ကော့ကရိတ်-မြဝတီလမ်းဟောင်းရှိ ဆက်သွယ်ရေးစတေရှင်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ - ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ်-မြဝတီလမ်းဟောင်း အလယ်ဘိုတဲ ဆက်သွယ်ရေးစတေရှင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားနှစ်ဦးအား ဩဂုတ်လ ၃၀ ရက်တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ တပ်မတော်သားနှစ်ဦး ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများအားယူဆောင်သွားသည့် ဖြစ်စဉ်တွင်ပါဝင်သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့နယ်အတွင်း တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များမှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၂၈ ရက် နံနက် ၃ နာရီခန့်တွင် နောင်ကိုင်းကျေးရွာမှ ထီးဂလဲကျေးရွာဘက်သို့ ဦးတည်လာသည့် မသင်္ကာဖွယ် စောကျော်ဝါးဖော(၂၂)နှစ်၊(ဘ) ဦးနုတေး၊ နောင်ကိုင်း ကျေးရွာအုပ်စု၊ အရူးကျေးရွာနေသူနှင့် တစ်ရွာတည်းနေ ဝိဖလောထော(၁၆)နှစ်၊ (ဘ)ဦးမြင့်အောင်တို့နှစ်ဦးအား တွေ့ရှိသဖြင့်ရပ်တန့်ခိုင်းရာ ရပ်တန့်မှုမရှိဘဲ ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှ လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ စောကျော်ဝါးဖော၏ ညာတင်ပါးနှင့် ညာခြေဖနှောင့်တို့တွင် လက်နက်ငယ်ဒဏ်ရာရှိပြီး ၎င်းတို့နှင့်အတူ ဆက်သွယ်ရေးစခန်းမှယူဆောင်သွားသည့် ပုဆိုးဖြင့်ပတ်ထားသော လက်နက်ငယ် ၁ လက်၊ ဘေးလွယ်အိတ်အတွင်းမှ ကျည် ၉၅ တောင့်နှင့် ကျည်အိမ် ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ပဏာမထွက်ဆိုချက်များအရ စောကျော်ဝါးဖောသည် KKO (ခွဲထွက်)အဖွဲ့တွင် တပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်တွင် KNLA တပ်ရင်းတစ်ရင်း၌နေထိုင်ဖူးကာ ၂၀၁၈ ခုနှစ်တွင် ထီးဝါပလောစခန်းတွင် စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ဩဂုတ်လတွင် တပ်ရင်းတစ်ရင်းမှတပ်စုမှူးအဆင့်ရှိသူတစ်ဦးက ယခုကဲ့သို့ တပ်မတော်သားများအား ချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ရန် စေခိုင်းခဲ့သဖြင့် တစ်ရွာတည်းနေသူငယ်ချင်း ဝိဖလောထောအား ခေါ်ဆောင်ကာ KNLA မှ အဖွဲ့ဝင်တစ်ဦးနှင့်အတူ တပ်မတော်သားနှစ်ဦးအား ပစ်ခတ်သတ်ဖြတ်ပြီး ဆက်သွယ်ရေးစက်ခန်းအား မီးရှိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

 ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ဆက်စပ်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူနှစ်ဦးအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။