ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁    
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် အထူးဂရုပြုဆောင်ရွက် ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်းညွှန် မှာကြားခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းမှစတင်၍ တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မြို့နယ်စုစုပေါင်း ၁၇ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်း ၂၀ ကျောင်းကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။    
ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ ဖယ်ခုံမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ မိုးနဲမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ ကယားပြည်နယ်၊  လွိုင်ကော်မြို့၊ ဒီမောဆိုးမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်နှင့် ရေဖြူမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကျောက်တန်း မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ရွှေကျင်မြို့နယ်၊ ဘုရားကြီးမြို့၊ ပြည်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။