နေပြည်တော်၊ အောက်တိုဘာ - ၁
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ လူပုဂ္ဂိုလ်များနှင့် သီးသန့်စောင့်ကြည့်ထားသူများ အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူ ပြုပစ္စည်းများကို ယနေနံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ကုန်းမြင့်သာခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းကြသည်။
ဦးစွာ အလှူရှင်များက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ထို့နောက် အလှူရှင်များဖြစ်ကြသည့် စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင် နှင့်ညီအစ်ကိုမောင်နှစ်မ မိသားစုများက အလှူငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)ကျောင်းဆင်းအရာရှိများက အလှူငွေကျပ်သိန်း ၃၀ ကို လည်းကောင်း၊ Myicon Trading Co.,Ltd မိသားစုနှင့် Power 95 Trading Co.,Ltd မိသားစုများက အလှူငွေကျပ်သိန်း ၁၁၀ ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် (အငြိမ်းစား)က အလှူငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။