ြမန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ဦး တန်ခူးလပြည့်ကျော် ၂ ရက် (ခရစ်နှစ် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်) သည် မြန်မာ့နှစ်ကူးနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့သည် နှစ်သစ်သို့ကူးပြောင်းရောက်ရှိသော အဦးဆုံးရက်ဖြစ်သည်နှင့်အညီ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ ကောင်းမှုကုသိုလ်များဖြင့် ထုံမွမ်းကြပြီး မင်္ဂလာရှိအောင်ကျင့်ကြံ အားထုတ်မြဲဖြစ်သည်။ မြတ်စွာဘုရားဟောကြားတော်မူသော ဒေသနာတော်တွင် မင်္ဂံပါပံ လုနာတိ ဆန္ဒတီတိ မင်္ဂလံ မကောင်းမှုဟူသမျှကို ပယ်ဖျက်တတ်သောကြောင့် မင်္ဂလာမည်၏ဟု ပါရှိရာ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်တွင် မင်္ဂလာအပေါင်းခညောင်းကျရောက်စေရေး အဦးဆုံးရက်ဖြစ်သည့် နှစ်ဆန်းတစ်ရက်မှစ၍ ကောင်းမှုကုသိုလ်များဖြင့် တန်ဆာဆင်ခြင်းသည် ထူးမြတ်သော ကျင့်ကြံအားထုတ်မှုပင်ဖြစ်သည်။
မြန်မာတို့သည်တစ်ဦးနှင့်တစ်ဦးတွေ့ဆုံကြသည့်အခါ ဦးစွာ မင်္ဂလာပါ ဟု နှုတ်ခွန်းဆက်သကြသည်။
မင်္ဂလာဟုနှုတ်ထွက်စကားဆိုလိုက်တိုင်း မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဟူသည့် ဘဝ၏အနှစ်သာရကို ဖော်ကျူးရာရောက်သည်။ ဘုရားရှင်ဟောကြားသည့် (၃၈) ဖြာမင်္ဂလာတရားတော်တို့သည် လူတစ်ဦးချင်း၊ အဖွဲ့အစည်းအလိုက်နှင့် မြန်မာ့လူ့ဘောင်တစ်ရပ်လုံး၏ တိုးတက်ရာတိုးတက်ကြောင်းကို လမ်းညွှန်ပေးသည်။ နှစ်သစ်တွင် မကောင်းမှုမှန်သမျှပယ်သတ်လျက် မင်္ဂလာတရားတော်များနှင့်အညီ ကျင့်ကြံအားထုတ်နိုင်သည်နှင့်အမျှ တိုးတက်ထွန်းကားရေးကို အကောင်အထည်ဖော်နိုင်ကြမည်ဖြစ်သည်။
နှစ်ဟောင်းကုန်ဆုံးပြီး ရှေ့ဆက်ရမည့်နှစ်သစ်တစ်နှစ်တာအတွက် စတင်ကူးပြောင်းချိန်မှစ၍ လူသစ်၊စိတ်သစ်၊ အားမာန်သစ်များ မွေးမြူထားရှိကာ ကောင်းကျိုးချမ်းသာပြည့်ဝအောင် ကြိုးပမ်းကြရေးများစွာ လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်ဟောင်း၌ ဖြတ်သန်းကြုံတွေ့ခဲ့ရသော အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များစသည်တို့ကို သင်ခန်းစာဖော်ထုတ်လျက် နှစ်သစ်တွင် ပိုကောင်းအောင်၊ အားသာအောင်လုံ့လပြုသင့်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ အရေးအရာများတွင် လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝအရပ်ရပ်အတွက်လည်းကောင်း ပါဝင်သက်ဆိုင်လျက်ရှိရာ ကဏ္ဍအလိုက် မိမိတို့တတ်စွမ်းသမျှ ကောင်းကျိုးချမ်းသာပြည့်ဝအောင် ကျင့်ကြံအားထုတ်ကြမည်ဆိုလျှင် ကိုယ်တိုင်အတွက်သာမက အများကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
လူတိုင်းမင်္ဂလာရှိရေး၊ ကောင်းကျိုးချမ်းသာပြည့်ဝရေးကို အလိုရှိကြသည်။ သို့ရာတွင် အခြေခံအကျဆုံး ဖြစ်သော အတ္တနှင့်ပရမျှတရေး လိုအပ်သည်။ အတ္တနှင့်ပရမမျှဘဲ ကိုယ်ကျိုးအတွက်သာ ရှေးရှုပါက တစ်ချိန်တွင် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးကိုပင် ထိခိုက်နစ်နာစေလျက်မင်္ဂလာမမည်ဖြစ်တတ်သည်။ မည်သည့် ကိစ္စတွင်မဆို အကောင်းအဆိုး၊ အမှားအမှန်၊ အကျိုးအပြစ်ခွဲခြားသိမြင်လုပ်ကိုင်တတ်မှ ကောင်းကျိုးချမ်းသာ ပြည့်ဝပေမည်။ ထိုသို့မဟုတ်ဘဲ ကိုယ်ထင်ရာအမှန်ယူပြီး မျက်ကန်းတစ္ဆေမကြောက်လုပ်နေလျှင် အပြုသဘောထက် အပျက်ဘက်သို့ ရောက်တတ်သည်။ ထိုသဘောကို မောဟဖုံးခြင်း (အမှားကိုအမှန်ထင်၊ အမှန်ကို အမှားထင်) ဟု သတ်မှတ်နိုင်သည်။ မောဟသည် အလိုကြီးခြင်း လောဘနှင့် ခက်ထန်ခြင်းဒေါသကို အခြေခံသည်။ လောဘ၊ ဒေါသ၊ မောဟနည်းလေကောင်းကျိုး ချမ်းသာပြည့်ဝလေ မင်္ဂလာရှိလေပင်ဖြစ်သည်။
မြန်မာတို့သည် မေတ္တာကိုအခြေခံသည့် လူမှုဆက်ဆံရေးကိုအလေးထားလျက် မေတ္တာဘာဝနာ ပွားများလေ့ရှိသည်။ မေတ္တာတရားသည် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးနှင့် မင်္ဂလာတရား ထွန်းကားရေးအတွက် အခြေခံပင်ဖြစ်သည်။ မေတ္တာသည် ဗြဟ္မဝိဟာရတရား လေးပါးတွင် အထွတ်အခေါင်ဖြစ်သည်။ ကောင်းကျိုးချမ်းသာပြည့်ဝအောင်ဗြဟ္မဝိဟာရ တရားလေးပါးနှင့်အညီ ပြုကျင့်အပ်သည်။ လူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ရိုသေလေးစားမှု၊ သနားညှာတာမှု၊ ကိုယ်ချင်းစာနာမှု၊ ကူညီရိုင်းပင်းမှုစသည့် လူ့ဘောင်လောကဖွံ့ဖြိုးအောင်မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားက အထူးပင်ပံ့ပိုးပေးသလိုမင်္ဂလာနှင့်အညီဖြစ်၍ ကောင်းကျိုးချမ်းသာပြည့်ဝစေသည်။
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းပြည်အေးချမ်း သာယာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးမှာ အဓိက လိုအပ်ချက်ဖြစ်သည်။ တိုင်းပြည်အေးချမ်းသာယာရေးနှင့် စားနပ်ရိက္ခာမဖူလုံလျှင် မည်သည့်ဖွံ့ဖြိုးတိုးတက်မှုကိုမဆို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်က နိုင်ငံတော်၏စီးပွားရေးကို အဓိကထိုးနှက်ခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ယခုအခါ အင်အားလျော့နည်းလာပြီ ဖြစ်သဖြင့် လာမည့်နှစ်သစ်တွင် စီးပွားရေး ကုစားမှုဖြစ်သည့် အဓိက လိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အပါအဝင် ကျန်စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးတို့ အောင်မြင်အောင်ဝါယမစိုက်ထုတ်နိုင်ရေး လိုအပ်သည်။ အထူးသတိထားရမည်မှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာမြေမှအလျှင်း ပျောက်ကွယ်သွားသည် မဟုတ်ဘဲ ရာသီပေါ်ရောဂါအဖြစ် ကျန်ရှိနေမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းများ ထူထောင်ရာ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင့်ကြံအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ရောဂါဘယကင်းဝေးပြီး ကောင်းကျိုးချမ်းသာ ပြည့်ဝလျက် မင်္ဂလာတရားပြည့်ဝကြမည် ဖြစ်သည်။
တိုင်းပြည်အေးချမ်း သာယာရေးတွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအလိုက် တည်ငြိမ်ရေးတို့ မရှိမဖြစ် လိုအပ်သည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့သည်။ အမျိုးသားနိုင်ငံရေးကို ဦးစားပေးရမည့်အစား ပါတီနိုင်ငံရေးကို အစွန်းရောက်ဦးစားပေးသူများကြောင့် CRPH၊ NUG နှင့် ယင်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာသည်။ ထိုအဖွဲ့များက လူမဆန်သည့် အကြမ်းဖက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်ခြင်းတို့အပြင် ဒုစရိုက်မှု အမျိုးမျိုးကို ကျူးလွန်ခဲ့ကြသည်။ မသိနားမလည်သော လူငယ်များကို မြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်ခြင်းနည်းမျိုးစုံဖြင့် သိမ်းသွင်းကာ အကြမ်းဖက်လုပ်ရပ် အမျိုးမျိုး ကျူးလွန်စေခြင်းသည် မကောင်းမှုများထွန်းကားရာ အမင်္ဂလာပင်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေသော ပြည်သူများအား ပြန်လည်ဖိတ်ခေါ် ပေးလျက်ရှိသည်။ ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူတို့သည် မိမိတို့၏ကိုယ်ပိုင်ဆန္ဒအရ နိုင်ငံအတွင်းရှိ မိမိတို့နေရပ်များသို့ ပြန်လည်ဝင်ရောက်ကြပါက ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ ရောက်ရှိရာနေရာများ၌ ဆင်းရဲဒုက္ခမျိုးစုံခံစားနေရသည်မှာ ကိုယ်တိုင်တွေ့ကြုံထားရပြီး ဖြစ်ရာအမှားမြင်အမှန်ပြင်လျက် မူရင်းဒေသများသို့ ပြန်လည်ဝင်ရောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
အလားတူစွာလူငယ်ဟူသော ငယ်ဂုဏ်ကို အရင်းတည်လျက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်အဖြစ် သိမ်းသွင်းခံရသော လူငယ်များစွာတို့သည်လည်း အမှားတစ်ခုကျူးလွန်မိထားသည့်တိုင် အမှားပေါ်အမှား ထပ်မဆင့်ဘဲ အမှန်မြင်လျက် တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်သင့်လှသည်။ လူငယ်ဟူသည် အညွန့်တလူလူဖြစ်၍ နားယောင်ကာအညွန့်ချိုး ခံရသော်လည်း ကိုယ်ပိုင်အသိစိတ်ဖြင့် အချိန်မီပြုပြင်ကြမှသာ ရှေ့ရေးအတွက် စိတ်ချရပေမည်။ သက်ဆိုင်ရာ မိဘပြည်သူများ အနေဖြင့်လည်း မိမိတို့နှင့် သက်ဆိုင်သည့် လူငယ်များလမ်းကြောင်းမှန်မှ လျှောက်လှမ်းစေရေးအတွက် လိုအပ်သလိုထိန်းကျောင်း ပေးနိုင်သည်နှင့်အမျှ မင်္ဂလာအပေါင်း ခညောင်းကျရောက်မည်ဖြစ်သည်။
အကြမ်းဖက်လုပ်ရပ်များအား တားဆီးထိန်းချုပ်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နေရာဒေသအသီးသီးတွင် လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာအောင် ဆောင်ရွက်လျက်ရှိရာ ရပ်ရွာအလိုက် ပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ကြရမည် ဖြစ်သည်။
အထူးသဖြင့် အကြမ်းဖက်အဖွဲ့များ၏ သတင်းကို အချိန်မီသိရှိအောင်ပေးပို့ကူညီကြရေးလိုအပ်သည်။
မှန်ကန်စွာ သတင်းပေးမှုအတွက် ထိုက်တန်သောဆုကြေးငွေများကို လျှို့ဝှက်စွာပေးအပ်နေသည်ဖြစ်ရာ ရရှိသည့် သတင်းမှန်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ မပျက်မကွက် သတင်းပေးပို့ကြမှသာ ရပ်ရွာအေးချမ်း သာယာရေးအတွက် အထောက်အကူပြုမည် ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီထွန်းကားရှင်သန်ရေးအတွက် ပညာသည်သာ အခြေခံဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များထွန်းကားရေးအတွက်ဆိုလျှင် ကျောင်းနေအရွယ်လူငယ်တိုင်း စာသင်ခန်းသို့ ရောက်ရှိရေး လိုအပ်သည်။ ပြီးခဲ့သည့် နှစ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အကြောင်းအမျိုးမျိုးဖြင့် စာသင်ခန်းနှင့်ကင်းကွာသွားသော လူငယ်များစွာရှိကြောင်း တွေ့ရသည်။ လာမည့်နှစ်သစ်စာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး စာသင်ခန်းများသို့ မပျက်မကွက်ပြန်လည် ရောက်ရှိရေးမှာ မိဘပြည်သူတစ်ရပ်လုံး၏တာဝန်ပင်ဖြစ်သည်။ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်ပညာရေး ရင်းနှီးမြှုပ်နှံမှုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံတော်၏ အနာဂတ်မှာလည်း ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။
ယနေ့လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေးတို့ မရှိမဖြစ်လိုအပ်သည်။ ထိုအရည်အချင်းများ ပြည့်ဝမှသာ နိုင်ငံတော်အဓွန့်ရှည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စိတ်ချရမည်ဖြစ်ရာ နှစ်သစ်မှစ၍ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ပေးရင်း ကောင်းကျိုးချမ်းသာ ပြည့်ဝအောင် အားစိုက် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါသည်။ ။
လင်းအရုဏ်ဉီး(ပဲခူး)