ဖွံ့ဖြိုးတိုးတက်လာသောမြန်မာ့ကော်ဖီ

ဖွံ့ဖြိုးတိုးတက်လာသောမြန်မာ့ကော်ဖီ

ကော်ဖီပင်ကို ၁၃ ရာစုနှစ်လောက်မှ စတင်၍ ရာစုနှစ်တွင် ဆိတ်ကျောင်းသား Kaldi  ဆိုသူမှ စတင်တွေ့ရှိခဲ့ကြပြီး ကော်ဖီပင်၏ အရည်အသွေးများကို   နားလည် သဘောပေါက်လာခဲ့ကြပါသည်။ ကော်ဖီပင်၏ မူရင်းဒေသမှာ အီသီယိုးပီးယားနိုင်ငံ Kaffa  နယ် Bunna ဒေသဖြစ်ပါသည်။ ၁၅၅၄ ခုနှစ်တွင် Istanbul  ၌ ပထမဆုံးသော Coffee House ကို ဖွင့်လှစ်ခဲ့ပြီး ၎င်းဆိုင်များတွင် အသိပညာ ဆွေးနွေးဖလှယ်ခြင်း များ ပြုလုပ်လာကြ၍ School of  the Wise ဟု တင်စားခေါ်ဝေါ်လာခဲ့ကြသည်။ ၁၅၉၈   ခုနှစ်တွင်   Coffee ဟူသောစကားလုံးကို   Dutch  လူမျိုးတို့က စတင်ခေါ်ဝေါ်ခဲ့ကြပါသည်။

၁၅ ရာစုနောက်ပိုင်းတွင်  Mocha  ဆိပ်ကမ်းမှတစ်ဆင့် အီဂျစ်နှင့် မြောက်အာဖရိကသို့ ပျံ့နှံ့ခဲ့ပြီး ၁၆ ရာစုနှစ်တွင် အရှေ့အလယ်ပိုင်းဒေသ ပါရှားနှင့်တူရကီသို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် အီတလီ၊ ဥရောပ၊ အင်ဒိုနီးရှားနှင့် အမေရိကသို့ ပျံ့နှံ့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ဥရောပသို့ ပျံ့နှံ့ခဲ့ပြီး ဒတ်ချ်တို့က ကော်ဖီပင်များကို အိန္ဒိယနှင့် အမေရိကသို့ တင်ပို့ဖြန့်ဖြူးခဲ့ကြသည်။  ၁၇ ရာစုနှစ် ဥရောပတွင် ကော်ဖီ၏ အောင်မြင်မှုသည်   ဆေးလိပ်သောက်ခြင်းနှင့် အပြိုင် ဖြစ်လာခဲ့သည်။ ၁၇၂၇ ခုနှစ်တွင် ဘရာဇီးနိုင်ငံသို့ ပျံ့နှံ့ဝင်ရောက်လာခဲ့ပြီး ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်လာကြသည်။

၁၉ ရာစုနှစ်လယ်၏ နောက်ပိုင်းတွင် တိုင်းပြည်များစွာက ကော်ဖီစိုက်ပျိုးလာကြသည်။ ၁၉ ရာစုနှစ်နှင့် ၂၀ ရာစု အစောပိုင်းတွင်   ဘရာဇီးနိုင်ငံသည် ပမာဏအများဆုံး ကော်ဖီထုတ်လုပ်နိုင်ပြီး ကော်ဖီဈေးကွက်ကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ရောင်းဝယ်ဖောက်ကားသူ ဖြစ်လာခဲ့သည်။ သို့သော်လည်း ဈေးနှုန်းကို ထိန်းသိမ်း ထားသော မူဝါဒလမ်းစဉ်တစ်ခုမှ အခြားနိုင်ငံများ (ကိုလံဘီယာ၊  ဂွာတီမာလာ၊ နီကရာဂွာ၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ်) သို့ အခွင့်အလမ်းများ ဖွင့်ပေးခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ပမာဏမြောက်မြားစွာ ထုတ်လုပ်နိုင်ခဲ့ပြီး အမေရိကန်နှင့် ကုန်သွယ်မှုများ စတင်ပြုလုပ်ခဲ့သည်။ ၎င်းနိုင်ငံတွင် အဓိကစိုက်ပျိုးသော ကော်ဖီမျိုးမှာ မြေနိမ့်ကော်ဖီမျိုး (Robusta) ဖြစ်သည်။

ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းသည် မြန်မာနိုင်ငံသို့ ၁၈၈၅ ခုနှစ်တွင် စတင်ရောက်ရှိလာကြောင်းကို Director of Agriculture Office Research တွင် ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် မြန်မာ့ကော်ဖီသမိုင်းသည် ၁၈၈၅ ခုနှစ်တွင် စတင်ခဲ့သည်ဟု ဆိုရပေမည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ထားဝယ်ခရိုင်တို့တွင် သစ်တောဌာနမှ ဦးစီး၍ စမ်းသပ်ကော်ဖီခြံနှစ်ခြံ တည်ထောင်ခဲ့ဖူးကြောင်း၊ တစ်ချိန်တည်းမှာပင် ကရင်ပြည်နယ် နန်ချိုတွင်လည်း ကော်ဖီခြံတစ်ခြံ တည်ထောင်ခဲ့ဖူးကြောင်း၊ သို့ရာတွင် ကျွမ်းကျင်အလုပ်သမား ရှားပါးမှု၊ ကော်ဖီရောဂါများ ကျရောက်မှုတို့ကြောင့် ယင်းကော်ဖီခြံများကို ပိတ်လိုက်ရသည်ဟု ဆိုပါသည်။ ထို့နောက် ကရင်ပြည်နယ် သံတောင်ဒေသနှင့် တောင်ငူဒေသတို့မှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း (ကလော၊ အောင်ပန်း၊ ရွာငံ)၊ ကချင်ပြည်နယ် မြစ်ကြီးနားနှင့်   မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်ဒေသ)သို့  ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းများ ပျံ့နှံ့လာခဲ့ပါသည်။ ၁၈၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ  ကချင်ပြည်နယ် ဗန်းမော်ဒေသမှ ကော်ဖီမျိုးများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကျေးရွာတစ်ရွာသို့ ရောက်ရှိသွားခဲ့ပြီး  ယူနန်ပြည်နယ် တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ကာ တရုတ်နိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှု ထွန်းကားခဲ့သည်ဟု သိရှိရပါသည်။

၁၉၈၇ ခုနှစ်တွင် the United Nations Drug Abuse Programme  အကူအညီဖြင့် ဘိန်းအစားထိုး  ကော်ဖီစိုက်ပျိုးရေးကို ဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် ဆောင်ရွက်ခဲ့ပါသည်။  ၁၉၉၆ ခုနှစ်တွင် ကော်ဖီတိုးချဲ့ စီမံကိန်းကို  စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဧကတစ်သိန်း စီမံကိန်းကို    နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စတင်အကောင်အထည် ဖော်ခဲ့ပါသည်။

ကော်ဖီစိုက်ပျိုးရန် သင့်လျော်မည့် မန္တလေးတိုင်း ဒေသကြီး   ပြင်ဦးလွင်မြို့နယ်တွင် ဧက ၅၀၀၀၀ ခန့်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်  ဧက၅၀၀၀၀ ခန့် စုစုပေါင်းဧက ၁၀၀၀၀၀ ကို စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ 

မြန်မာနိုင်ငံတွင် အောင်မြင်နေသော ကော်ဖီစိုက်ဧက စုစုပေါင်း ၅၀၁၃၀ ခန့်ရှိပြီး ကော်ဖီအထွက်တန်မှာ ၉၁၅၉ တန်ခန့် ထွက်ရှိနေပြီဖြစ်ပါသည်။

ကော်ဖီသည်   နိုင်ငံတကာ ကုန်စည်ဈေးကွက်၌ ရေနံပြီးလျှင် ဒုတိယရောင်းဝယ် ဖောက်ကားမှု အများဆုံး ကုန်စည်အဖြစ် ရပ်တည်လျက်ရှိပြီး   ကော်ဖီဟူသော ဝေါဟာရ   စတင်ပေါ်ပေါက်လာသည်မှ ယနေ့ခေတ် အချိန်ထိ လူအများနှစ်သက်စွာ သုံးစွဲသည့် ဈေးကွက်ဝင်သီးနှံလည်း ဖြစ်ပါသည်။  မြန်မာ့ကော်ဖီကို  ဆွစ်ဇာလန်နိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ ဂျပန်နိုင်ငံနှင့်  ဂျာမနီနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ မြန်မာ့အထူးတန်းဝင် ကော်ဖီကိုလည်း မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ဌာနတို့ပူးပေါင်းဆောင်ရွက်၍  နည်းပညာပေး လုပ်ငန်းများ ပို့ချပြီးထုတ်လုပ်နိုင်ခဲ့ကာ အမေရိကန်နှင့်ဥရောပနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသ အသီးသီးမှ ထွက်ရှိလာသော ကော်ဖီမျိုးစုံကိုလည်း   ဈေးကွက်ကို ရောက်ရှိအောင်  ဖော်ဆောင်ပေးလျက်ရှိပါသည်။

ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းကြောင့် ပြည်တွင်းကော်ဖီသောက်သုံးမှုကို ဖြည့်တင်း ပေးနိုင်ပြီး   သွင်းကုန်အစားထိုး သီးနှံဖြစ်သည့်အတွက် နိုင်ငံခြားဝင်ငွေ သုံးစွဲရမှုကို လျော့နည်း သက်သာစေပါသည်။ ကော်ဖီစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လာသည်နှင့်အမျှ ယှဉ်တွဲစိုက်ပျိုးရသည့် အရိပ်ရပင်များ ဖြစ်ထွန်းလာသည့်အတွက် သစ်တောများပြန်လည် ဖုံးလွှမ်းလာကာ  သဘာ၀ ပတ်ဝန်းကျင်ကို ညီညွတ်မျှတစေပါသည်။

Coffee Value Chain ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တွင် ဆက်စပ်နေသူများ အားလုံးအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ သာယာလှပစေမည်ဖြစ်ပါသည်။

ယခုနှစ်တွင်မြန်မာ့ကော်ဖီဈေးကွက်မှာ ပြည်တွင်းပြည်ပဝယ်လိုအား ကောင်းလာပြီး ကော်ဖီစေ့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၀၀ ခန့်ရှိသဖြင့် မြန်မာ့ကော်ဖီ ကဏ္ဍမှာတစ်ဖန် ဦးမော့လာပြီဖြစ်ပါသည်။

ယခုအခါ   နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် ကော်ဖီစီမံကိန်းကို တဖန် ပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ကော်ဖီစိုက်ဧကများမှာ ပြန်လည်တိုးတက်ရန်မှာသေချာနေပြီဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံခြားငွေလျှော့ချနိုင်သော သွင်းကုန်အစားထိုး သီးနှံ၊အထွက်မြင့်မားသော မျိုးဖြစ်သည့်  ရိုဘတ်စတာကော်ဖီ   စိုက်ပျိုးထုတ်လုပ်ရန် ရေ၊ မြေ၊ ရာသီဥတု၊ ပင်လယ်ရေမျက်နှာပြင် အမြင့်နှင့်ကိုက်ညီပြီး တိုးချဲ့စိုက်ပျိုးရန် မြေနေရာများရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊   ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများ၏ နေရာအချို့တို့တွင် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ပါသည်။ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင်    လိုအပ်သော ရိုဘတ်စတာ ကော်ဖီမျိုးစေ့အား ဧရာဝတီတိုင်းဒေသကြီး၊ မော်တင်၊ Yoma Agri ကုမ္ပဏီမှ ရိုဘတ်စတာကော်ဖီမျိုးကောင်း မျိုးသန့် မျိုးစေ့များကို ရယူပြီး   ဇုန်လေးဇုန်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်ရှိပြီးဖြစ်သော အာရေးဗီးကား ကော်ဖီနှင့် ဈေးကွက်ကောင်းလာပြီဖြစ်သော ရိုဘတ်စတာ ကော်ဖီစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်လာမည်ဖြစ်သောကြောင့်    နိုင်ငံတော် အကြီးအကဲ၏ အားပေးကူညီမှုဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်မည့် ကော်ဖီသီးနှံအား တိုးချဲ့စိုက်ပျိုးကြပါစို့။  .

မြင့်ဆွေ (ကော်ဖီ/ရာသီ)