၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်သည့်ပစ္စည်းများကို တပ်မတော်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၁    
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို နိုင်ငံအဝှမ်းဆောင်ရွက်လျက်ရှိသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင် ရန် လိုအပ်သည့်ရွေးကောက်ပွဲနှင့်သက်ဆိုင်သောပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ကူညီပို့ဆောင်ပေးသည်။    
ထိုသို့ ပို့ဆောင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများဖြစ်သည့် မဲပုံး ၁၁၅၀၆ ပုံး၊ မဲပုံးအဖုံး ၁၀၃၀၆ ဖုံး၊ ရွေးကောက်ပွဲတွင်အသုံးပြုနိုင်ရန်အတွက် Mask  ၃၈၅ ဖာနှင့် Hand Sanitizer  ၁၆၄၃ ဖာ (စုစုပေါင်းတန်ချိန် ၇၅ တန်ခန့်)တို့ကို နယ်မြေခံတပ်မတော် သားများက တပ်မတော်ရေယာဉ် ပေါ်သို့ တင်ဆောင်ပေးပြီး စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
    
အလားတူ စက်တင်ဘာ ၂၅ ရက်တွင်လည်း ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို တပ်မတော်လေယာဉ် ၂ စီးဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ရာ တပ်မတော် သားများက ကူညီသယ်ဆောင်ပြီး တပ်မတော် မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာနေရာများသို့ လိုက်လံ သယ်ယူပို့ဆောင်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။