ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ်မြောက်ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲပြုလုပ်

ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ်မြောက်ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ် မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်တင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ စပ်လုံကတ်အောင်မြေနတ်နန်း၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ ရှမ်းတိုင်းရင်းသားများတက်ရောက်ကြသည်။

ဦးစွာ ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့က မင်္ဂလာ တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုံရှမ်း တိုင်းရင်းသားတို့၏ (၆၁၁)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည် တော်တင်ပွဲအတွက် အလှူငွေများပေးအပ်ရာ  ဂုံရှမ်းတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဟောင်ခမ်းနွမ်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက နန္ဒဘေရီ မင်္ဂလာစည်တော်ကို စင်ပေါ်သို့တင်ဆောင်ကာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ နန္ဒဘေရီမင်္ဂလာစည်ကို ၇ ချက်တီး၍ ဆုမွန်ကောင်းတောင်းကြသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက မင်္ဂလာစည်တော်အား အမွှေးနံ့သာရည်များပတ်ဖြန်းပြီး လွယ်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်က ရိုးရာဓလေ့အတိုင်းမင်္ဂလာစည်တော်ကို အဆက်မပြတ်တီးခတ် ၍ တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂ လာစည်တော်တင်ခြင်းကို ရိုးရာမပျက်ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၁)ကြိမ် မြောက်ရှိပြီဖြစ်ပြီး နန္ဒဘေရီစည်တော်အား ရိုးရာထုံးတမ်းအစဉ်အလာအရ ယနေ့ မှစ၍ ၂၄ နာရီ အဆက်မပျက်တီးခတ်ပူဇော်ကာ ဧပြီ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မင်္ဂလာစည်တော်အား လောင့်ကုပ် နမ့်ခင်ချောင်းသို့ ပို့ဆောင်ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် နန္ဒဘေရီစည်တော်အား တီးခတ်ပူဇော်ခြင်းဖြင့် ရှမ်းတိုင်း ရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအဆိုအရ နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နေလပမာ ထွန်းကားခြင်း၊ ရာသီဉတု ကောင်းမွန်ပြီး ဆန်၊ ရေ၊ စပါးပေါများကာ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူ အပေါင်း စိတ်နှလုံးချမ်းမြေ့စွာနေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။