အာဆင်နယ်အသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ် အသင်းက ရောင်းချရန် ပြင်ဆင်နေသည့် တိုက်စစ်မှူး အဆန်စီယိုကို ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက အူဘာမီယန်းကို လက်လွှတ်ခဲ့ရသကဲ့သို့ ယခုဘောလုံးရာသီအကုန်တွင်လည်း ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်သည့် လာကာဇက်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ်ရှိနေသည့် အခြေအနေကြောင့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် အဆန်စီယိုသည် ၂၀၁၅ ခုနှစ်က မာယော့ကာအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပထမဆုံးဘောလုံး ရာသီတွင်ပင် အက်စ်ပန်ညိုအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်သည်။
ထို့နောက် ၂၀၁၆ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့ပြီးနောက် ကစားသမားဘ၀ အစပိုင်းက အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သော်လည်း နောက်ပိုင်းဘောလုံးရာသီများတွင် ဒဏ်ရာပြဿနာ များကြောင့် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက ပုံမှန်ပွဲထွက်ခွင့် မရရှိသည့်အတွက် အသင်းမှ ထွက်ခွာရန် ပြင်ဆင်ခဲ့သူဖြစ်သည်။
ယခုဘောလုံးရာသီတွင်လည်း နည်းပြအန်ဆယ် လော့တီလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိ သည့်အတွက် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိနိုင်သည့် အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
လက်ရှိတွင် အာဆင်နယ်အသင်းနှင့် အဆန်စီယိုတို့ကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားရာ ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာ ကျန်ရှိတော့ပြီး အနည်းဆုံး ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ခန့်အထိ ပေးချေရဖွယ် ရှိနေကြောင်း သိရသည်။
Ref;Football London