ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ဆက်ဆံရေးကို ပိုမိုယိုယွင်းလာစေနိုင်သည့် နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုများ

နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍   အိမ်နီးချင်းနိုင်ငံများဖြစ်သည့်  ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများ ပိုမိုဖြစ်ပေါ်လာစေသည်ကို တွေ့ရသည်။

အာဖဂန်နစ္စတန် အစိုးရသည် ၎င်းတို့၏ နိုင်ငံပိုင်နက်အတွင်းသို့   စစ်သွေးကြွ အကြမ်းဖက်သမားများ ဝင်ရောက်လာပြီးနောက် နယ်စပ်ဖြတ်ကျော်၍ ပါကစ္စတန်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင် နေခြင်းကို တားဆီးရန်  ပျက်ကွက်လျက်ရှိကြောင်း   ပါကစ္စတန်အာဏာပိုင်များက    ပြီးခဲ့သည့် ရက်သတ္တပတ်က သတိပေး ပြောကြားလိုက်သည်။

ပါကစ္စတန်တပ်များသည်  ဒုက္ခသည်စခန်း တစ်ခုကို  ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အစ္စလာမ်မစ် အစွန်းရောက်များက စွပ်စွဲပြောဆိုပြီးနောက်  ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့များအပေါ်   တိုက်ခိုက်မှု ပိုမိုလုပ်ဆောင် လာစဉ် ပါကစ္စတန်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။  ပါကစ္စတန် တပ်များ၏ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၄၇ ဦးသေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန်အစိုးရက စွပ်စွဲထားသည်။

နှစ်နိုင်ငံကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ယခုအခါ လုံခြုံရေး အခြေအနေ    ယိုယွင်းလာသည်ကို တွေ့ရသည်။    

အကြမ်းဖက်သမားများသည် ခိုင်ဘာပတ်တွန်ခါဝါပြည်နယ်အတွင်းရှိ  မြောက်ဝါဇီရစ္စတန်ခရိုင်အတွင်း ပါကစ္စတန်စစ်သည်များ လိုက်ပါလာသည့် ယာဉ်တန်းကို ဧပြီ ၁၄ ရက်က တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် စစ်သည်ခုနစ်ဦး သေဆုံးခဲ့သည်။

အဆိုပါပြည်နယ်သည် ပါကစ္စတန်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသဖြစ်သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပါကစ္စတန်တပ်ဖွဲ့များက   ပြန်လည်တိုက်ခိုက်ရာ  အကြမ်းဖက် အဖွဲ့ဝင်လေးဦးကို  ချေမှုန်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက် မီဒီယာတစ်ခုက  ထုတ်ပြန်ထားသည်။

အလားတူ နှစ်နိုင်ငံနယ်စပ် ဒေသ၌ ပြီးခဲ့သည့်လအတွင်းက ဖြစ်ပွားခဲ့သော  အပြန်အလှန် တိုက်ခိုက်မှု အတွင်း၌လည်း ပါကစ္စတန်စစ်သည်နှစ်ဦး သေဆုံးခဲ့သည်။ ပါကစ္စတန်စစ်သည်များအား အဓိကထား တိုက်ခိုက်ခဲ့သော တိုက်ခိုက်မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း   ပါကစ္စတန် တာလီဘန်အဖွဲ့  ဖြစ်သည့် တေရစ်အီတာလီဘန်(TTP)အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းအဖွဲ့သည် ပါကစ္စတန်တာလီဘန်ဟုလည်း ထင်ရှားသည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။   ယင်းနောက်ပိုင်းမှစ၍ ပါကစ္စတန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ ပါကစ္စတန်တပ်များသည် အာဖဂန်နစ္စတန်နိုင်ငံ      ခို့ပြည်နယ်အတွင်းရှိ ဒေသတချို့၌  လေကြောင်းမှတိုက်ခိုက်

မှုများ လုပ်ဆောင်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်နစ္စတန် အရပ်သား ၄၀ ကျော် သေဆုံးခဲ့သည်ဟု အာဖဂန်နစ္စတန်မီဒီယာများက ထုတ်ပြန်ထားသည်။ သေဆုံးသူ အများစုမှာ ပါကစ္စတန်မျိုးနွယ်စုများဖြစ်ပြီး  ၎င်းတို့သည် နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးလာရသည့်  ဒုက္ခသည်များဖြစ်သည်ဟု  အာဖဂန်နစ္စတန်အစိုးရက ဆိုသည်။  လက်ရှိတွင် အာဖဂန်နစ္စတန် အစိုးရအဖွဲ့မှာ တာလီဘန်စစ်သွေးကြွများဖြစ်သည်။

နှစ်နိုင်ငံကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍    ကန့်ကွက်ရန် အာဖဂန်နစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပါကစ္စတန်သံအမတ် မန်ဆူအာအာမက်ခန်းအား   ဆင့်ခေါ်ခဲ့ရသည်ကို တွေ့ရသည်။ ပါကစ္စတန်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များသည်  အာဖဂန်နစ္စတန်နိုင်ငံ၏   အချုပ်အခြာပိုင်ဆိုင်မှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း  အာဖဂန်နစ္စတန်အစိုးရက တုံ့ပြန်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နှင့်   နယ်စပ်ချင်းထိစပ်နေသည့်    ပါကစ္စတန်နိုင်ငံ၏ နယ်မြေတချို့မှာ အယ်လ်ကိုင်ဒါ၊ ISS-K၊ TTPနှင့် တခြားစစ်သွေးကြွ အဖွဲ့အစည်းများ ခိုအောင်းရာဒေသများ ဖြစ်သည်ဟု အများက သတ်မှတ်ထားသည်။   တာလီဘန်စစ်သွေးကြွအဖွဲ့သည် အာဖဂန်နစ္စတန် အစိုးရတပ်များအား တိုက်ခိုက်ပြီးနောက် တစ်နိုင်ငံလုံး နီးပါးကို သိမ်းပိုက်ပြီး   ယာယီအစိုးရဖွဲ့စည်း နိုင်ခဲ့သော်လည်း    တခြားသော   အကြမ်းဖက် အဖွဲ့အစည်းများ၏    အန္တရာယ်နှင့်ခြိမ်းခြောက်မှုကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

အကြောင်းမှာ  နိုင်ငံ၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟုဆိုနိုင်သည်။ ထို့ကြောင့် TTP အဖွဲ့ဝင်များသည် အာဖဂန်နစ္စတန်နယ်စပ်ဒေသများ၌ အခြေပြုထားပြီး ပါကစ္စတန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ပြီး အာဖဂန်နစ္စတန်၏ ပိုင်နက်အတွင်းသို့ ထွက်ပြေးခိုလှုံနေသည်ဟု ပါကစ္စတန်က ဆိုခြင်း ဖြစ်သည်။

သို့သော် ပါကစ္စတန်ကလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အပြစ်မဲ့သည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသားအများအပြား သေဆုံးခဲ့ကြောင်း၊ အပြန်အလှန် တိုက်ခိုက်မှုများအတွက် အာဖဂန်နစ္စတန်အပေါ် အပြစ်တင်နေခြင်းသည် နှစ်နိုင်ငံကြား   မယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ပြဿနာကို ဖြေရှင်းခြင်း မဟုတ်ကြောင်း ကာတာနိုင်ငံ ဒိုဟာမြို့၌အခြေစိုက်သည့်   အာဖဂန်နစ္စတန်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးရှာဟင်းက ပြန်လည် ပြောကြားထားသည်။

ဆူဟေးရှာဟင်းသည် အာဖဂန်နစ္စတန်အစိုးရက   ၎င်းင်းအား  ကုလသမဂ္ဂဆိုင်ရာ   အာဖဂန်နစ္စတန်သံအမတ် အဖြစ်ခန့်အပ်ရန် စီစဉ်ထားခြင်း ခံရသူဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ အစွန်းရောက်များကို ယခင်က နိုင်ငံအတွင်း ခိုလှုံခွင့်ပြုခဲ့သော နိုင်ငံတစ်နိုင်ငံအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခြင်း ခံထားရသည့်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ထို့ကြောင့် နှစ်နိုင်ငံကြား လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို လေ့လာမည်ဆိုပါက တစ်ချိန်က အကြမ်းဖက်ဝါဒနှင့်အစွန်းရောက်ဝါဒကို ထောက်ခံအားပေးခြင်းကြောင့် ထွက်ပေါ်လာသည့် အကျိုးဆက်များဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော်၍ လုပ်ဆောင်သည့်  အကြမ်းဖက်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပိုမိုယိုယွင်းလာမည့် အခြေအနေတွင် ရှိနေကြောင်း ရေးသား တင်ပြလိုက် ရပါသည်။      ။

Ref: Themedialine