လီဗာပူးအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု တစ်စုံတစ်ရာရရှိခြင်း မရှိသေးကြောင်း တိုက်စစ်မှူး ဆာလက်ချ်ပြော
လီဗာပူးအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေသည့် တိုက်စစ်မှူး ဆာလက်ချ် က အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း သဘော တူညီမှု တစ်စုံတစ်ရာရရှိခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဆာလက်ချ်သည် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး လီဗာပူးအသင်းက အစောပိုင်းကတည်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်နေသောကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။
ဆာလက်ချ်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လီဗာပူးအသင်းတွင် ဆက်လက်ကစားလိုသောကြောင့် သင့်လျော်သည့် လုပ်ခလစာတစ်ရပ်ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သကဲ့သို့ နည်းပြ ကလော့ ကိုယ်တိုင်ကလည်း သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် နီးစပ်နေပြီဟု ပြောကြားခဲ့သည်။
သို့သော် ဆာလက်ချ်က “ ကျွန်တော်နဲ့အသင်းကြားမှာ သက်တမ်းတိုး စာချုပ်ကြေးနဲ့ ပတ်သက်ပြီး ဘယ်လို သဘောတူညီချက်မှ မရရှိသေးပါဘူး။ စာချုပ် သစ်ချုပ်ဆိုမယ့် ကိစ္စက လီဗာပူးအသင်းပေါ်မှာပဲ မူတည်နေလို့ စောင့်ကြည့်ရမှာပါ ” ဟုပြောသည်။
ဆာလက်ချ်သည် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပြီး လက်ရှိအချိန်ထိ အသင်း အောင်မြင်မှုများတွင် အဓိကကျသည့် ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၂၅၀၀၀၀ သာ ရရှိသောကြောင့် သက်တမ်းတိုးစာချုပ်အတွက် စတာလင်ပေါင် ၄၀၀၀၀၀ ခန့် အလိုရှိနေကြောင်း သိရသည်။