လူတိုင်းအတွက် ကော်ဖီ

ကော်ဖီဟာ ကမ္ဘာပေါ်မှာ ရေနဲ့လက်ဖက်ရည်ပြီးရင် လူသောက်အများဆုံးသော ဖျော်ရည်ပဲဖြစ်ပါတယ်။ ကော်ဖီကို အပူပိုင်းအမြဲစိမ်းဒေသတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ ကော်ဖီပင်ရဲ့အစေ့မှတစ်ဆင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ကော်ဖီဟာဆိုရင် နိုင်ငံတကာကုန်သွယ်မှုမှာလည်း အကျိုးအမြတ်များတဲ့ ကုန်စည်အမျိုးအစားလည်း ဖြစ်ပါတယ်။ ကော်ဖီပင်ဟာ အမြင့်ပေ ၂၀၀၀ နဲ့ ၆၅၀၀ ကြား အပူချိန်သမမျှတပြီး အရိပ်ရစွတ်စိုတဲ့ ဒေသမျိုးတွေမှာ ပေါက်ရောက်လေ့ရှိပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ရဲ့ လန်းဆန်းတက်ကြွစေတဲ့ အာနိသင်ကြောင့် ကော်ဖီဟာ နာမည်ကျော် အဖျော်ယမကာ အမျိုးအစားဖြစ်နေရခြင်း ဖြစ်ပါတယ်။ ကော်ဖီအမျိုးအစား အဓိကအားဖြင့်နှစ်မျိုးရှိပြီး Robusta နဲ့ Arabica လို့ ခေါ်ဝေါ်ကြပါတယ်။ ၎င်းကော်ဖီနှစ်မျိုးကိုသာ ကမ္ဘာပေါ်မှာ အဓိကသောက်သုံးကြပါတယ်။  Arabica မျိုးကတော့  Robusta ထက်  ပိုမိုပျော့ပြီး အနံ့အရသာ ပိုမိုကောင်းမွန်ပါတယ်။

ကော်ဖီဟာ စိတ်အာရုံစူးစိုက်မှု ကောင်းစေခြင်းနဲ့ စွမ်းအင်တိုးစေခြင်းတို့ကြောင့် သောက်သုံးသူတွေကို နှစ်ခြိုက်စွဲမက်စေပါတယ်။ ထိုသို့သောအစွမ်းအာနိသင်များအပြင် ကျန်းမာရေးအတွက် ရေရှည်မှာ ကောင်းမွန်တဲ့  အာနိသင်တွေကိုလည်း  ကော်ဖီသောက်ခြင်းအားဖြင့် ရနိုင်ပါတယ်။

စွမ်းအင်တိုးစေခြင်း

ကော်ဖီမှာ  အဓိကပါဝင်တဲ့  ကဖိန်းဓာတ်ဟာ ဦးနှောက်အတွင်းမှာရှိတဲ့ ပင်ပန်းနွမ်းနယ်မှုကို ထိန်းညှိပေးတဲ့ ဓာတုပစ္စည်းများ ထုတ်လွှတ်မှုကို ပိတ်ပင်ခြင်းအားဖြင့် စွမ်းအင်တိုးအောင် လှုံ့ဆော်ပေးကာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။  လေ့လာမှုများအရ ကဖိန်းဓာတ်သည် ပင်ပန်းသည့်လေ့ကျင့်ခန်းများပြုလုပ်ရာတွင် မောပန်းမှုကို ၁၂ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်ပွားမှုကို လျော့ကျစေနိုင်ခြင်း

နေ့စဉ်ပုံမှန်ကာလရှည်ကြာ ကော်ဖီသောက်သုံးခြင်းဖြင့်  ဆီးချိုရောဂါအမျိုးအစား  ၂ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ သုတေသနပြုလေ့လာချက်များအရ နေ့စဉ်ကော်ဖီ တစ်ခွက်သောက်သုံးခြင်းသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၆ ရာခိုင်နှုန်းခန့်လျော့ကျစေကြောင်း သိရပါတယ်။ ကော်ဖီဟာ ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်ဓာတ်ထုတ်သော မုန့်ချိုအိတ်က ဆဲလ်များရဲ့လုပ်ငန်းတွေကို   ထိန်းသိမ်းပေးနိုင်တဲ့အာနိသင်ရှိလို့ပဲဖြစ်ပါတယ်။ ထို့ပြင် ကော်ဖီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများကြောင့် ရောင်ရမ်းမှုနည်းစေခြင်း၊ ဇီဝဖြစ်စဉ်ထိန်းသိမ်းနိုင်ခြင်းနဲ့ အင်ဆူလင်၏ အာနိသင်ကို တုံ့ပြန်နိုင်မှုများစေခြင်း စတဲ့ အာနိသင်များလည်း ရှိပါတယ်။

ဦးနှောက်ကျန်းမာရေးကို အားပေးခြင်း

ကော်ဖီဟာ  ဦးနှောက်ယိုယွင်းပျက်စီးခြင်းကို လျော့ပါးစေတဲ့ အာနိသင်ရှိကြောင်းလည်း သိရပါတယ်။

အယ်ဇိုင်းမားရောဂါ၊ ပါကင်စန်ရောဂါ စသည်တို့ ဖြစ်ပွားမှုကို လျော့ကျစေရုံသာမက မှတ်ဉာဏ်တိုးခြင်းနဲ့ ဦးနှောက်လုပ်ဆောင်ချက်များကို တိုးတက်စေနိုင်ကြောင်း သိရပါတယ်။

ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ခြင်း

ကော်ဖီသောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာအဆီဓာတ်ကို လျော့နည်းစေပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးကို  အထောက်အကူပြုပါတယ်။  ထို့ပြင် ကော်ဖီသောက်သုံးခြင်းဖြင့် လူကိုတက်ကြွလှုပ်ရှားစေတာကြောင့်   ကိုယ်အလေးချိန်   လျော့ကျစေရာမှာ အထောက်အကူပြုပါတယ်။

စိတ်ကျရောဂါဖြစ်ပွားစေနိုင်မှုအန္တရာယ်ကို လျော့ကျစေခြင်း

တစ်ရက်လျှင် ကော်ဖီတစ်ခွက်သောက်သုံးခြင်းဖြင့် စိတ်ကျရောဂါ  ဖြစ်ပွားနိုင်ခြေကို  ၈  ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ တချို့သော သုတေသနရလဒ်များအရ တစ်ရက်လျှင် ကော်ဖီလေးခွက်သောက်ခြင်းဖြင့် စိတ်ကျခြင်း ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချ ပေးနိုင်ကြောင်း သိရပါတယ်။  လူနှစ်သိန်းခန့်ပါဝင်တဲ့  သုတေသန ဆန်းစစ်ချက်တစ်ခုမှာ ကော်ဖီသောက်သုံးခြင်းဖြင့် စိတ်ကျရောဂါ ခံစားရပြီးနောက် သတ်သေမှုများကို ထင်ရှားစွာ လျော့ကျစေကြောင်း သိရှိရပါတယ်။

အသည်းဆိုင်ရာလုပ်ငန်းများကို အကာအကွယ်ပေးနိုင်ခြင်း

တစ်ရက်လျှင် ကော်ဖီနှစ်ခွက်သောက်သုံးခြင်းဖြင့် အသည်းတွင် အနာဖြစ်ခြင်းနဲ့ အသည်းကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေကြောင်းလည်း သိရပါတယ်။ တစ်ရက်လျှင်  ကော်ဖီတစ်ခွက်သောက်ခြင်းသည် နာတာရှည်အသည်းဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်းခန့်လျော့စေပြီး တစ်ရက်လေးခွက်သောက်ပါက ၇၁ ရာခိုင်နှုန်းခန့်အထိ လျော့ကျစေကြောင်းသိရပါတယ်။ လတ်တလောလေ့လာတွေ့ရှိချက်အရ ကော်ဖီဟာ အသည်းကြွပ်ဆတ်ခြင်းဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင် ကြောင်း သိရပါတယ်။

နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း

တစ်ရက်လျှင် ကော်ဖီသုံးခွက်မှငါးခွက်သောက်သုံးသူများဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်းလည်း   သိရပါတယ်။ သုတေသနစာတမ်း ၂၁ ခုခန့်ကို သုံးသပ်မှုများအရ တစ်ရက်လျှင် ကော်ဖီသုံးခွက်မှလေးခွက် သောက်သူများဟာ လေဖြတ်ရောဂါရနိုင်ခြေကို ၂၁ ရာခိုင်နှုန်းလျော့ကျစေနိုင်ကြောင်း သိရပါတယ်။

အသက်ရှည်စေခြင်း

ဓာတ်ခွဲခန်းတွင်းလေ့လာမှုတစ်ခုမှာ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ မှိုတွေရဲ့ သက်တမ်းကို ပိုမိုရှည်စေနိုင်ကြောင်း သိရပါတယ်။ ကဖိန်းဓာတ်ဟာ မျိုးဗီဇပျက်စီးမှုနဲ့ ဓာတ်တိုးပစ္စည်းများကို အကာအကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ ကော်ဖီနဲ့သက်ဆိုင်တဲ့ သုတေသနစာတမ်း ၄၀ ကိုဆန်းစစ်မှုများအရ ကော်ဖီသောက်သုံးခြင်းဟာ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အရက်သောက်သုံးမှု စသည်တို့နှင့် သက်ဆိုင်ခြင်းမရှိတဲ့ သေဆုံးခြင်းကို လျော့ကျစေနိုင်ကြောင်း တွေ့ရပါတယ်။ ဆက်လက် သုတေသနပြုချက်များ လုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။

အားကစားစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း

အားကစားမပြုလုပ်ခင် ကော်ဖီသောက်သုံးခြင်းဟာ ခံနိုင်ရည်ကို တိုးတက်စေပြီးတော့ ပင်ပန်းမှုကို လျော့ကျစေနိုင်ပါတယ်။ သို့ရာတွင် ပြတ်သားတဲ့ သုတေသနရလဒ်များ    ထွက်ပေါ်လာဖို့တော့ စောင့်ကြည့်လေ့လာရဦးမှာဖြစ်ပါတယ်။

ကော်ဖီဟုဆိုရာမှာလည်း ကော်ဖီစစ်စစ်ဖြစ်ဖို့တော့ လိုပါတယ်။ အချို့သော အသင့်သုံးကော်ဖီမစ်ထုပ်များမှာ ကော်ဖီထက်အခြားသော ဓာတုပစ္စည်းများ ပါဝင်နိုင်ပါတယ်။ အများပြည်သူ ကျန်းမာရေးအတွက် အဆိုပါ ကော်ဖီမစ်များတွင် ပါဝင်တဲ့ ပစ္စည်းများကိုတော့ ဆန်းစစ်ပြီးမှသာ ခွင့်ပြုပေးဖို့တော့ လိုပါတယ်။ ကော်ဖီဟာ ကျန်းမာရေးအတွက် သိသာတဲ့အကျိုးများရှိသကဲ့သို့ လူကြိုက်များတဲ့ အစားအသောက်လည်း ဖြစ်ပါတယ်။ အချို့သောသူများ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးများနဲ့ ဆယ်ကျော်သက်များ၊ ရောဂါအခံရှိသူများ အနေဖြင့်တော့ ထိန်းထိန်းသိမ်းသိမ်းသောက်သုံးဖို့တော့လိုပါတယ်။ ယေဘုယျအားဖြင့်တော့ တစ်ရက်လျှင် ကော်ဖီသုံးခွက်၊ လေးခွက်ခန့်သောက်သုံးခြင်းဖြင့် အရွယ်ရောက်ပြီး သူများမှာ ထင်ရှားတဲ့ ကျန်းမာရေးအကျိုးများ ရရှိနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။   ။

ကိုဇေ