တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်
နေပြည်တော်၊ ဧပြီ - ၁၃
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
ထိုသို့ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ စစ်တွေမြို့ရှိ ဦးဉတ္တမပန်းခြံရှေ့ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ခေမာရဋ္ဌ မဟာ သင်္ကြန် မဏ္ဍပ်တို့၌လည်းကောင်း၊ မြစ်ကြီးနားမြို့ရှိ ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရွှေနေကြာရေကစား မဏ္ဍပ်၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာရေကစားမဏ္ဍပ်၌လည်းကောင်း၊ ပုသိမ်မြို့၊ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် အတာသင်္ကြန်မဏ္ဍပ်၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍပ်၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ် မဟာ သင်္ကြန်မဏ္ဍပ်၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၌လည်းကောင်း အသီးသီး ပြုလုပ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်း တို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။