မြန်မာ့ကော်ဖီ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၁၈ ရက်က မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားစဉ် “ ကော်ဖီလုပ်ငန်းရှင်များ အနေဖြင့် ကော်ဖီစိုက်ပျိုးနိုင်ရေး ၎င်းတို့ကိုယ်တိုင် နိုင်ငံပိုင်မြေဧရိယာများ လျှောက်ထားခြင်းဖြစ်ပြီး နိုင်ငံတော်က ခွင့်ပြုပေးခြင်းဖြစ်သည့်အတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်း အတိုင်းသာ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းအတိုင်းသာ အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဆိုပါက ပြင်ဦးလွင်ဒေသသည် ကော်ဖီအထွက်နှုန်း မြင့်မားမည်ဖြစ်ကာ သစ်ပင် သစ်တောလည်း ဖုံးလွှမ်းမည်ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း ” ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့သည် ကော်ဖီအများဆုံး စိုက်ပျိုးရာ ဒေသလည်းဖြစ်သည်။ ပြင်ဦးလွင်မြို့ကို တောင်ပေါ် အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်အောင် ရှေးယခင်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း၌ လူကြိုက်များသလို ပြည်ပ၌လည်း နာမည်ကောင်းရပြီးသားဖြစ်သည်။ ကော်ဖီထုတ်ကုန်ကို အခြေခံသည့် အဆင့်မြင့်ပို့ကုန် လုပ်ငန်းကို တွင်ကျယ်စွာ လုပ်ဆောင်နိုင်ကြမည် ဆိုပါက ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သည်။ ထို့အတူ ပြည်ပသို့ အဆင့်မြင့်မြင့် တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေကောင်းလာပေလိမ့်မည်။
ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ပြင်ဦးလွင်ကော်ဖီ လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းနေခြင်းဖြစ်သည်။
ကော်ဖီတွင် လူကြိုက်အများဆုံးဖြစ်နေ သည်မှာ နန်းမြိုင်ကော်ဖီဖြစ်သည်။ ထုပ်ပိုးမှုသေသပ် လှပသလို ကော်ဖီ၏ အရသာမှာလည်း အထူးပင် ကောင်းမွန်လှသည်။ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် သင့်တော်လှပေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း ပြင်ဦးလွင် ကော်ဖီဥယျာဉ်ကို သဘာဝအတိုင်း အမြင်ဆန်းသစ်သည့် ဝန်းကျင်တစ်ခုဖြစ်ရေးနှင့် ကော်ဖီနှင့် ပတ်သက်၍ တစ်နေရာတည်းတွင် စုံလင်စွာလေ့လာနိုင်ရေးတို့အတွက် စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိပေသည်။ မြန်မာ့ကော်ဖီ အရည်အသွေးနှင့် ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီ ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေးနှင့် ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ်ပိုမို ထင်ရှားစေရေးအတွက် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(ပွေးတောင်ကော်ဖီခြံ)၏ရေမြေနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် ပြင်ဦးလွင်ကော်ဖီဥယျာဉ်အဖြစ် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီ association ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တစ်နိုင်ငံလုံးရှိ ကော်ဖီစိုက်ပျိုးသည့် ဒေသအလိုက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ပူးပေါင်း၍ အဖွဲ့အစည်းတစ်ခု ဖွဲ့နိုင်ရေးနှင့် ကော်ဖီစိုက်ဒေသများ အလိုက် အဆောက်အဦ ဆောက်လုပ်ခွင့် သတ်မှတ်ချက်များကို ခေတ်ကာလနှင့် လျော်ညီပြီး လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်သတ်မှတ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။ လုပ်ငန်းရှင်များ အနေဖြင့် မိမိအကျိုးစီးပွား၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးကို အောင်အောင်မြင်မြင် ဖြစ်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ရေနှင့်လက်ဖက်ရည်ပြီးလျှင် သောက်သုံးမှု အများဆုံးဖျော်ရည်မှာ ကော်ဖီဖြစ်သည်။ ကော်ဖီအကြောင်း လေ့လာကြည့်မည်ဆိုလျှင် ကော်ဖီသည် စတင်စိုက်ပျိုးချိန်မှ အသီးစတင် သီးနိုင်သည့် အရွယ်အထိ ရောက်ရှိဖို့ အနည်းဆုံး လေးနှစ်ခန့်ကြာမြင့်သည်။ များသောအားဖြင့် ငါးနှစ်ခန့်ရှိမှ အသီးစတင်သီးသည်။ နှစ်ရှည်စိုက်ပျိုးရသည့်အတွက် ကော်ဖီစိုက်တောင်သူများအား အရင်းအနှီး ထုတ်ပေးခြင်း၊ စိုက်ပျိုးနည်းပညာများ စနစ်တကျ သင်ပေးခြင်းတို့အပြင် တောင်သူတွေနေထိုင်ဖို့အိမ်ရာစီမံပေးခြင်းများအထိ တချို့သော နိုင်ငံများတွင် လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်အပိုင်းက ထောက်ပံ့ကူညီမှုများ အစွမ်းကုန် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ကော်ဖီစိုက်ပျိုးရန် မြေလျှောက်ထားသူများ အနေဖြင့်လည်း အဆိုပါမြေတွင် ကော်ဖီကို အောင်အောင်မြင်မြင်ဖြစ်အောင် စိုက်ပျိုးရန် အသိပေးထားပြီးဖြစ်သည်။ ကော်ဖီမှာ စတင်အပွင့်ပွင့်သည်မှ အသီးမှည့်ခူးဆွတ်ချိန်အထိ ကိုးလကြာမြင့်ကြောင်း သိရှိရသည်။ လူသားတစ်ဦး လူ့လောက ရောက်ရန် ကိုးလလွယ် ဆယ်လဖွားရသည့် အချိန်ပမာဏနှင့် တူလှပေသည်။ ထိုအချိန်ကာလ ကိုးလအတွင်း လုပ်ဆောင်ရန်ကာလ လေးခုသတ်မှတ်ထားသည်။ ကိုင်းဖြတ်ကာလ၊ ဖူးပွင့်ကာလ၊ အသီးမှည့်ကာလ၊ ခူးဆွတ်ကာလဟူ၍ တစ်နှစ်ရာသီကို ကာလလေးခု သတ်မှတ်ကာ လုပ်ဆောင်ရခြင်းဖြစ်သည်။
ကော်ဖီအပင်မှာ မခုတ်မဖြတ်ဘဲထား မည်ဆိုပါက ၁၀ မီတာ ပေ ၃၀ အမြင့် အထိရောက်ရှိနိုင်သည်။ ထိုအမြင့်မှာ ကော်ဖီအသီးကို ခူးဆွတ်ရန် ခက်ခဲလှသလို အပင်အကိုင်းများ ရှည်လျားလွန်းသောကြောင့် အသီးသီးနှုန်းကို လျော့ကျစေနိုင်ကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံကဲ့သို့ မြေဧကကျယ်ဝန်းပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးထားသော ကော်ဖီများအား စက်များဖြင့် လှုပ်ခါပြီး ခူးဆွတ်နိုင်သည်။ တောင်ပေါ်ဒေသတွင် စိုက်ပျိုးသောကော်ဖီများမှာ အများအားဖြင့် လက်ဖြင့်သာ ခူးဆွတ်ကြရသည်။ ကော်ဖီပင်ကိုင်းများ ရှည်လျားလျှင် ခူးဆွတ်မှု ခက်ခဲလှသည့်အတွက် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် မလိုအပ်သော ကော်ဖီအကိုင်းအခက်များကို ဖြတ်တောက်ကြရသည်။
ကော်ဖီပင်များ အဖူးအပွင့်စတင်သောလ များမှာ ဧပြီ၊ မေ၊ ဇွန်လတို့ဖြစ်သည်။ အသီးတွေ စတင်မှည့်ချိန်မှ ခူးဆွတ်ရသည့် အဆင့်ထိကာလများမှာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတို့ဖြစ် သည်။ ကော်ဖီစတင် ခူးဆွတ်သည့်လများမှာ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့်ဇန်နဝါရီလတို့ဖြစ်သည်။ ကော်ဖီအသီးကိုသာ ခူးရမည်။
အစေ့များကို ခူးဆွတ်ကြသည့်အခါ လုံးဝအနီရောင်သန်းပြီး မမှည့်သေးသည့် အသီးများကို တတ်နိုင်သမျှ ခူးဆွတ်ခြင်း မပြုသင့်ပေ။ မမှည့်သေးသော အစေ့များမှာ အရသာ အမှန်မပေးနိုင်သည့်အတွက် ကော်ဖီ၏ အရည်အသွေးကို များစွာထိခိုက်စေသည်။
ဈေးကောင်းမရနိုင်သည့်အတွက် ကော်ဖီလုပ်ငန်းရှင်များ လုပ်သားများအနေဖြင့် အထူးသတိပြုကြရန်ဖြစ်သည်။
ကော်ဖီအသီးခူးဆွတ်ခြင်း အဆင့်ပြီးနောက် အသီးများကို ဆေးကြောသန့်စင်ရသည်။ ထိုအဆင့်ကို processing ဟုခေါ်သည်။ ကော်ဖီတစ်ခွက်ဖြစ်ဖို့ ကျော်ဖြတ်လာရတဲ့ အဆင့်မှာ များလှသည်။ စိုက်ပျိုးသောအဆင့်၊ ရိတ်သိမ်းသော အဆင့်၊ သန့်စင်သောအဆင့်၊ အစေ့လှော်သော အဆင့်နှင့် ဖျော်စပ်သော အဆင့်တို့ကို ကျော်ဖြတ်ပြီးမှသာ ကော်ဖီတစ်ခွက် အဖြစ်သို့ ရောက်လာခြင်းဖြစ်သည်။ အရည်အသွေးကောင်းသော ကော်ဖီမျိုးစိတ်အတွက် လိုအပ်ချက်မှာ ပင်လယ်ရေအမြင့်ပေနှင့် ရာသီဥတုဖြစ်သည်။ ကော်ဖီမျိုးကောင်းများ စိုက်ပျိုးနိုင်ရန် ပင်လယ်အမြင့်မှာ မီတာ ၉၀၀ မှ ၁၈၀၀ အထိ မြင့်ရန်လိုသည်။ ထိုအမြင့်ပေရှိနေမှ အရည်အသွေးကောင်းသော ကော်ဖီမျိုးစိတ်များကို စိုက်ပျိုး၍ရသည်။ သို့သော် အရည်အသွေးနိမ့်သော ကော်ဖီမျိုးစိတ်များကို အဆိုပါမီတာအမြင့်မှာ စိုက်ပျိုးမည်ဆိုပါက အရည်အသွေး ကောင်းသော ကော်ဖီရနိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ မျိုးစိတ်ကလည်း ကောင်းမွန်၍ အမြင့်ပေကလည်းမြင့်မှသာ ကော်ဖီအရည်အသွေး ကောင်းမည်ဖြစ်သည်။ ရာသီဥတုအနေဖြင့် ကော်ဖီသည် မပူလွန်း မအေးလွန်းသော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ အလွန်အေးသောနိုင်ငံများတွင် အရည်အသွေးကောင်း ကော်ဖီများ စိုက်ပျိုးမရနိုင်သည့် အတွက် ကော်ဖီသည် နိုင်ငံတိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ပြင်ဦးလွင်ဒေသသည် အပူအအေး မျှတသောဒေသဖြစ်သည့် အတွက် ကော်ဖီစိုက်ပျိုးမှု ဖြစ်ထွန်းနေခြင်းဖြစ် သည်။ လုံလောက်သော ပင်လယ်ပေအမြင့်ရှိခြင်း၊ ရာသီဥတုကောင်းခြင်းကြောင့် ကော်ဖီကောင်းများကို စိုက်ပျိုးဖြစ်ထွန်းသည်။ ခေတ်မီစိုက်ပျိုး နည်းစနစ်နှင့် စိုက်ပျိုးစရိတ်၊ ဈေးကွက် စသည်များပြည့်စုံမည်ဆိုပါက မြန်မာနိုင်ငံ၏ ပြည်ပကော်ဖီ ဈေးကွက်မှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာမည်ဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးဖြစ်ထွန်းခြင်းနှင့် ပတ်သက်၍ တပ်မတော်သားတို့၏ စေတနာ လုပ်အားများ များစွာပါဝင်သည်။ ကော်ဖီစိုက်ပျိုးခြင်းကို လွန်ခဲ့သော နှစ်များကတည်း ကစတင်ခဲ့ခြင်းဖြစ်ပေရာ တပ်မတော်သည် ပြည်သူ့အတွက်ဆိုသည့်အတိုင်း နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြင်ဦးလွင်ဒေသရှိ သန္ဓေစစ်သည်များ၊ သင်တန်းသားများသည် ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။
ကော်ဖီ၏သမိုင်းကြောင်းကို လေ့လာမိသည်မှာ အေဒီ ၈၀၀-၉၀၀ ခန့်က အာဖရိကတိုက် အီသီယိုးပီးယားနိုင်ငံမှာ ဆိတ်ကျောင်းသား တစ်ယောက်က ကော်ဖီကို စတင်တွေ့ရှိခြင်းဖြစ်သည်။ ဆိတ်များ၏ ထူးခြားသည့် အပြုအမူကို သတိထားမိရာမှ စတင်ခဲ့သည်။ ဆိတ်တွေမှာ အခါတိုင်းနေ့များကဲ့သို့ မဟုတ်ဘဲ မြူးထူးခုန်ပေါက် ကစားနေကြသည်။ သူက ဆိတ်များစားနေသော အနီရောင်သစ်သီးများ စားကြည့်လိုက်သည်။ သူကိုယ်တိုင် ပေါ့ပါးလန်းဆန်းပြီး အားအင်တိုးလာသည်ကို ခံစားရသည်။ ထိုမှတစ်ဆင့် ဘုန်းတော်ကြီး တစ်ပါးကလည်း ထိုအနီရောင် သစ်သီးကလေးများကို ခူးဆွတ်လာခဲ့သည်။ ကျောင်းရောက်သည့်အခါ အသီးများ ခြောက်နေသည်။ အသီးခြောက်များကို မီးပုံထဲထည့်သည့်အခါ မွှေးပျံ့သော ရနံ့ထွက်လာသည်။ ထို့ကြောင့် အစေ့များကိုကြိတ်ခွဲပြီး ရေနွေးနှင့် ဖျော်သောက်ကြည့်သည်။ အင်အားပြည့်ပြီး စိတ်ကြည်လင် လန်းဆန်းလာသည့်အတွက် အခြားသော ဘုန်းတော်ကြီးများကို ဝေမျှပေးခဲ့သည်။ ဘုန်းတော်ကြီးများမှာ ညဘက် စာတွေရွတ်ဖတ်သည့်အခါ မအိပ်ချင်ဘဲ ကြည်ကြည်လင်လင် ရှိနေသောကြောင့် နေ့စဉ်သောက်သုံးဖြစ်ကြသည်။ ဤသည်မှ စ၍ ကော်ဖီကို တစ်ကမ္ဘာလုံး သောက်သုံးနေခြင်းဖြစ်သည်။ ကော်ဖီကောင်းတစ်ခွက် ရရှိရန်မှာ အချိန်အဆ၊ အမှုန့်ကြိတ်ခြင်း၊ ရေနှင့် လတ်ဆတ်မှုတို့ လိုအပ်လှသည်။ မြန်မာ့ကော်ဖီသည် ပြည်ပဈေးကွက်တွင် ဈေးကွက်ပိုမို ကျယ်ပြန့်စေရန်မှာ ကော်ဖီနှင့် ဆက်နွှယ်လျက်ရှိသော လုပ်ငန်းရှင်များ၊ လုပ်အားရှင်များ အားလုံးက နိုင်ငံချစ်စိတ်ဖြင့် ကြိုးစားကြရမည်ဖြစ်ပါကြောင်း။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)