(၃၁) ကြိမ်မြောက်ဆီးဂိမ်းအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ယူအေအီးနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်လျက်ရှိ

ဗီယက်နမ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အတွက်  မြန်မာ့လက်ရွေးစင် ယူ- ၂၃ အသင်းသည်  ဧပြီ  ၁၇  ရက်က ယူအေအီးနိုင်ငံသို့ထွက်ခွာခဲ့ပြီး ယူအေအီးနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်လျက် ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ပဏာမလက်ရွေးစင်ကစားသမား ၂၆ ဦး၊ အုပ်ချုပ်သူ၊   နည်းပြအဖွဲ့ဝင်  ကိုးဦးဖြင့် ဖွဲ့စည်းထားပြီး အသင်းနည်းပြချုပ်အဖြစ်  ပိုပေါ့က တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

ဆီးဂိမ်းသည် အသက်  ၂၃   နှစ်အောက်ပြိုင်ပွဲဖြစ်သော်လည်း   သက်ကျော်ကစားသမားသုံးဦး  ထည့်သွင်း ကစားခွင့်ပြုထားရာ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းတွင်    သက်ကျော်ကစားသမားလေးဦးကို ပဏာမလက်ရွေးစင်အဖြစ်   ထည့်သွင်းရွေးချယ်ထားသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ ပဏာမကစားသမားစာရင်းတွင် ဂိုးသမား နေရာ၌  ပြည့်ဖြိုးသူ၊ သူရ‌ကျော်၊ ပြည့်ဖြိုး အောင်၊ အောင်ကိုလတ်၊ ခံစစ်ကစားသမား နေရာ၌  သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်း ဇေယျာလင်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ သက် ပိုင်‌ထွေး၊   အောင်ဝဏ္ဏစိုး၊  ရဲလင်းထက်၊ နောင်နောင်စိုး၊    ကွင်းလယ်ကစားသမား နေရာ၌  ဇော်ဝင်းသိန်း၊  လွင်မိုးအောင်၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ နန်းထိုက်ဇော်၊     ရန်ကျော်စိုး၊    အောင်နိုင်ဝင်း၊  တိုက်စစ်ကစားသမားနေရာ၌ ရဲရင့်အောင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ရာဇာအောင်နှင့်     သန်းပိုင်တို့ပါဝင်ပြီး ပဏာမကစားသမား စာရင်းအတွက် ကစားသမား ခုနစ်ဦး    ထပ်မံရွေးချယ်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်  ယူ-၂၃  အသင်းသည် ယူအေအီးနိုင်ငံ၌ ရက်သတ္တနှစ်ပတ် ခန့်နေထိုင်ကာ   စခန်းသွင်း လေ့ကျင့်မည်ဖြစ်ပြီး     လေ့ကျင့်ရေးကာလအတွင်း ယူအေအီးနိုင်ငံ အခြေစိုက် ကလပ်အသင်း တချို့နှင့်  ခြေစမ်း ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။      

 STA