ငံများ၏ ဖိအားပေးမှု၊ ပိတ်ဆို့မှုများ ရှိနေလင့်ကစား နိုင်ငံအတွင်း၌ စည်းလုံးမှုရှိနေသည်ဟု အပြည့်အဝ ယုံကြည်လျက်ရှိနေသည်။
အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုမှ ပိုမိုကင်းလွတ်စေရန်တွန်းအားပေးနေပြီး စီးပွားရေးနှင့် နိုင်ငံရေး စသည့်နယ်ပယ်များတွင် ရုရှားနိုင်ငံအား ပိုမိုဒူပေနာပေခံနိုင်စေရန် အထောက်အကူပြုနေသည်ဟု မော်စကိုမြို့ရှိ သံတမန်ရေးရာ သိပ္ပံ၊ နိုင်ငံတကာနှင့် အမျိုးသား လုံခြုံရေးဌာနမှ ဒုတိယအကြီးအကဲ အိုလက်အိုင်ဗန်နော့က Global Times သတင်းဌာနသို့ ပြောသည်။ တစ်နည်းအားဖြင့်ဆိုရပါမူ ယခုအခါ ရုရှားနိုင်ငံသည် နိုင်ငံ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ပြီး ရုရှားပြည်သူများ၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့် ကိုယ်ပိုင်အဆင့်မြင့် နည်းပညာများကို ပိုမိုထုတ်လုပ်ပေးနိုင်မည်ဟု အိုင်ဗန်နော့က ဆိုလိုခြင်းဖြစ်သည်။
လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ရုရှားပြည်သူများ အနေဖြင့် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းမှုကို ပိုင်ဆိုင်နိုင်မည်ဟု တွေ့ဆုံမေးမြန်းခန်းတွင် ပါဝင်ဖြေဆိုကြသည့်ရုရှားနိုင်ငံသား ထက်ဝက်ခန့်က ယုံကြည်လျက်ရှိသည်ဟု မတ် ၃၀ ရက်တွင်ထုတ်ပြန်သည့် Sputnik ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ စင်စစ်တွင် ရုရှားပြည်သူများသည် လာမည့်အနာဂတ် ကာလတွင် ယခုလက်ရှိဘဝထက် ပိုမိုကောင်းမွန်သည့် အသက်ရှင်နေထိုင်မှု ဘဝကို ပိုင်ဆိုင်ရနိုင်သည်ဟု လူထုသဘောထား စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေဆိုခဲ့သည့် ရုရှားနိုင်ငံသား စုစုပေါင်း ၄၉ ရာခိုင်နှုန်းက ယုံကြည်နေသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားပြည်သူ ၂၅ ရာခိုင်နှုန်းကျော်ကသာ ထိုသို့ယုံကြည်ခဲ့ကြသောကြောင့် ပိုမိုကောင်းမွန်သည့် အသက်ရှင်မှုဘဝကို ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်သည့် ရုရှားပြည်သူ ပမာဏမှာ ယခင်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။
ယူကရိန်းအရေး ဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် အပေါင်းအပါတို့သည် ရုရှားနိုင်ငံအပေါ် ကဏ္ဍစုံနီးပါးတွင် ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ရုရှားနိုင်ငံသားများကြား ၎င်းတို့၏ အနာဂတ်နှင့် စပ်လျဉ်း၍ ယုံကြည်မှုအားကြီးလာခြင်းက ပြင်ပကမ္ဘာ သို့မဟုတ် အခြားနိုင်ငံများအား ခေါင်းခြောက်စေလျက် ရှိသည်ဟုလည်း ဆိုနိုင်သည်။ နိုင်ငံအပေါ် ချမှတ်လိုက်သည့်ပိတ်ဆို့မှုများသည် လူနေထိုင်မှု ဘဝအပေါ်ထိခိုက်မှု မရှိသေးဘဲ ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာသည့်အခက်အခဲများကို နိုင်ငံအတွင်းရှိ အခြားနည်းလမ်းကို အသုံးပြု၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသက် ၂၇ နှစ်အရွယ် စတတ်အမည်ရှိ ရုရှားနိုင်ငံသား တစ်ဦးက Global Times သတင်းဌာနသို့ ပြောသည်။
ထို့ပြင် အနောက်နိုင်ငံများက ချမှတ်သည့် ပိတ်ဆို့မှုများကို ရုရှားပြည်သူအများစုက ကြောက်ရွံ့မှုမရှိကြောင်း၊ ပြည်သူများ၏ ဘဝနှင့်အနာဂတ်သည် ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။
အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် ပေးအပ်နေသည့် ဖိအားများသည် ရုရှားနိုင်ငံအား ဖျက်ဆီးရန် ရည်ရွယ်ထားခြင်းဖြစ်ပြီးအဆိုပါအခက်အခဲများနှင့် ဖိအားပေးမှုများကို သမ္မတဗလာဒီမာပူတင်၏ ဦးဆောင်မှုဖြင့်ရုရှားနိုင်ငံက ကျော်ဖြတ်သွားနိုင်သည်ဟု ရုရှားပြည်သူများက ယုံကြည်လျက်ရှိနေသည်။
ထို့ပြင်ရုရှားနိုင်ငံသည် အင်အားကြီးမားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြင်ပမှပေးအပ်သည့်ဖိအားများကို အလျှော့ပေးမည် မဟုတ်ဟု ရုရှားနိုင်ငံသားများက ပြောကြားသည်။
ရုရှားနိုင်ငံက ယူကရိန်းတွင် အထူးစစ်ဆင်ရေး တစ်ရပ်ကိုဆင်နွှဲပြီးနောက်ပိုင်း တွင်နိုင်ငံ၏ အမျိုးသားလုံခြုံရေးမှာ တစ်နည်းမဟုတ် တစ်နည်းဖြင့် လုံခြုံမှုရှိစေရန် အာမခံချက်ပေးလိုက်ခြင်း ဖြစ်သည်ဟု ရုရှားပြည်သူ အများစုက ယုံကြည်နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယခုနှစ် မတ် ၇ ရက်တွင် ပြုလုပ်သည့် လူထုသဘောထား စစ်တမ်းကောက်ယူမှုအရ ရုရှားနိုင်ငံက ဆင်နွှဲနေသည့် အထူးစစ်ဆင်ရေးအပေါ် ရုရှားပြည်သူ၇၁ ရာခိုင်နှုန်းအထိ ထောက်ခံလာပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ရုရှားပြည်သူများသည် သမ္မတပူတင်၏ ဦးဆောင်မှုအပေါ် ပိုမိုယုံကြည်လာခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သမ္မတပူတင်၏ လုပ်ဆောင်ချက်များအပေါ် ရုရှားပြည်သူ ၇၉ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် ရုရှား နိုင်ငံသားအများစုက ထောက်ခံနေသည်။
ရုရှားနိုင်ငံသည် အရွယ်အစားအားဖြင့် အလွန်ကြီးမားသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားနိုင်ငံသားများ၏ အသက်ရှင်နေထိုင်မှု ပုံစံအပေါ် အနည်းငယ် ထိခိုက်ရဖွယ်ရှိသော်လည်း နိုင်ငံအတွင်းရှိ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် ပြဿနာကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ အကြောင်းမှာ ရုရှားပြည်သူများသည် ဖိအားပေးသည့် ဒဏ်ကိုခံနိုင်ရည် ရှိသူများဖြစ်ပြီး အနောက်နိုင်ငံများက ပေးအပ်သည့် ဖိအားက ကြီးမားလေလေ ရုရှားပြည်သူများ၏ ဒူပေနာပေခံနိုင်မှုမှာ ပိုမိုကြီးမား လေလေဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသောကြောင့် ရုရှားပြည်သူများသည် အနောက်နိုင်ငံများ၏ ဖိအားပေးမှုအောက်တွင် ပိုမိုစည်းရုံးလာသည့် အပြင် သမ္မတ ပူတင်အပေါ် ပို၍ ယုံကြည်လာလျက်ရှိသည်။
Ref: GT
မောင်ယုယ