နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားလမ်းပိုင်းအား စီးနင်းလိုက်ပါကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြင်ဦးလွင်-ဇီးပင်ကြီး မီးရထားလမ်းပိုင်းအား စီးနင်းလိုက်ပါကြည့်ရှု

နေပြည်တော် ဧပြီ-၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြင်ဦးလွင်ဘူတာရုံအဆောက်အဦသည် ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် ရှေးမူမပြတ်ထိန်းသိမ်း၍ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန်လိုအပ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ရောက်ရှိကြရာ ကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဘူတာအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့် နှင့် တာဝန်ရှိသူများ လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ဘူတာအတွင်းအပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ထိန်းသိမ်းဆောင်ရွက် ရန်လိုသည့် အခြေအနေများ၊ ပြင်ဦးလွင်ဘူတာရုံအဆောက်အဦသည် ရှေးဟောင်း အဆောက်အဦဖြစ်သဖြင့် ရှေးမူမပြတ်ထိန်းသိမ်း၍ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း ရန်လိုအပ်သည့် အခြေအနေများ၊ ရထားတွဲများနှင့် ရထားသံလမ်းများကို အဆင့်မြှင့် တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍  ဆွေးနွေးမှာကြားသည်။

ပြင်ဦးလွင်-အနီးစခန်း-သုံးတောင်-ဇီးပင်ကြီး မီးရထားလမ်းပိုင်းအား ရထားစီးနင်းလိုက်ပါကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာကြီးမှ ပြင်ဦးလွင်-အနီးစခန်း-သုံးတောင်-ဇီးပင်ကြီး မီးရထားခရီးစဉ်အဖြစ် ဇီးပင်ကြီးဘူတာသို့ လိုက်ပါစီးနင်းခဲ့ပြီး မီးရထားလမ်းကြောင်း တစ်လျှောက် တောင်ပေါ်အပန်းဖြေမြို့၊ ပြင်ဦးလွင်ဒေသ၏ အေးမြပြီး သာယာလှပ သည့် ရေမြေတောတောင်သဘာဝရှုခင်းများ၊ စိမ်းလန်းစိုပြေသည့် ရာသီသီးနှံစိုက်ခင်း များ၊ ဒေသခံပြည်သူလူထုတို့၏ လှုပ်ရှားသွားလာ နေမှုများကိုကြည့်ရှုသည်။ ထို့နောက် မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် မီးရထားအပန်းဖြေခရီးစဉ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရထားလမ်းများနှင့် ရထားတွဲများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ မီးရထား လမ်းကြောင်းတစ်လျှောက် သန့်ရှင်း သာယာလှပ၍ မျက်စိပသာဒဖြစ်အောင် ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေ များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အဆိုပါ ပြင်ဦးလွင်ဘူတာကြီးသည် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)၊ အောင်ဇေယျလမ်းတွင် တည်ရှိပြီး ၁၈၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀၆ ပေတွင်ရှိကြောင်း၊ မန္တလေး-ပြင်ဦးလွင်-နောင်ချို-သီပေါ-လားရှိုး မီးရထားလမ်းပိုင်းပေါ်တွင်တည်ရှိပြီး ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့် နှစ်ပေါင်း ၁၂၃ နှစ်ရှိပြီဖြစ်သည့် မီးရထားဘူတာကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ဘူတာရုံ အဆောက်အဦနှင့် အပြင်အဆင်ပိုင်းအားလုံးကို ရှေးမူလက်ရာမပြတ်သာ ထိန်းသိမ်း ထားရှိကြောင်းနှင့် ဘူတာရုံ ဧည့်ခန်းအတွင်း မီးရထားနှင့် ပတ်သက်သည့် ဓာတ်ပုံ သမိုင်းမှတ်တမ်းများကိုလည်း ချိတ်ဆွဲပြသထားရှိသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇီးပင်ကြီးဘူတာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။